COVID-19 ကာလ အတွင်း နိုင်ငံတော်မှ အခြေခံလက်လုပ်လက်စားသမားများကို ထောက်ပံ့ပေးသည့် ငွေကျပ် နှစ်သောင်း မရရှိခဲ့ဟု ဆိုကာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် နေထိုင်သူ ဦးရေ ၇၀ ခန့်က မြို့နယ် အုပ်ချုပ်ရေး မှူးရုံးသို့ သွားရောက် တိုင်တန်းမှု ဇူလိုင် ၂၇ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်ကာလ အခြေခံလက်လုပ်လက်စားသမားများကို ပေးအပ်သည့် ထောက်ပံ့ကြေးများကို ဒဂုံမြို့သစ်တောင်ပိုင်းရှိ ၇၀၊ ၇၁ ၊ ၁၈၊ ၁၀၄၊ ၁၀၆၊ ကျည်စု၊ ရွာသာကြီးရပ်ကွက် စသည့် ရပ်ကွက် ၁၆ ခုမှ လူအချို့က မရကြဘဲ အောက်ခြေအဆင့် တွင် မသမာမှုများ ရှိသည်ဟုဆိုကာ မြို့နယ်အုပ်ချုပ်ရေးမှူးထံ လာရောက်တိုင်တန်းကြရာ တိုင်စာကို လက်ခံထား ကြောင်း၊ မည်သို့ အရေးယူ၊ ဖြေရှင်းပေးမည်ဆိုသည်ကို မသိရှိရသေးကြောင်း ကာယကံရှင်များက ပြောသည်။
တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးရပ်ကွက်၊ အပိုင်း ၃ တွင် နေထိုင်သူလည်းဖြစ် ပျံကျဈေးသည် လည်းဖြစ်သူ မစန္ဒာက “အခု ထွေအုပ်ရုံးကို လာပြောမှ ကျမတို့ တိတိကျကျ သိရတယ်။ သူတို့က ဒါဆို တိုင်ပါလို့ ပြောလို့ ကျမတို့ တိုင်ခဲ့တယ်။ စာရင်းထဲ မပါလို့ သွားပြောတော့ ရာအိမ်မှူးက စာရင်းပို့ပြီးသွားပြီလို့ ပြောတာနဲ့ ကျမတို့ မရတာ။ စာရင်း ပေးဖို့ကိုလည်း ကျမတို့ကို အကြောင်းမကြားဘူး။ ရပ်ကွက်ထဲမှာ လက်တံတောင်ဆစ်လောက်အထိ ရွှေလက်ကောက် ဝတ်နိုင်သူတွေက ရတယ်။ အဲဒါ ဘာသဘောလဲ။ လက်သင့်ရာကို ပေးနေတာ” ဟု ဧရာဝတီသို့ ပြောသည်။
စာရင်းကောက်ယူရာတွင် လမ်းဘေးဈေးသည်ဖြစ်သည့် လူများကိုလည်း ထည့်သွင်းခဲ့ခြင်း မရှိကြောင်း၊ အစိုးရက ပထမ အကြိမ် ထောက်ပံ့သည့် အခြေခံစားသောက်ကုန်များကိုသာ ရရှိဖူးကြောင်း၊ တတိယအကြိမ် ထောက်ပံ့ကြေး ပေးရာ တွင်လည်း စာရင်းတွင် ပါဝင်ခဲ့ပြီးနောက်မှ မရသူများလည်း ရှိကြောင်း သိရသည်။
“ကျမနာမည်က ပထမတကြိမ် ဆန်ဝေတုန်းက မပါခဲ့ဘူး။ အဲဒီအတွက် ဒုတိယအကြိမ် ဆန်ဝေတာ မရတဲ့သူတွေကို ငွေ ၁၅ဝဝဝ ပေးတာမှာ ပါတယ်။ ဒါပေမယ့် ကျမလက်ထဲကို မပေးဘူး။ အခု တတိယအကြိမ် ကျပ် ၂ဝဝဝဝ ပေးတဲ့ဆီမှာ နာမည်လည်းပါတယ်။ အဲဒီအတွက် သွားပြောတော့ ရာအိမ်မှူးက ကျပ် ၂ဝဝဝဝ ယူမလား၊ ဒုတိယအကြိမ်က မရခဲ့တဲ့ ကျပ် ၁၅ဝဝဝ ပဲ ယူမလားဆိုတယ်။ အဲဒီအတွက် မကျေနပ်တာ။ နာမည်ပါပေးမယ့် ကိုယ့်နာမည်ကိုသုံးပြီး အဲဒီငွေ ဘယ်ရောက်သွားတာလဲဆိုတာကို မကျေနပ်တာ” ဟု ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၁၈ ရပ်ကွက် မှ ဆယ်အိမ်မှူး ဒေါ်မြင့်မြင့်သိန်း က ပြောသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၁၈ ရပ်ကွက်မှ ရာအိမ်မှူးဖြစ်သူ ဦးမြတ်သူက မိမိတို့ ရာအိမ်မှူးများ အနေဖြင့် စာရင်းကို ၆ ကြိမ်ခန့်အထိ ကောက်ယူခဲ့ရပြီး နာမည်ကျန်မှုများ၊ စာရင်းပယ်ခြင်းများမှာ အစိုးရအဖွဲ့၏ စိစစ်ရေး ကော်မတီ၏ ဆုံးဖြတ်ချက်ပေါ်သာ မူတည်ကြောင်း ပြောသည်။
ဦးမြတ်သူက “အထက်က ဒီလူ၊ ဒီလူတွေကို ပေးလိုက်ပါဆိုပြီး စာရင်းရတော့ ကျနော်တို့က ပေးလိုက်တာပဲ။ ဘယ်လို ကျန်ခဲ့တယ်ဆိုတာ ကျနော်လည်း မသိဘူး။ ကျနော်တို့က မသမာမှု လုပ်တယ်ဆိုတာ မဟုတ်ပါဘူး။ သူမရလို့ မကျေ နပ်တာ လက်ခံပါတယ်။ အထက်က သတ်မှတ်ထားတဲ့ သတ်မှတ်ချက်အတိုင်း ကျနော်တို့က ကောက်တာ” ဟု ရှင်းပြ သည်။
ဒေါ်မြင့်မြင့်သိန်းသည်လည်း ဆယ်အိမ်မှူးဖြစ်သဖြင့် ရယူသင့်သူ မဟုတ်သောကြောင့် ၎င်းထက် နွမ်းပါးသည့် ပင်စင်စား အဖိုး၊ အဖွား အိမ်ထောင်စုကို ပေးအပ်ခဲ့ခြင်းသာဖြစ်ကြောင်း ပြန်လည်ဖြေရှင်းသည်။
ထိုကိစ္စများနှင့် ပတ်သက်ပြီး တောင်ဒဂုံမြို့နယ်အုပ်ချုပ်ရေးမှူးရုံးအား အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းသော်လည်း မရရှိခဲ့ပါ။
ထိုကဲ့သို့ နိုင်ငံတော်မှ ပေးအပ်သည့် ထောက်ပံ့မှုများကို အကြောင်းကြောင်းကြောင့် မရရှိခဲ့ခြင်း၏ အဓိက အကြောင်း အရင်းက စာရင်းကောက်ယူချိန်ကို အချိန်ပိုင်းအတွင်း တောင်းယူမှုများကြောင့်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် အလုပ် သွား၊ အလုပ်ပြန်ချိန်များတွင် နေအိမ်တွင် မရှိသဖြင့် စာရင်းကျန်ရစ်မှုများကိုလည်း မိမိတို့ထံ တိုင်ကြားမှုများ ရှိနေကြောင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က ပြောသည်။
တချို့ဖြစ်ရပ်များတွင် သွေးရိုးသားရိုးအရ ကျန်ရစ်နိုင်ခဲ့သလို တချို့ဖြစ်ရပ်များတွင် မသမာမှုများလည်း ရှိနေသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ထိုကဲ့သို့ စာရင်းကောက်ယူမှုများကို မသိရှိဘဲ အုပ်ချုပ်ရေး အဆင့်ဆင့်က ခိုင်းစေခဲ့ခြင်းသာဖြစ်ကြောင်း သိရသည်။
