မြန်မာလူငယ်များအကြား ရေးပန်းစားလာပြီး ကျန်းမာရေးထိခိုက်နိုင်သည်ဟုဆိုသော E-စီးကရက်အသုံးပြုမှုကို ထိန်းချုပ်တားဆီးရန် တိုက်တွန်းသည့်အဆိုတခုကို ယနေ့ ပြည်သူ့လွှတ်တော်တွင် အတည်ပြုလိုက်သည်။
မြန်မာပြည်တွင်းသို့ ပုံစံမျိုးစုံဖြင့် ဝင်ရောက်လာသည့် E-စီးကရက် (Electronic Nicotine Delivery System)၊ ဆေးရွက်ထွက်ပစ္စည်းကို အပူပေးပြီး အငွေ့ရှုရသည့်ပစ္စည်း (Heated Tobacco Product or Heat-not-bum-product) နှင့် ဆေးရွက်ကြီးနှင့် ဆက်စပ်ပစ္စည်းများကို ရောနှောထည့်သွင်းရှူသုံးရသည့် ရေပြောင်း (Water Pipe) များကို ထိန်းချုပ်တားဆီးရန် အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစံရွှေဝင်း ပြီးခဲ့သည့် မတ်လက လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။
E-စီးကရက်ကို ဆေးလိပ်ဖြတ် အစားထိုးကိရိယာအဖြစ် လွဲမှားစွာ အသုံးပြုမှုများရှိနေပြီး ၎င်းမှာဆေးလိပ်နည်းတူ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်းနှင့် ကျောင်းသားလူငယ်များကပါ တွင်ကျယ်စွာ အသုံးပြုလာ သောကြောင့် ထိန်းချုပ်တားဆီးမှုများ ပြုလုပ်ပေးရန် လွှတ်တော်ကိုယ်စားလှယ်အချို့က လွှတ်တော်အစည်းအဝေးတွင် ထောက်ခံ ဆွေးနွေးခဲ့ကြသည်။
အင်းတော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ပြုံးက “E-စီးကရက်မှာ နီကိုတင်းပါဝင်မှု ဘယ်လောက်ပဲ နည်းနည်း စွဲလမ်းစေတဲ့အတွက် E-စီးကရက်သောက်ရင် ဖြတ်ရတာခက်ခဲပါတယ်။ နီကိုတင်းဟာ ဦးနှောက်ဖွံ့ဖြိုးမှုကို အနှောက်အယှက် ဖြစ်စေတယ်။ ဆယ်ကျော်သက်တွေအတွက် လေ့လာစူးစမ်းလိုစိတ်ကျဆင်းတယ်။ စိတ်ဓာတ်ကျဆင်းခြင်းများလည်း ဖြစ်ပေါ်စေတယ်”ဟု ပြောသည်။
နီကိုတင်းကြောင့် ကိုယ်ဝန်ဆောင်များ လမစေ့ဘဲ ကလေးမွေးခြင်း၊ ကလေးအသေမွေးဖွားခြင်းများဖြစ်စေခြင်းအပြင် ဆီးချိုရောဂါ၊ အဆုတ်ရောင်ရောဂါများနှင့်လည်း ဆက်စပ်မှုရှိကြောင်း၊ E- စီးကရက်မှထွက်ရှိသည့် ဓာတုပစ္စည်းများမှာလည်း ကင်ဆာရောဂါ ဖြစ်စေသောကြောင့် လူငယ်များ အစပြုသုံးစွဲခြင်း မပြုသင့်ကြောင်း ၎င်းက ထောက်ပြသည်။
e-စီးကရက်မှာ ကျပ် ၂ သောင်းမှ ကျပ် ၃ သိန်းခန့်ထိ ဈေးနှုန်းအမျိုးမျိုးရှိကြောင်း၊ ငှက်ပျောသီး၊ ပန်းသီး၊ စပျစ်၊ ချောကလက်၊ အသီးပေါင်းစုံ စသဖြင့် ရွေးချယ်စရာ အနံ့အရသာ ၁ သောင်းခွဲကျော်နှင့် ထုတ်လုပ်သည့် ဒီဇိုင်းပုံသဏ္ဍန် အကြီးအသေး အမျိုးအစား ၇၀၀၀ ကျော်ထိ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေကြပြီး လူငယ်များတွယ်ကျယ်ကျယ် အသုံးပြုလာသည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးသည်။
သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက “ဒါဟာ လူငယ်ထုအတွက် အလွန်စိုးရိမ်စရာ အခြေအနေဖြစ်သလို ကျန်းမာရေးပြဿနာလည်း ဖြစ်နေပါတယ်”ဟု ပြောသည်။

လက်ရှိတွင် E-စီးကရက်များမှာ အွန်လိုင်းမှ တဆင့် အိမ်တိုင်ယာရောက် လွယ်ကူစွာဝယ်ယူရရှိနိုင်သလို ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ မကွေး စသည့် မြို့ကြီးများ၏ အခြေခံပညာကျောင်းအနီးတဝိုက်ရှိ စတိုးဆိုင်တချို့တွင်လည်း ပုံစံမျိုးစုံ၊ အနံ့မျိုးစုံ အရသာမျိုးစုံဖြင့် ကျောင်းသားကျောင်းသူများ အလွယ်တကူ ဝယ်ယူရရှိနိုင်သည့် အနေထားသို့ ရောက်ရှိနေပြီဟု ရွှေဘိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေဇင်လတ်က ပြောသည်။
ဒေါက်တာအေဇင်လတ်က “E-စီးကရက်တွေဟာ ကျမတို့သားငယ်၊ သမီးငယ်တွေ အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ အနေအထားမှာ အသင့်ရှိနေတာကို တွေ့ရတယ်”ဟု ဆိုသည်။
ထို့ကြောင့် E-စီးကရက်နှင့် ပတ်သက်သော ဥပဒေပြဌာန်းချက်များကို အစားအသောက်နှင့်ဆေးဝါး ဥပဒေတွင်ဖြစ်စေ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးဥပဒေတွင်ဖြစ်စေ အရေးတကြီးထည့်သွင်းပြဌာန်းပေးရန် လိုအပ်နေပြီး ထို့သို့ မထည့်သွင်းနိုင်သေးသည့် ကြားကာလတွင်လည်း နိုင်ငံတွင်းသို့ တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ ကြော်ငြာခြင်းများကို ထိန်းချုပ်တားမြစ်သည့် အမိန့်ကြေငြာစာတရပ်ကို ထုတ်ပြန်ပေးသင့်ကြောင်း ၎င်းက အကြံပြုသည်။
E-စီးကရက်ကို ဖြန့်ဖြူးရောင်းချသူများကမူ နာမည်ကျော်ကြားသူများ၊ သရုပ်ဆောင်များဖြင့် လူမှုကွန်ရက်စာမျက်နှာ အပါအဝင် သတင်းစာနှင့် ဂျာနယ်တချို့တွင် ကြော်ငြာထည့်သွင်းခြင်းများ ပြုလုပ်နေ ပြီး ယခုအခါ စားသောက်ဆိုင်ကြီးများ၊ ကလပ်များ၊ အရက်ဘားများတွင် တွင်တွင်ကျယ်ကျယ်သုံးစွဲလာ ကြသည်ဟုဆိုသည်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းထွန်းက “ဖေ့ဘုတ်မှာရှိတဲ့ Celebrity တချို့ကလည်း နာမည်ကြီးအနုပညာရှင် တချို့နဲ့ ပေါင်းစပ်ပြီး ရောင်းအားမြင့်အောင် ဆောင်ရွက်နေကြလို့ လူငယ်တွေ အတုယူမှားမှာကို စိုးရိမ်ဖွယ် မြင်တွေ့နေရတဲ့ အတွက်ကြောင့် အစိုးရက ကြပ်မတ်ထိန်းကျောင်းဖို့ အကြံပြုလိုပါတယ်”ဟု တိုက်တွန်းသည်။
