သတင်း

ရခိုင် စစ်တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ် နယ်စပ်ရေးရာ ဒု-ဝန်ကြီး ဖြစ်လာ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်ကို အဓိကတာဝန်ယူရသည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) အစိုးရ အဖွဲ့ တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ ဒုတိယ ဝန်ကြီးအဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။

ဇူလိုင်လ ၂၇ ရက်နေ့က ထုတ်ပြန်သည့် သမ္မတ ဦးဝင်းမြင့်၏ အမိန့်ကြေညာချက်တွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် ဖုန်းမြတ်ကို နယ်စပ်ရေးရာ ဒုတိယ ဝန်ကြီး အဖြစ် ခန့်အပ်ကြောင်း၊ လက်ရှိ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်ကို မူလ စစ်ဘက်တာဝန်များ ထမ်းဆောင်စေမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေအရ ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ ဒုဝန်ကြီးများကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းရခြင်း ဖြစ်ပြီး သမ္မတက အတည်ပြု ခန့်အပ်ရသည်။

“နပခတိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ်ကို နယ်စပ်ရေးရာမှာ ဒုဝန်ကြီး ခန့်လိုက်တယ်။ ဘယ်လိုကြောင့် ရွှေ့ တာလဲဆိုတော့ လို အပ်ချက်ကြောင့်ပါပဲ။ အရင်တခါကလည်း ပြည်ထဲရေးက ဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူနေရာကို လိုအပ်ချက်အရ တပ်က တယောက်ခန့်လိုက်တယ်။ အဲဒါမျိုးကလည်း လိုအပ်ချက်အရပဲ”ဟု တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောသည်။

ဗိုလ်ချုပ်ဖုန်းမြတ်၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး (ရခိုင် စစ်တိုင်းမှူး)နေရာသို့ စစ်တက္ကသိုလ် အပတ် စဉ် ၃၅ မှ လက်ရှိ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ် ထင်လတ်ဦးဆိုသူ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ မေလက တပ်မတော်မှ ရခိုင်ပြည်နယ် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ် ချုပ် စိုးတင့်နိုင်နှင့် အနောက်မြောက်ပိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ်တို့ကို နေရာချင်း လဲလှယ်လိုက်ခဲ့ရာ ထို စဉ်က စစ်ရေးလိုအပ်ချက်အရ တိုက်ရိုက်နေရာ ပြောင်းလိုက်ခြင်း ဖြစ်သည်ဟု တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သတင်းထောက်များကို ပြောဆိုခဲ့ဖူးသည်။

နယ်စပ်ရေးရာ ဒုတိယ ဝန်ကြီး ဖြစ်လာသူ ဗိုလ်ချုပ်ဖုန်းမြတ်သည် အသက် ၅၆ ဝန်းကျင် ဖြစ်ပြီး တပ်မ​တော်(ကြည်း) ဗိုလ်သင်တန်း​ကျောင်း OTS-၇၃ မှ ဖြစ်ကြောင်း၊ ရခိုင်စစ်တိုင်းမှူး မတိုင်မီ ၂၀၁၇ ခုနှစ်တွင် အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ၂၀၁၉ ခုနှစ်တွင် အနောက် မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတာဝန်များကို ထမ်းဆောင်ခဲ့သူတဦး ဖြစ်သည်။

တပ်ချုပ်က အမည်စာရင်း တင်သွင်းခဲ့သည့် တပ်မတော်မှ ဝန်ကြီး ၃ ဦး (ဓာတ်ပုံ – ထက်နိုင်ဇော်/ဧရာဝတီ)

OTS – ၇၃ တွင် လူပေါင်း ၁၅၀ ကျော်ရှိရာ ၎င်းတို့ထဲမှာ တိုင်းမှူး ၂ ဦး ထွက်ပြီး ကျန်တဦးမှာ လက်ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ယူထားသူ ဗိုလ်ချုပ် တေဇာကျော် ဖြစ်သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းရသည့် ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ၃ ခုတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ကြီး၊ ဒုတိယ ဝန်ကြီး ၆ ဦး ရှိသည်။

ယင်း ၆ ဦးထဲတွင် ကာကွယ်ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ကာကွယ်ရေး ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်နှင့် နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်တို့ ၃ ဦးမှ လွဲရန် ကျန်သည့် ဝန်ကြီး၊ ဒု-ဝန်ကြီး အပြောင်းအလဲ ရှိခဲ့သည်။