ဦးသိန်းနိုင်က “ရသင့် ရထိုက်ရဲ့သားနဲ့ ကိုယ်နာမည်မပါလို့ မရဘူးဆိုတာကတော့ အဂတိပဲ။ ဒါက ရပ်ကျေးအုပ်ချုပ်ရေးမှူး တွေအားလုံးရဲ့ အားနည်းချက်ပဲ။ အဂတိဖြစ်လာရင် အဆင့်ဆင့် အရေးယူရမယ်။ မမှားသင့်တာ မမှားဖို့ အုပ်ချုပ်ရေးပိုင်း က စနစ်တကျ စိစစ်ဖို့ လိုတယ်။ ကောက်ယူတဲ့ အချိန်နည်းတော့ သွေးရိုးသားရိုး မှားတာရှိသလို မသမာမှုလည်း ရှိမှာပဲ။ ဒါကို သင်ခန်းစာယူပြီး နောက်တကြိမ် လုပ်မယ်ဆို အချိန်ယူပြီး စနစ်တကျနဲ့ စာရင်းကောက်ဖို့ ပိုဖြစ်သင့်တယ်” ဟု ဆိုသည်။
တိုင်းဒေသကြီး အစိုးရအနေဖြင့် နိုင်ငံတော်၏ ထောက်ပံ့ငွေကို ပေးအပ်ရာတွင် ပထမအကြိမ် ဆန်နှင့် ဆီများကို ပေးဝေခဲ့သည့် စာရင်းများအပြင် မရရှိသူများ မကျန်စေရန်အတွက် ပထမအကြိမ်တွင် မပါဝင်ခဲ့သူများကိုပါ စာရင်းထပ်မံ ကောက်ခံရန် မူဝါဒ ချမှတ်ပြီး ထိုစာရင်း ၂ ခုလုံးကို ပေါင်းစည်းကာ ယခု ထောက်ပံ့ငွေ ကျပ် ၂ဝဝဝဝ ပေးအပ်ရာတွင် အကုန်လုံး ပါဝင်စေရေးအတွက် ဆောင်ရွက်ထားသည်ဟုသာ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပြီး တောင်ဒဂုံကိစ္စနှင့် ပတ်သက်ပြီး ဖြေဆိုခြင်း မပြုပါ။
အစိုးရသည် ပြီးခဲ့သည့် ဧပြီလအတွင်းက အခြေခံလက်လုပ်လက်စားသမားများကို ဆန်၊ ဆီ၊ ဆားအပါအဝင် အခြေခံ စားသောက်ကုန် ၅ မျိုးကို ပထမအကြိမ် ပေးအပ်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျန်ခဲ့သူများဖြစ်သည့် တနိုင်ငံလုံးမှ လူဦးရေ ၁ ဒဿမ ၄ သန်းကို မေလအတွင်း ထပ်မံ စာရင်းကောက်ယူကာ ကျပ်ငွေ ၁၅ဝဝဝ ပေးအပ်ခဲ့ကြောင်း၊ ထို့နောက် ဒုတိယအကြိမ်အဖြစ် ထပ်မံစာရင်းကောက်ယူပြီး ကျပ်ငွေ ၂ဝဝဝဝ ပေးအပ်ခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဇွန်လ ၁၉ ရက်နေ့က နေပြည်တော်၊ သမ္မတရုံး၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားခဲ့သည်။
ဆက်စပ်လင့်
ဝင်ငွေနည်း ပြည်သူများကို အလုပ်အကိုင်ပေးနိုင်မည့် စီမံကိန်း ယခုလစမည်
ရန်ကုန်တိုင်းမှာ အလုပ်လက်မဲ့ဖြစ်သွားသည့် လုပ်သား ၄ သောင်းခန့် ရှိ
COVID-19 ကြောင့် ကုန်သွယ်မှု ထိခိုက်သွားတယ်