သတင်း

ကူးစက်လာသည့် အမေရိကန်နှင့် တရုတ် ပဋိပက္ခ မြန်မာ အားမပေး

တောင်တရုတ်ပင်လယ်အရေးမှတဆင့် မြန်မာနိုင်ငံသို့ ကူးစက်လာနေသည့် တရုတ်နှင့် အမေရိကန် ပြည်ထောင်စုတို့၏ ပဋိပက္ခ ရန်ပွဲတွင် မြန်မာနိုင်ငံက မည့်သည့်ဘက်မှ မလိုက်ဘဲ ကြားနေလိုသည့် သဘောထားရှိကြောင်း နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ထုတ်ဖော်ပြောကြားသည်။

မြန်မာနိုင်ငံသည် အင်အားကြီးနိုင်ငံများ အပါအဝင် အားလုံးနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို တိုးမြင့်လာစေမည့် တကမာ္ဘလုံး တည်ငြိမ်အေးချမ်းမှုကို ပိုမိုမြင့်တင်နိုင်စေမယ့် အခန်းကဏ္ဍမျိုးကသာ ပါဝင်ဆောင်ရွက်လိုကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးဟန်က ပြောသည်။

“အထူးသဖြင့်တော့ အခုလို ကိုဗစ်-19 လို ကပ်ရောဂါနဲ့ တကမာ္ဘလုံး ရင်ဆိုင်နေရချိန်မှာ စိန်ခေါ်မှုတွေနဲ့ ပြည့်နေတဲ့ အခက် အခဲတွေနဲ့ ပြည့်နေတဲ့ကာလမှာ မြန်မာပြည်သူတွေ အပါအဝင် တကမာ္ဘလုံးက ပြည်သူတွေရဲ့ ဘဝတွေကို ပိုမို ခက်ခဲလာစေမယ့် ပဋိပက္ခတွေ မဖြစ်ပွားစေရေးကို ပိုမိုအလေးပေးဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်”ဟု ယင်းဝန်ကြီးဌာန၏ အမြဲတန်း အတွင်းဝန် ဦးစိုးဟန်က ပြောသည်။

ပြီးခဲ့သည့် ၄ ရက်က ရန်ကုန်မြို့ ရှိ အမေရိကန် သံရုံး၏ တရားဝင် လူမှုကွန်ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံး ၏ ယာယီတာဝန်ခံ ဂျော့ချ်အန်ဆစ်ဘီကိုယ်တိုင် ရေးသားထားသည့် မြန်မာပြည်တွင်းရှိ တရုတ်အကျိုးစီးပွားများကို ဆန့်ကျင်သည့် ဆောင်းပါးတပုဒ်ကို ဖော်ပြခဲ့သည်။

ယင်းဆောင်းပါးတွင် တရုတ်သည် ၎င်းနှင့် နီးကပ်လျက်ရှိသည့် မြန်မာနိုင်ငံကို စိတ်အနှောက်အယှက် ဖြစ်စေရန်၊ ခြိမ်းခြောက်ရန်နှင့် အချုပ်အခြာအာဏာကို ထိပါးသည့် အလားတူ အပြုအမူကို အသုံးချလျက် ရှိနေသည်ဟု ဖော်ပြခဲ့သည်။

ထို့ပြင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် တောင်တရုတ်ပင်လယ်အတွင်းမှ အာဆီယံနိုင်ငံများ၏ အချုပ်အခြာ အာဏာကို အနှောင့်အယှက် ဖြစ်စေမည့် မကြံစဖူး လှုပ်ရှားမှုကိုလည်း ဆက်၍ လုပ်ဆောင်နေခဲ့သည်ဟုလည်း ရေးသားခဲ့သည်။

ယင်းဆောင်းပါးကို ၎င်းတို့၏ သံရုံး လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြမှုအပြီး နာရီပိုင်း အကြာတွင် တရုတ်တို့ဘက်ကလည်း ရန်ကုန် အခြေစိုက် တရုတ်သံရုံး၏ လူမှုကွန်ရက် စာမျက်နှာမှတဆင့် ဒေါသတကြီး ပြန်လည် တုန့်ပြန်ခဲ့သည်။

ရန်ကုန်မြို့ အမေရိကန် သံရုံး ယာယီတာဝန်ခံ၏ ဆောင်းပါးသည် တရုတ်နိုင်ငံအပေါ် တမင်သက်သက် နာမည်ဖျက် တိုက်ခိုက်ရုံ သာမက တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုနှင့် ၂ နိုင်ငံ ဆက်ဆံရေးကို တမင်တကာ သွေးခွဲခြင်းဟု ရန်ကုန်မြို့ ရှိ တရုတ်သံရုံးက ပြောဆိုခဲ့သည်။

