အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီ အနေဖြင့်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မဲဆန္ဒနယ် ၄၄ အထိ ကိုယ်စားလှယ်လောင်း လစ်လပ်နေဆဲ ဖြစ်ကြောင်း ဇူလိုင်၂၃ ရက်က ထုတ်ပြန်သည့် စာရင်းများ အရ သိရသည်။
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် စုစုပေါင်း ၁၁၇၁ ရှိပြီး NLD ပါတီမှ ကိုယ်စား လှယ်လောင်း ၁၁၂၇ ဦး စာရင်းကို ရွေးချယ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ NLD ကိုယ်စားလှယ်လောင်း လစ်လပ်နေရာများမှ တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ် အချို့နှင့် ရှမ်းပြည်နယ် အတွင်းရှိ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့ ရှိ မြို့နယ်များ ပါဝင်သည်။
ရခိုင်ပြည်နယ်
NLD ပါတီအနေဖြင့် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် ၅ (ပုဏ္ဏားကျွန်းမြို့နယ်)၊ အမှတ် ၆ (ရသေ့တောင်မြို့နယ်)၊ အမှတ် ၈ (ကျောက်တော်မြို့နယ်)၊ အမှတ် ၉ (မင်းပြားမြို့နယ်နှင့် မြေပုံမြို့နယ်)၊ အမှတ် ၁၀ (မြောက်ဦး မြို့နယ်) တို့အ တွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ထားခြင်း မရှိပေ။
ယင်းပြင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် အနေဖြင့်လည်း မင်းပြားမြို့နယ်နှင့် မြောက်ဦးတို့အတွက် တင်သွင်းခြင်းမရှိသည့် အပြင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အတွက် မင်းပြားမြို့နယ် အမှတ် ၁၊ မြောက်ဦးမြို့နယ် အမှတ် ၂၊ ရသေ့တောင်မြို့ နယ် အမှတ်၂ နှင့် ကျောက်တော်မြို့နယ် အမှတ် ၁ နှင့် အမှတ် ၂ တို့တွင်လည်း ကိုယ်စားလှယ်လောင်း ရွေးချယ်ထား ခြင်း မရှိပေ။
NLD အနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသတွင်၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ ရှုံးနိမ့်ခဲ့သော်လည်း မဲဆန္ဒနယ် အများစု တွင် ပါဝင်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း ရွေးချယ်ထားပြီး လတ်တလောတွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ်(AA) တို့ ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် အထက်ပါ မဲဆန္ဒနယ်များတွင် လုံခြုံရေးအရ စိုးရိမ်မှုများရှိနေသည့်အတွက် ကိုယ်စား လှယ်လောင်း ရရှိရန် ခက်ခဲကြောင်း ပါတီ တာဝန်ရှိသူများက ပြောသည်။
ဒေါက်တာ မျိုးညွန့်က “တချို့နေရာတွေမှာ ကြိုးစားပြီး ပြိုင်ဖို့ လုပ်ထားပါတယ်။ နေရာတိုင်း ပြိုင်ဖို့ကျတော့ ကျနော်တို့မှာ လည်း အခက်အခဲတွေ ရှိပါတယ်။ ကိုယ်စားလှယ်လောင်းရဲ့ လုံခြုံရေးအရ တာဝန်ပေးလိုက်တဲ့ အဖွဲ့ချုပ်အပေါ်မှာ တာဝန် ရှိမှာမို့လို့ပါ။ ကျနော်တို့ အဘက်ဘက်က စဉ်းစားပါတယ်။ နောက်ပိုင်း ရလာရင်တော့ ကျနော်တို့ စိစစ်ပြီး တင်ကောင်း တင်မှာပေါ့။ ကျနော်တို့က အောင်နိုင်တဲ့ အလားအလာကိုပါ ခန့်မှန်းပြီးမှ ကျနော်တို့ တင်မှာပါ။ ကျနော်တို့က ပြိုင်တယ် ဆိုကတည်းက နိုင်မယ် ထင်လို့ပါ” ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်ကလည်း