ပထမဆုံး အပြောင်းအလဲ ရှိသူမှာ ပြည်ထဲရေး ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်စိုး ဖြစ်ပြီး ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးသို့ တဆင့်မြှင့်ပြီး ၂၀၁၈ ခုနှစ်၊ မေလတွင် တပ်မတော်သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

စစ်တက္ကသိုလ် အပတ်စဉ် ၂၆ ဆင်း ဗိုလ်ချုပ်အောင်စိုးသည် တပ်မ ၃၃ တပ်မမှူး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ယူခဲ့ပြီး၊ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြည်ထဲရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဖြစ်လာကာ NLD အစိုးရလက်ထက် တွင်လည်း ပြည်ထဲရေး ဝန်ကြီးဌာနတွင် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

၎င်း၏ နေရာသို့ စစ်တက္ကသိုလ် အပတ်စဉ် ၂၆ ဆင်း ဗိုလ်ချုပ်အောင်သူ ဆိုပြီး ရောက်ရှိလာပြီး ဗိုလ်ချုပ် အောင်သူကိုလည်း ယခုမေလ ၂၄ ရက်နေ့တွင် ၎င်းကို မူလစစ်ဘက်နေရာသို့ ပြန်လည်ပို့ခဲ့ပြီး ပြည်ထဲရေး ဒုဝန်ကြီး အသစ်အဖြစ် ဗိုလ်ချုပ် စိုးတင့်နိုင်ကို ခန့်အပ်ခဲ့သည်။

ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အလွန်နီးစပ်မှု ရှိခဲ့သည့် ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေမှာ ၂၀၂၀ နှစ်ဆန်းပိုင်းတွင် ရာထူးမှ အနားပေးခံရပြီး တပ်မတော် အရန်အင်အားသို့ ပြန်လည်အပို့ခံ ခဲ့ရပြီးနောက် မကြာမီက အငြိမ်းစားယူသွားခဲ့ကြောင်း သိရသည်။

ယခုနောက်ပိုင်းတွင် တပ်မတော်က ဖွဲ့ စည်းပုံ ပြုပြင်ပြောင်းလဲမှု တချို့ ပြုလုပ်ခဲ့ပြီး တိုင်းဦးစီး အရာရှိများအဖြစ် တိုင်းစစ် ဌာနချုပ် ၁၄ ခု စလုံးတွင် ဗိုလ်မှူးချုပ် ရာထူးများဖြင့် အသစ်ခန့်အပ်မှုများ ရှိကြောင်း၊ ရည်ရွယ်ချက်မှာ စစ်ဆင်ရေး၊ စစ်ထောက် လုပ်ငန်းဆိုင်ရာကို တိုင်းစစ်ဌာနချုပ်အလိုက် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်း သိရသည်။

“အရင်ကတည်းက တိုင်းဦးစီးချုပ် ဆိုပြီး တော်လှန်ရေး ကောင်စီခေတ်ကတည်းက ရှိပြီးဖြစ်တယ်။ အခု အဲဒီလို လုပ် ငန်းတွေ ပြန်လည် ဆောင်ရွက်နိုင်ဖို့ ခန့်ထားလိုက်ခြင်း ဖြစ်တယ်”ဟု တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြော သည်။

ယင်းဗိုလ်မှူးချုပ်များထဲတွင် ရန်ကုန်တိုင်း အစိုးရ အဖွဲ့ တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး တာဝန်ယူထားသူ ဗိုလ်မှူးကြီး အောင်စိုးမိုးကို ရန်ကုန်တိုင်း စစ်ဌာနချုပ်၏ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်အဖြစ် ခန့်အပ်မှုလည်း ပါဝင်သည်။

You may also like these stories:

တပ်မတော်သား ၂ ဦးကို ထိရောက်စွာ အရေးယူရန် ကရင်အဖွဲ့အစည်းများ တိုက်တွန်း

ရဟတ်ယာဉ်တင် သင်္ဘောကို လေယာဉ်တင် သင်္ဘောအဖြစ် ဂျပန် ပြောင်းလဲ

မဲဆောက်မှာမိတဲ့ လက်နက်တွေ ရခိုင်ပြည်ကို ပို့ဖို့လား

Did you find apk for android? You can find new Free Android Games and apps.
Loading