“သူ့တပါးကို တည့်မတ်ပေးလိုပါက မိမိကိုယ်ကို တည့်မတ်အောင် ဦးစွာ လုပ်လိုက်ပါ။ အမေရိကန်နိုင်ငံသည် မိမိကိုယ်ကို မှန်ထဲ၌ အရင်ကြည့်လိုက်သင့်သည်။ ယခု အမေရိကန်၏ ပုံစာမှာ အင်အားကြီး နိုင်ငံနှင့် ဘယ်မှာတူတော့သနည်း”

ဟု ပြန်လည် ဝေဖန်ခဲ့သည်။

အမေရိကန်နှင့် တရုတ်နိုင်ငံ၏ သံရုံး ၂ ခုစလုံးက မြန်မာပြည် အကျိုးကို လိုလားကြောင်း ပိုပိုသာသာ ထုတ်ပြန်ပြောဆိုခဲ့သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနကမူ တိုင်းပြည်၏ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေနဲ့ နိုင်ငံခြားရေး မူဝါဒအရ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သည့် မူဝါဒနှင့် အညီ ကမာ္ဘ့ နိုင်ငံ အားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးကို လွတ်လပ်ရေး၊ အချုပ်အခြာ အာဏာပိုင်စိုးမှု၊ အကျိုးစီးပွား မထိခိုက်စေရေး ရည်မှန်းချက်များနှင့် အညီ ဆောင်ရွက်နေသည်ဟု ပြောသည်။

မြန်မာနိုင်ငံသည် ၁၉၄၈ လွတ်လပ်ရေး ရရှိပြီးကာလ၊ ယခင် စစ်အေးတိုက်ပွဲ ကာလ၊ စစ်အေး တိုက်ပွဲ ပြီးဆုံးသွားသည့် ကာလများတွင်ပါ အနီးအဝေးရှိ နိုင်ငံများ အားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး၊ အပြန်အလှန် ၂ ဦး ၂ ဖက် အကျိုးဖြစ်ထွန်းစေရေး မူများ အပေါ်တွင် အခြေခံသည့် ပူးပေါင်းဆောင်ရွက်မှုများကိုသာ ထိန်းသိမ်းထားရှိကြောင်း နိုင်ငံခြားရေး အဆင်မြင့် အရှာရှိတဦး ဖြစ်သူ ဦးစိုးဟန်က ပြောသည်။

“အင်အားကြီးတဲ့လူတွေ စစ်ရေးအရ အားပြိုင်မှုတွေ ပိုမိုပြင်းထန်လာစေမယ့် အားပေးအားမြောက်တဲ့ ဆောင်ရွက်မှုမျိုးကို အားမပေးဘူး။ အဲလိုပဲ ပဋိပက္ခတွေ အငြင်းပွားမှုတွေကို တွေ့ ဆုံဆွေးနွေးမှု၊ စေ့စပ်ညှိနှိုင်းမှုတွေကနေ တဆင့် အဖြေရှာကြရေးကိုလည်း အစဉ်အမြဲ တိုက်တွန်းနေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်”ဟု ဦးစိုးဟန်က ရှင်းပြသည်။

ထို့ကြောင့် မြန်မာနိုင်ငံ အနေဖြင့် အင်အားကြီးနိုင်ငံများကြား ဆက်ဆံရေး ကောင်းမွန်လာသည်ကို မြင်တွေ့ ကြောင်း၊ ယင်းသို့ ဆက်ဆံရေး ကောင်းမွန်ခြင်းသည် မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ အားလုံး၏ အကျိုးစီးပွားနှင့်လည်း ကိုက်ညီကြောင်း မြန်မာအစိုးရက ရှု့မြင်သည်။

ယင်းသည် နိုင်ငံခြားရေး ဝန်ကြီးလည်း ဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ဂျပန်နိုင်ငံသို့ သွားရောက်စဉ် ဂျပန်သတင်းစာ Nikkei Asian Review က တရုတ်၏ ကြီးထွားလာနေသော ဩဇာနှင့် ပတ်သက်၍ မေးသောအခါ လွတ်လပ်ရေးရပြီးချိန်မှစ၍ မြန်မာနိုင်ငံသည် သေးငယ်သည့် နိုင်ငံတခု ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှု မရှိသေးသည့် အပြင် ပထဝီအနေအထားအရ အိမ်နီးချင်းများအပေါ် ထားရှိသော မြန်မာ့နိုင်ငံခြားရေးမူဝါဒသည် အလွန်လက်တွေ့ကျပြီး အများနားလည်နိုင်သည့် မူဝါဒဟု ပြောဆိုခဲ့ခြင်းအပေါ်လည်း ရောင်ပြန်ဟပ်နေသည်။

