၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်မည့်ရက် နီးလာသည်နှင့် အမျှ ရှမ်းပြည်နယ်ရှိ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၄ မြို့နယ်နှင့် မိုင်းလားမြို့တို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည့် အခြေအနေ မရှိကြောင်း ထင်ရှားလာသည်ဟု နိုင်ငံရေး သမားအချို့က ပြောဆိုနေကြသည်။
ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတွင် မြို့နယ် ၆ မြို့နယ်ရှိသည့် အနက် ၂ မြို့နယ်ကို အစိုးရက အုပ်ချုပ်ခွင့်ရပြီး ကျန်သည့် ၄ မြို့နယ်ကို ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ထိန်းချုပ်ထားသည်။
ပြီးခဲ့သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင်လည်း UWSA ထိန်းချုပ်ထားသည့် မိုင်းမော၊ ပန်ဝါ၊ ပန်ခမ်း (ပန်ဆန်း) နှင့် နားဖန်းမြို့များ၌ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ဘဲ အစိုးရ ထိန်းချုပ်မှုအောက်ရှိ ဟိုပန်နှင့် မက်မန်းမြို့နယ်များတွင်သာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သည်။
အလားတူ UWSA ထိန်းချုပ်နယ်မြေနှင့် ထိစပ်နေသည့် အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် (NDAA) ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း အထူး ဒေသ (၄) ရှိ မိုင်းလားမြို့တွင်လည်း ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပေ။
ယခုနှစ် မတ်လတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးလှသိန်းသည် UWSA ၏ ထိပ်တန်း ခေါင်းဆောင်များနှင့် UWSA ဌာနချုပ်ရှိရာ ပန်ဆန်းတွင် သွားရောက်တွေ့ဆုံခဲ့ပြီး ဝ ဒေသတွင် ရွေးကောက်ပွဲ ကျင်းပ နိုင်မည့် အခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
ထိုစဉ်က ရွေးကောက်ပွဲကျင်းပနိုင်ရေး တတ်နိုင်သမျှ ပူးပေါင်းပါမည်ဟု ဝ ဘက်က ပြောဆိုခဲ့သောကြောင့် UWSA ထိန်းချုပ်ထားသည့် ၄ မြို့နယ်၌ ရွေးကောက်ပွဲ ကျင်းပနိုင်မည့် အလားအလာရှိကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ခဲ့ကြဖူးသည်။
သို့သော် ရွေးကောက်ပွဲ ကျင်းပရန် ၄ လနီးပါးသာလိုတော့သည့် ဇူလိုင်လ တတိယပတ်အတွင်း အာဏာရနိုင်ငံရေးပါတီ NLD နှင့် ရှမ်းပြည်နယ် အခြေစိုက် နိုင်ငံရေးပါတီများက ကြေညာသော ကိုယ်စားလှယ်လောင်း အမည်စာရင်းတွင်မူ ဝ ဒေသ ၄ မြို့နယ်နှင့် မိုင်းလားမြို့တို့မှ တဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း ပါဝင်မှု မရှိခြင်းကို တွေ့ရသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်ကလည်း ဝ တိုင်းရှိ ၄ မြို့နယ် တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန်မှာ ဖြစ်နိုင်ခြေ နည်းကြောင်း ပြောသည်။
“အခုအာဏာရပါတီက သူတို့ရွေးကောက်ပွဲဝင်မယ့် စာရင်းကိုကြေညာပါတယ်။ UEC မကြေညာခင်ကတည်းက သူတို့က အဲဒီလိုထုတ်ပြန်နိုင်တယ်ဆိုကတည်းက နိမိတ်ပြသဘောပေါ့ဗျာ။ ကျန်တဲ့ ဝ ဒေသလိုဟာမျိုးက ဝင်ပြိုင်ဖို့ မရှိဘူးဆိုတော့ ။ ရွေးကောက်ပွဲလည်း ကျင်းပဖို့ မဖြစ်နိုင်ဘူးပေါ့” ဟု ၎င်းက ဆိုသည်။