ဘူးသီးတောင်မြို့နယ်၊ NLD ဥက္ကဋ္ဌ ဦးရဲသိန်းအနေဖြင့် AA အဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီး ၁၅ ရက် အကြာတွင် တပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွားမှုအတွင်း ထိမှန်ကာ သေဆုံးပြီ ဖြစ်ကြောင်း AA ဘက်က ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းပြင် NLD ပါတီ၏ ချင်းပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၁၊ အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဦးဝှေ့တင်မှာလည်း၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် AA တပ်ဖွဲ့၏ ဖမ်းဆီးခံရပြီး ၇၉ ရက်အကြာ၌ ပြန်လည် လွတ် မြောက်လာခဲ့သည်။
NLD ပါတီ ဗဟိုပြန်ကြာရေး ကော်မတီ၊ အတွင်းရေးမှူး မုံရွာ အောင်ရှင်က “ရခိုင်ပြည်နယ်ထဲက ကွက်လပ်ချန်ခဲ့တဲ့နေရာ တွေက နည်းနည်း Violence ဖြစ်တဲ့ နေရာတွေ ဖြစ်နေတယ်။ လုံခြုံရေးအရ စိတ်မချရဘူးပေါ့၊ အဲဒီအတွက် မပြိုင်ဘူး ဆုံး ဖြတ်ထားတဲ့ သဘောပေါ့။ နောက်တချက်ကတော့ ကိုယ်စားလှယ်လောင်း ရှာရတာ နည်းနည်းများ အခက်အခဲ ဖြစ်နေသ လားပေါ့။ အဲဒါကြောင့်လည်း ကွက်လပ်ထားခဲ့တာလည်း ဖြစ်နိုင်တယ်။ အဲဒီဒေသကတော့ လုံခြုံရေးအရ အရမ်းကို အရေး ကြီးတာကိုး။ ကျနော်တို့ ပါတီတင် မဟုတ်ဘဲ တခြား ပါတီတွေလည်း ဒီလိုပဲ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်” ဟု သုံးသပ် ပြောကြားသည်။
လက်ရှိ NLD မှ ကိုယ်စားလှယ်လောင်း ရွေးချယ်ထားခြင်း မရှိသေးသည့် မြို့နယ်များတွင် တိုက်ပွဲ ဖြစ်ပွားမှုများကြောင်း စစ်ဘေးရှောင်နေရသည့် ဒေသခံ အရေအတွက်မှာလည်း တသိန်းကျော်အထိ ရှိနေပြီး အင်တာနက် ဆက်သွယ်ရေးလည်း ဖြတ်တောက်ထားလျက် ရှိသည်။
ကချင်ပြည်နယ်
ကချင်ပြည်နယ်တွင် NLD အနေဖြင့် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် တို့တွင် မဲဆန္ဒနယ် အပြည့် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သော်လည်း တိုင်းရင်းသားရေးရာ ဝန်ကြီး ၄ နေရာ အတွက်မူ ကိုယ်စားလှယ်လောင်း ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
လာမည့် ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၌ ဗမာ၊ ရှမ်း၊ လီဆူးနှင့် ရဝမ် ဟူ၍ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၄ နေရာ ယှဉ်ပြိုင်ရမည် ဖြစ်သည်။
ယင်းသို့ တိုင်းရင်းသားရေးရာ မဲဆန္ဒနယ် ၄ နေရာအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ထားခြင်း မရှိသေးသည့် အခြေအနေနှင့် ပတ်သက်ပြီး ဗဟို စိစစ်ရေးအဖွဲ့မှ အပြီးသတ် လုပ်ငန်းစဉ် မပြီးသေးခြင်းကြောင့်သာ ဖြစ်နိုင်ပြီး ဝင်ရောက် ယှဉ်ပြိုင်မည်မှာ သေချာကြောင်း NLD ၏ ကချင်ပြည်နယ် ဗဟိုကော်မတီဝင် ဦးအင်ထုံးခါးနော်ဆန်က ပြောသည်။
ရှမ်းပြည်နယ်
NLD အနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့သည့် ရှမ်းပြည်နယ် အတွင်း အမျိုးသား လွှတ်တော်မဲဆန္ဒနယ် အမှတ်-၁၂ တနေရာ၊ ပြည်သူ့လွှတ်တော် ၉ နေရာနှင့် ပြည်နယ်လွှတ်တော် ၁၈ နေရာ တို့တွင် ကိုယ်စားလှယ်လောင်း ရွေးချယ်ထားခြင်း မရှိသေးကြောင်း သိရသည်။
