ဧရာဝတီ မြစ်ရေမြင့်တက်နေသဖြင့် မြန်မာနိုင်ငံအထက်ပိုင်းရှိ ဒေသအသီးသီးမှ လူဦးရေ ၂၅,၀၀၀ ကျော် ရေဘေးသင့် လျက်ရှိပြီး ရေလွတ်ရာသို့ ရွှေ့ပြောင်း ထားရကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။
ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၏ ဇူလိုင် ၂၃ ရက်နေ့က ရရှိထားသည့် အချက်အလက်များအရ ကချင် ပြည်နယ်တွင် လူဦးရေ ၄၇၀၀၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် လူဦးရေ ၂၅၀၀ ကျော်၊ မကွေးတိုင်းဒေသကြီးတွင် လူဦးရေ ၆၉၁ ဦးနှင့် မန္တလေးတိုင်းဒေသကြီးတွင် လူဦးရေ ၁၇၆၀၀ ကျော် ရေဘေးသင့်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက “ဇူလိုင် ၁ ရက်နေ့ကနေစပြီးတော့ အိမ်ထောင်စု ၆၇၀၀ ကျော်ရှိတယ်။ လူဦးရေက ၂၆၀၀၀ ကျော် ရှိတာပေါ့။ အဲဒီထဲကမှ မြစ်ကြီးနားတို့ ဝိုင်းမော်တို့က စခန်းတွေ ပိတ်ပြီးတော့ အိမ်တွေ ပြန်ကုန် ကြပြီ။ အခု တိုင်းနဲ့ ပြည်နယ် ၄ နေရာနဲ့ အရေအတွက်ကတော့ မနေ့ကထိ ရှိတဲ့ အရေအတွက်တွေပါ” ဟု ပြောသည်။
ရေဘေးသင့် ပြည်သူများကို ရွှေ့ပြောင်းပေးထားသည့် နေရာများမှာ ကချင်ပြည်နယ်တွင် ရေဘေးရှောင်နေရာ ၂၀ ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ရေဘေးရှောင်နေရာ ၁၄ နေရာ၊ မကွေးတိုင်းဒေသကြီးတွင် ရေဘေးရှောင်နေရာ ၉ နေရာ နှင့် မန္တလေးတိုင်းဒေသကြီးတွင် ရေဘေးရှောင် ၃၅ နေရာ ဖြစ်သည်။
လက်ရှိတွင် ရေဘေးကြောင့် ပြောင်းရွှေ့ရသူများကို ဆန်ရိက္ခာနှင့် COVID – 19 ကာကွယ်ရန် မျက်နှာဖုံးနှင့် ဆပ်ပြာများ၊ နေအိမ်ပျက်ဆီးပါက အိမ်ဆောက်ပစ္စည်းနှင့် ကယ်ဆယ်ရေးများထောက်ပံ့မှုများ ပြုလုပ်နေပြီး စုစုပေါင်း ကျပ်သိန်း ၈၀၀ ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။
ဧရာဝတီမြစ်ရေသည် ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်တို့သည် စိုးရိမ်ရေမှတ်နား ရောက်ရှိနိုင်သဖြင့် စောင့်ကြည့်ရမည်ဖြစ်ပြီး ကသာမြို့တွင် စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် ၇ စင်တီမီတာသာ လိုတော့ကြောင်း၊ ရွှေဂူမြို့နယ်တွင် စိုးရိမ်ရေအမှတ်ထက် ၉၃၀ စင်တီမီတာသို့ကျော်ကာ ၉၄၂ စင်တီမီတာသို့ လည်းကောင်း၊ အလားတူ ထီးချိုင့်မြို့နယ်တွင် စိုးရိမ်ရေအမှတ် ၇၄၀ စင်တီမီတာ အထက် ၉ စင်တီမီတာ ကျော်လွန်နေကြောင်း၊ မြစ်အထက်မြို့များမှ ရေများ စီးဆင်း လာမည် ဖြစ်သဖြင့် မြစ်အောက်ပိုင်းမြို့များတွင် ရေကြီးမည့် အန္တရာယ်ကို သတိထားစောင့်ကြည့်ရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလေဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
အဆိုပါ ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက “အောက်ကစခန်းတွေက ရေတက်လာနိုင်ခြေရှိတဲ့ အနေအထားပေါ့။ အထက်က စိုးရိမ်ရေ အမှတ်ရောက်နေတဲ့ စခန်းတွေကနေ ဆင်းလာတဲ့ရေတွေက အောက်ရောက်မယ့် အနေအထားမျိုး ရှိတယ်။ ရှိတဲ့ အခါကျတော့ စိုးရိမ်ရေ အမှတ်ကို တချို့က အနည်းငယ်ကျော်နိုင်တယ်။ စိုးရိမ်ရေအမှတ် အနီးအနား ရောက်သွားနိုင်တဲ့ အတွက် သတိပြုဖို့ လိုတယ်”ဟု ပြောသည်။
ချင်းတွင်းမြစ်ရေသည်လည်း စိုးရိမ်ရေမှတ်အထက် ၁ ပေနီးပါး ကျော်နေရာ ဟုမ္မလင်းမြို့တွင် ဆက်လက်မြင့်တက်မည့် အခြေအနေ ရှိပြီး ကလေးဝ၊ မော်လိုက်၊ ကန္နီ၊ မုံရွာတို့တွင် စိုးရိမ်ရေမှတ်ကို ရောက်ရှိရန် လိုသေးကြောင်း မိုး/ဇလမှ သိရသည်။ ကျန်မြစ်များတွင်မူ စိုးရိမ်ရေအမှတ်သို့ရောက် ရှိနိုင်မည့် အခြေအနေမရှိသေးကြောင်း မိုးဇလက ထုတ်ပြန်သည်။
ဆက်စပ်ဖတ်ရှုရန် –
ကသာတွင် ဧရာဝတီမြစ်ရေတက်၍ အိမ်ခြေ ၁၃၀ ခန့် ပြောင်းရွှေ့