SNLD အနေဖြင့်လည်း အဆိုပါ ၄ မြို့နယ်နှင့် မိုင်းလားမြို့နယ်တို့အတွက် ရည်ရွယ်၍ ကိုယ်စားလှယ်လောင်း ရွေးချယ် ထားခြင်း မရှိကြောင်း၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရှိ ဟိုပန်မြို့တွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တုန်းက ဝင်ရောက် ယှဉ်ပြိုင် ခဲ့ဖူးသော်လည်း လာမည့် ရွေးကောက်ပွဲအတွက်မူ ဟိုပန်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အမည် အဆိုပြုမှုပင် မရှိကြောင်း ဦးစိုင်းလိတ်က ရှင်းပြသည်။
မိုင်းလားမြို့တွင်လည်း အလားတူပင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ဖြစ်နိုင်ချေ နည်းနေသည်ဟု ၎င်းက ပြောသည်။
ဆက်လက်ပြီး ဦးစိုင်းလိတ်က “ဒါလည်းပဲ မဖြစ်နိုင်ဘူးလို့ မြင်ပါတယ်။ တကယ်လို့ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ် ဘယ်သူ၊ ဘာညာရွေးတာ ပြုတာက အသံတွေကြားရမှာပေါ့။ အခုချိန်ထိ အသံမကြားရတော့ ဖြစ်လိမ့်မယ် မထင်ဘူး” ဟု မှတ်ချက်ပေးသည်။
NLD ပါတီ ဘက်ကမူ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရှိ ဟိုပန်မြို့တွင်သာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းကို ရွေးချယ်ထားသည်ဟု ဆိုသည်။
“ဒီ ဝ ဒေသမှာ ဟိုပန်မှာတော့ ကျနော်တို့ ဝင်ပြိုင်မယ်။ ဟိုပန်က ဝင်ပြိုင်မယ့်သူကို မြို့နယ်က ဝ လူမျိုးတွေကိုယ်တိုင် ရွေးထားတာပါ” ဟု ရှမ်းပြည်နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးဇော်မင်းလတ်က ပြောသည်။
ကိုယ်စားလှယ်လောင်း အမည်စာရင်းတွင် ဝ ဒေသ ၄ မြို့နယ်နှင့် မိုင်းလားအတွက် အမည်စာရင်းမပါခြင်းမှာ ရွေးကောက် ပွဲ ကျင်းပနိုင်မည့် အခြေအနေ မရှိသဖြင့် မပါရခြင်းလားဟု ဦးဇော်မင်းလတ်ထံ ဧရာဝတီက မေးမြန်းကြည့်ရာ “အခြေ အနေ အရပေါ့။ လောလောဆယ်တော့ မပါဘူးပေါ့။ ပြိုင်မယ်ဆိုလည်း ကျနော်တို့ ကိုယ်စားလှယ်လောင်း ရအောင်ရှာပြီး ပြိုင်မှာဖြစ်ပါတယ်” ဟု ဆိုသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း ဝ နှင့် မိုင်းလားတွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည့် အခြေအနေနှင့် ပတ်သက်၍ တိတိကျကျ မပြောဆိုနိုင်သေးဘဲ နောက်ပိုင်းတွင် သတင်းထုတ်ပြန်ပေးသွားမည်ဟုသာ ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ကတော့ အားလုံးကို မဲဆန္ဒနယ်တွေမှာ ကျင်းပစေချင်တာပေါ့။ ကျင်းပဖို့လည်း တာဝန်ရှိတယ်။ ကျင်းပဖို့လည်း ထုတ်ပြန်ကြေညာပြီးပြီ။ ထုတ်ပြန်ပြီးတဲ့နောက်မှာ ဥပဒေအရ မဲဆန္ဒနယ် တချို့မှာ သဘာဝ ဘေးအန္တရာယ်ကြောင့်ဖြစ်စေ ၊ လုံခြုံရေးအရ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်ရင်လည်း ရွှေ့ဆိုင်းထားနိုင်တာပေါ့။ အခုကတော့ ကျနော်တို့ ဆိုင်ရာတွေနဲ့ ညှိနှိုင်းနေတာပေါ့” ဟု UEC မှ အမည်မဖော်လိုသည့် အရာရှိတဦးက ပြောသည်။
ဝ နိုင်ငံရေးပါတီ ၃ ခုပေါင်းစည်းထားသော ဝ အမျိုးသာားပါတီ (WNP)ကလည်း ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရှိ မြို့နယ် ၄ မြို့နယ်အတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ရန် မရှိကြောင်း ဆိုပြန်သည်။