ရှမ်းပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ်-၁၂ တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည့် လောက် ကိုင်မြို့နယ်နှင့် ကုန်းကြမ်းမြို့နယ်တို့ ပါဝင်ပြီး ၂၀၁၅ ခုနှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(USDP)က အနိုင် ရခဲ့သည်။
ပြည်သူ့ လွှတ်တော် ၉ နေရာမှာ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းထဲမှ မိုင်းမောမြို့နယ်၊ ပန်ဝိုင်းမြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း(ပန်းခမ်း)မြို့နယ်၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲမှ မန်တုံမြို့နယ်၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသထဲမှ လောက်ကိုင်မြို့နယ်၊ ကုန်းကြမ်းမြို့နယ်နှင့် အထူးဒေသ(၄) မိုင်းလား မြို့နယ် မဲဆန္ဒနယ်တို့ ဖြစ် သည်။
ပြည်နယ် လွှတ်တော် ၁၈ နေရာမှာ အထက်ပါ မြို့နယ် ၉ မြို့နယ်၏ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များ ဖြစ်သည်။ (မြို့ နယ် တခုလျှင် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်၂ ခု သတ်မှတ်ထားသည်)
အဆိုပါ မြို့နယ်များထဲမှ “ဝ”ဒေသရှိ မိုင်းမောမြို့နယ်၊ ပန်ဝိုင်းမြို့နယ်၊ နားဖန်း မြို့နယ်၊ ပန်ဆန်း(ပန်းခမ်း)မြို့ နယ်နှင့် မိုင်း လားမြို့နယ်တို့မှာ ရွေးကောက်ပွဲ တကြိမ်မှ ကျင်းပဖူးခြင်း မရှိသည့် မြို့နယ်များဖြစ်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မန်တုံ မြို့နယ်၌ တအာင်း(ပလောင်)အမျိုးသားပါတီ၊ မက်မန်းမြို့နယ်၌ တသီးပုဂ္ဂလ ကိုယ်စားလှယ်နှင့် ကုန်းကြမ်းနှင့် လောက်ကိုင်မြို့နယ်၌ ကြံ့ခိုင်ရေးပါတီ တို့က အနိုင်ရခဲ့သည်။
မုံရွာအောင်ရှင်က “တချို့ဒေသတွေ ဖြစ်တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ရှမ်းပြည်နယ် နေရာ တချို့ကတော့ ကျနော်တို့ အများကြီး ကြိုးစားရမှာ၊ ရုန်းကန်ရမှာပေါ့။ ကျန်တဲ့ နေရာတွေကတော့ လုံလောက်တဲ့ အရေအတွက် ရလိမ့်မယ်လို့ ယုံ ကြည်ပါတယ်။ ကျနော့် အထင်တော့ သူတို့ ဒီလကုန်လောက်အထိတော့ စောင့်ကြည့်လိမ့်မယ် လို့ ထင်တယ်။ ဒီလကုန် လောက်မှ ကိုယ်စားလှယ် မရဘူးဆိုရင်တော့ ချန်လပ်ထားခဲ့ဖို့ အလားအလာ ရှိတာပေါ့။ ဒါက ကျနော့် အမြင်ပါ” ဟု ပြော သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့်၂၀၂၀ အထွေထွေ ရွေကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်လောင်း အမည်စာရင်း တင်သွင်းမှုအား ဇူလိုင်၂၀ ရက်မှ ဩဂုတ်လ ၇ ရက်အထိ သတ်မှတ်ထားသည့်အတွက် NLD အနေဖြင့် ကိုယ်စားလှယ်လောင်း ရှာဖွေရန် ၁၀ ရက် အချိန် ရှိနေသေးသည့်အတွက် လစ်လပ် အရေအတွက်မှာ အပြောင်း အလဲ ဖြစ်နိုင်သေးသည်။
ဆက်စပ်ဖတ်ရှုရန်
ကရင်ပါတီများ အချင်းချင်း ညှိနှိုင်း၍ မဲဆန္ဒနယ် ခွဲဝေ ယှဉ်ပြိုင်မည်
ကိုဗစ်ကာလ နိုင်ငံရေး ပါတီတွေ စည်းရုံးရေး ဘယ်လိုလုပ်မလဲ
ထွက်စာတင်သည့် အမတ်များကို ရွေးကောက်ပွဲထိ နုတ်ထွက်ခွင့်မပြုဟု ANP ပြော