သို့သော် ဆေးလိပ်၊ ဆေးရွက်ကြီး၊ ကွမ်းယာနှင့် အရက်အမျိုးမျိုးကို ဥပဒေပြဌာန်းပြီး အခွန်ကောက်ခြင်း တရားဝင် တင်သွင်း ရောင်းချ သုံးစွဲခွင့်ပေးထားပြီး E-စီးကရက်နှင့် ရှီရှားများကို ပိတ်ပင်မည်ဆိုပါက တရားမျှတမှုရှိမရှိ စဉ်းစားရမည်ဖြစ်ပြီး ရုတ်တရက် ပိတ်ပင်လိုက်လျှင်လည်း တရားမဝင် မှောင်ခိုဈေးကွက်များ ဖြစ်လာနိုင်ဖွယ်ကို သတိပြုကာ လုံးဝပိတ်ပင်ခြင်းထက် အခွန်းတိုးကောက်ခြင်းမျိုး ပြုလုပ်သင့်သည်ဟု တပ်မတော်သားကိုယ်စားလှယ်က ဆွေးနွေးသည်။
“E-စီးကရက်နဲ့ ရှီရှားသုံးစွဲခြင်းကို လျော့ပါးအောင် ဆောင်ရွက်မယ်ဆိုရင် ၎င်းတို့ကို သုံးစွဲတာက ခေတ်မှီသော လူရာဝင်သော အပြုအမူလို့ ယူဆနေတဲ့ လူငယ်တွေ အတွေးအမြင်တွေကို အရင်ဆုံး ပြုပြင်ပေးကြရပါမယ်”ဟု ၎င်း ဆိုသည်။
E-စီးကရက် အန္တရာယ်နှင့် ပတ်သက်၍ ကျန်မာရေးဝန်ကြီးဌာနက သတိပေးစာစောင်များထုတ်ခြင်း၊ ကျန်မာရေး ပညာရှင်များထံ ဖြန့်ဝေခြင်းများပြုလုပ်သလို E-စီးကရက်များ တင်သွင်းခွင့်ပြုရန် သင့်၊မသင့် အကောက်ခွန် ဦးစီးဌာနက သဘောထားမှတ်ချက် တောင်းရာတွင်လည်း သဘောမတူခဲ့ကြောင်း ပြန်ကြားခဲ့သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က လွှတ်တော်တွင် ပြန်လည်ရှင်းလင်းသည်။
ဒုဝန်ကြီး ဒေါက်တာမြလေးစိန်က “အသစ်ထွက်ပေါ်တဲ့ အစားထိုးပစ္စည်းတွေဖြစ်ပါတယ်။ ဒါတွေကို မသောက်ဖို့ကိုလည်း တားမြစ်ထားပါတယ်”ဟု ပြောသည်။

ယင်းပစ္စည်းများကို ရောင်းအားမြှင့်တင်ခြင်းပြုလုပ်ခြင်းများနှင့် ပတ်သက်၍ ပြဌာန်းထားသည့် ဥပဒေများကို ဖောက်ဖျက်ကျူးလွန်ခြင်းများ တွေ့ရှိပါက စစ်ဆေးအရေးယူဆောင်ရွက်ရန် တိုင်းနှင့်ပြည်နယ်များရှိ ပြည်သူ့ကျန်းမာရေးဌာနများသို့ ညွှန်ကြားထားကြောင်းလည်း သိရသည်။
နိုင်ငံတကာ စစ်တမ်းများအရ E-စီးကရက်များမှာ ဆေးလိပ်နည်းတူ ကျန်းမာရေးဆိုးကျိုးများရှိသောကြောင့် မသုံးစွဲကြရန် ထောက်ပြမှုများ ရှိသောကြောင့် ယခုကဲ့သို့ တားမြစ်ထိန်းချုပ်ရန် စီစဉ်လာကြပြီး သုံးစွဲသူလူငယ်များအနေဖြင့် အမြစ်ပြတ် မစွန့်လွှတ်နိုင်လျှင်ပင် လျှော့သုံးရန် အကြံပြုလိုကြောင်း ရန်ကုန်မြို့မှ ဆရာဝန်တဦးဖြစ်သူ ဒေါက်တာကျော်စွာဦးက ပြောသည်။
ဒေါက်တာကျော်စွာဦးက “ကျနော်တို့က မသုံးဖို့၊ မသောက်ဖို့ အမြဲတမ်းပြောတယ်ဆိုပေမယ့် လူ့သဘာဝအရတော့မလွယ်တော့မလွယ်ဘူး။ သို့သော်လည်း လုံးဝမဖြတ်နိုင်ရင်တောင် လျှော့သုံးဖို့ပေါ့၊ မရှောင်နိုင်ရင်တော့ လျှော့ပေါ့၊ အဲဒီလိုပဲပညာပေးလို့ရမယ်။ ဒါသည်ကျန်းမာရေးကို ထိခိုက်နိုင်သည်ဆိုတာကို သိထားဖို့ပါပဲ ”ဟု ပြောသည်။