WNP ဥက္ကဋ္ဌ ဦးဆိုင်းပေါင်းနပ် က “အဲဒီ ၄ မြို့နယ်အတွက် လျာမထားဘူး မဖြစ်နိုင်ဘူးလို့ ကျနော်တို့သိတာပေါ့။ သိတယ်ဆိုတာက အချိန်က တအား နီးကပ်နေပြီ။ ဘာမှ ပြင်ဆင်မှုမရှိဘူး” ဟု ပြောသည်။
WNP အနေဖြင့် ၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သည့် ဟိုပန်မြို့နယ်နှင့် မက်မန်းမြို့နယ်တို့ အတွက်သာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း၊ ဟိုပန်နှင့် မက်မန်းမြို့နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်လောင်းများကိုလည်း ရွေးချယ်ရန် ပြင်ဆင်နေကြောင်း ၎င်းက ဆိုသည်။
ဆက်လက်ပြီး ဦးဆိုင်းပေါင်းနပ်က “ဟိုပန်မြို့နယ်မှာ ၃ နေရာ၊ မက်မန်းမှာ ၃ နေရာ၊ နောက်ပြီးတော့မှ အမျိုးသား လွှတ်တော်လည်း ဝင်ရောက်ယှဉ်ပြိုင်မယ်။ အဲဒီ ၇ နေရာတော့ သေချာသလောက်တော့ ရှိပါတယ်” ဟု ရှင်းပြသည်။
နိုင်ငံရေးလေ့လာသုံးသပ်သည့် ဦးရဲထွန်းကလည်း ဝ နှင့် မိုင်းလားမြို့နယ်တို့တွင် ရွေးကောက်ပွဲ ကျင်းပရန် သေချာပါက မဲစာရင်းပြုစုခြင်းနှင့် လူဦးရေစာရင်း ပြုစုခြင်းကို ယခုကတည်းက ဆောင်ရွက်သင့်နေပြီဖြစ်သော်လည်း UEC ဘက်က လုပ်ကိုင်ဆောင်ရွက်မှုများ မတွေ့ရသေးဟု ထောက်ပြသည်။
၎င်းက “ကြိုပြီးတော့ ပြင်ဆင်မှုရှိရင်တော့ ကောင်းမယ်။ ကပ်မှ ဆိုရင်တော့ မလွယ်ဘူးပေါ့။ လက်ရှိအချိန်မှာ ကောက်ချက်ချရရင် ရွေးကောက်ပွဲ ကျင်းပဖြစ်ဖို့ ဆိုတာက မရေရာသေးဘူးပေါ့” ဟု ပြောသည်။
မိုင်းလားအဖွဲ့သည်လည်း UWSA ၏ ခြေလှမ်းကို စောင့်ကြည့်နေပြီး UWSA ထိန်းချုပ်ထားသော ၄ မြို့နယ်တွင် ရွေးကောက်ပွဲ မကျင်းပဖြစ်ပါက ၎င်းတို့လည်း ရွေးကောက်ပွဲ ကျင်းပရန် ခွင့်ပြုလိမ့်မည် မဟုတ်ကြောင်း ဦးရဲထွန်းက ဆိုသည်။
၎င်းက “ရှေ့က UWSA က လုပ်ပြရင်တောင်မှ သူတောင်းတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အခွင့်အရေး မရရင်၊ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ အခါဒေသ အဲဒါမျိုးမရရင် လုပ်ချင်ပါ့မလားပေါ့။ အဲဒါတွေက ရှိသေးတယ်။ မိုင်းလားက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် မသတ်မှတ်ထားသေးဘူး” ဟု ဆိုသည်။
UWSA ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးညီရန်းကလည်း ဝ ဒေသတွင်ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကိစ္စနှင့် ပတ်သက်၍ UWSA ဌာနချုပ်ထံမှ မည်သည့် သတင်းမှ မသိရသေးကြောင်းဆိုသည်။ ထို့အတူ NDAA ဗဟိုကော်မတီဝင် ဦးကြည်မြင့် ကလည်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် NDAA နှင့် UEC တို့အကြား ဆွေးနွေးမှု တခုမျှမရှိဟု ပြောသည်။
ဝ နှင့် မိုင်းလားဒေသတို့သည် ပြည်ထောင်စုအစိုးရ၏ အစိုးမရသော ဒေသများဖြစ်နေရာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက် UEC နှင့် ဒေသအာဏာပိုင်တို့အကြား အကြိတ်အနယ် ညှိနှိုင်း ဆွေးနွေးမှုများ လိုအပ်ပေသည်။
ဆက်စပ်လင့်
ဝ အမျိုးသားပါတီ ရွေးကောက်ပွဲ ဝင်ဖို့ ဘာတွေ ပြင်ဆင်နေလဲ
သုံးပါတီပိုင် ပစ္စည်းများ “၀”အမျိုးသားပါတီ ပိုင်အဖြစ် ပြောင်းရန် UEC ပြော
ဝ ဒေသမှာ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်မှာလား
ဝတောင်တန်းပေါ် UWSA အင်အားပြနေသည်