COVID-19၊ ကုန်သွယ်ရေးစစ်ပွဲနှင့် ထောက်လှမ်းရေးဆိုင်ရာ အငြင်းပွားမှုများ အပါအဝင် အင်အားကြီးနိုင်ငံ ၂ ခု ကြား ကိစ္စအမျိုးမျိုးကြောင့် ဆက်ဆံရေး ယိုယွင်းနေသည့် အချိန်တွင် မြန်မာနိုင်ငံ၌ တရုတ်နှင့် အမေရိကန်ကြား အငြင်းပွားမှု ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်သည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ၎င်း၏ တရုတ်ဆန့်ကျင်ရေး မူဝါဒကို အမေရိကန် ရွေးကောက်ပွဲ မကျင်းပမီ နိုင်ငံတကာသို့ လှည့်ဖြန့်နေချိန်တွင် ရန်ကုန်ရှိ အမေရိကန် သံရုံးကလည်း ယင်းရပ်တည်မှုနောက်ကို လိုက်ရသည်ဟုလည်း နိုင်ငံရေး လေ့လာသုံးသပ်သူ စာရေးဆရာ ဦးသန်းစိုးနိုင်က သုံးသပ်သည်။

“အမေရိကန်က ဗမာပြည်နဲ့ ပတ်သက်တဲ့ ကိစ္စကို သူတို့ရဲ့ နိုင်ငံရေးသဘောထားတွေကို အကြောင်းပြုပြီးတော့ ဒီလို ပြဿနာ ရှာတာမျိုးကို မလုပ်သင့်ဘူး။ ဒါက သံတမန် ကျင့်ထုံးနဲ့လည်း မညီဘူး”

ဟု ဦးသန်းစိုးနိုင်က ပြောသည်။

၂၀၁၆ ခုနှစ်၊ ဇူလိုင်လတွင် The Hague ရှိ သမာဓိ ခုံရုံး တခုက တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်မှ (အငြင်းပွားနေသော ရေပြင်နှင့် ပတ်သက်၍) ပိုင်ဆိုင်မှု သမိုင်းကြောင်း မရှိကြောင်းနှင့် ၎င်း၏ လုပ်ရပ်သည် ဖိလစ်ပိုင်နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင် အခွင့်အရေးများကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည့် အချိန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရက သက်ဆိုင်သူများ အားလုံး အနေဖြင့် တင်းမာမှုများကို တိုးပွားစေနိုင်သည့် လုပ်ရပ်များနှင့် ခြိမ်းခြောက်မှုများ သို့မဟုတ် အင်အားသုံးမှုများကို ရှောင်ကြဉ်ရန် တိုက်တွန်းခဲ့သည်။

“ မြန်မာနိုင်ငံဟာ ပိုင်ဆိုင်ခွင် တောင်းဆိုထားတဲ့ နိုင်ငံတခု မဟုတ်ပေမယ့် တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပေါ် တိုး တက်မှုများကို ကျွန်ုပ်တို့ အလွန်အလေးထားပါတယ်။ ၁၉၈၂ ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလသမဂ္ဂ သဘောတူ ဆုံးဖြတ်ချက်များ အပါအဝင် အပြည်ပြည်ဆိုင်ရာ ဥပဒေရဲ့ အားလုံး အသိအမှတ်ပြုထားတဲ့ စည်းမျဉ်းစည်းကမ်းများနဲ့အညီ ရင်းနှီးဖော်ရွေစွာ ဆွေးနွေးမှုများ နဲ့ စေ့စပ်ညှိနှိုင်းမှုများမှ တဆင့် အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် ကြိုးပမ်းမှုများ အားလုံးကို ကျွန်ုပ်တို့ ထောက်ခံပြီးတော့ အဲဒီအတွက် အမြဲမပြတ် တောင်းဆိုနေခဲ့ပြီးဖြစ်ပါတယ်” ဟု ထိုအချိန်က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

You may also like these stories:

အမေရိကန်နဲ့ တရုတ် အပြန်အလှန် ကောင်စစ်ဝန်ရုံးများ ပိတ်ခိုင်း

အမေရိကန်နဲ့ တရုတ် ရန်ပွဲကြားမှာ မြန်မာ ကြိုးတန်းလမ်းလျှောက်နေရ

တရုတ်-အမေရိကန် စစ်အေးတိုက်ပွဲ ဘယ်လောက်ပြင်းမလဲ

အမေရိကန်ရဲ့ တောင်တရုတ်ပင်လယ် မူဝါဒ အပြောင်းအလဲ အာရှက သံသယနှင့် မျှော်လင့်ချက်များဖြင့် တုံ့ပြန်

Loading