E-စီးကရက်မှာ ဆေးရွက်ကြီးထွက်ပစ္စည်းများ မပါဝင်သော်လည်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းတွင် ပါဝင်သော ဓါတုပစ္စည်းဖြစ်သည့် နီကိုတင်းကို အရည်အဖြစ်ဖျော်ထားပြီး အီလက်ထရွန်စနစ်ဖြင့် အငွေ့အဖြစ် ပြောင်းလဲစေပြီး ထိုအငွေ့ကို ရှုထုတ်စေသည့် ကိရိယာ (Electronic Nicotine Delivery System) ဖြစ်ကြောင်း သိရသည်။
သမရိုးကျ ဆေးလိပ်ကဲ့သို့ မီးညှိပြီး မိုးခိုးငွေ့ကို ရှုရှိုက်ရခြင်းမျိုးမဟုတ်ဘဲ အရည်ဖြင့်ဖော်စပ်ထားသော E Liquid ကို နီးကိုတင်းဓါတ်၊ အနံ့အရသာဖြစ်စေသော ဓါတုပစ္စည်းများနှင့်ဖော်စပ်ထားခြင်းဖြစ်ပြီး ထို E Liquid ပါဝင်သည့် ပစ္စည်းများက လူကို ထိခိုက်စေနိုင်သည်ဟုဆိုသည်။
E-စီးကရက်ကို တရုတ်နိုင်ငံရှိ ဆေးဝါးဗေဒ ပညာရှင်တဦးက သူ့ဖခင်နှင့် သူကိုယ်တိုင် ဆေးလိပ် ဖြတ်နိုင်ရန် အတွက် ၂၀၀၃ ခုနှစ်တွင် တီထွင်အသုံးပြုခဲ့ပြီး တနှစ်အတွင်း တရုတ်ပြည်အနှံ့ သုံးစွဲခဲ့ရာ လက်ရှိအချိန်တွင် နိုင်ငံပေါင်း ၁၀၀ ကျော်ထိ ပြန့်နှံ့သုံးစွဲနေကြကြောင်းနှင့် မြန်မာနိုင်ငံသို့ ၂၀၀၅ ခုနှစ်ဝန်းကျင်တွင် စတင်ရောက်ရှိခဲ့ကြောင်း ယနေ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးသည်။
တီထွင်သူ ကိုယ်တိုင်လည်း ထိုပစ္စည်းအသုံးပြုမှုကြောင့် သေဆုံးခဲ့ရပြီး လူငယ်လူရွယ်များအသုံးပြုပါက ဦးနှောက်ဖွံ့ဖြိုးမှုထိခိုက်ခြင်း၊ စွဲလမ်းမှုကိုဖြစ်စေခြင်း၊ ကုန်ကျစရိတ်များပြားခြင်း၊ ဓာတုပစ္စည်း ပေါင်းစုံပါခြင်းကြောင့် အန္တရာယ်ရှိခြင်းစသည့် ဆိုးကျိုးများရှိသည်ဟု ဆိုသည်။
E – စီးကရက်သုံးစွဲမှုကို အင်္ဂလန်နှင့် အမေရိကန်နိုင်ငံပါအဝင် ကမ္ကာပေါ်ရှိ နိုင်ငံပေါင်း ၄၆ နိုင်ငံက ပိတ်ပင်ထားပြီး အရှေ့တောင်အာရှ (အာဆီယံ) တွင် ပိတ်ပင်ထားသည့်နိုင်ငံ ၅ နိုင်ငံနှင့် ထိန်းချုပ်မှု လုပ်နေသည့် နိုင်ငံ ၄ နိုင်ငံရှိပြီး မြန်မာနိုင်ငံတွင်သာ ထိန်းချုပ်မှုများ ပြုလုပ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ် လူဦးရေ ၆၅၀၀၀ ခန့်သည် ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုကြောင့် သေဆုံး နေကြရပြီး ကမ္ကာပေါ်တွင် နှစ်စဉ် လူဦးရေ ၅ ဒသမ ၄ သန်းခန့် ဆေးလိပ်ကြောင့် သေဆုံးနေရကြောင်း ကမ္ကာ့ကျန်းမာရေးအဖွဲ့ (WHO)က ထုတ်ပြန်ထားသည်။
You may also like these stories:
E-စီးကရက် ထိန်းချုပ်ရေးအဆို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးမည်