လုပ်သက် ၁၀ နှစ်အောက် နိုင်ငံ့ဝန်ထမ်းများ ပင်စင်ခံစားခွင့်အတွက် လစာမှ ရာခိုင်နှုန်း အလိုက် ငွေစုဆောင်းရမည့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ဥပဒေမူကြမ်းကို မနေ့က ပြည်သူ့ လွှတ်တော်သို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာနက တင်သွင်းခဲ့သည်။
လက်ရှိ နိုင်ငံံံ့ဝန်ထမ်းပင်စင်စနစ်သည် နိုင်ငံတော်ဘတ်ဂျက်မှ အလုံးစုံကျခံသော စနစ်ဖြစ်ပြီး ပိုမိုတိုးတက်လာသည့် ပင်စင် စားဦးရေနှင့် မျှော်မှန်းသက်တမ်း တိုးလာခြင်းကြောင့် နိုင်ငံတော်က ပင်စင်၊ ဆုကြေး အသုံးစားရိတ်များ ပိုမိုတိုးမြှင့် သုံးစွဲ လာရခြင်းတို့ကြောင့် ယခု ဥပဒေကို ပြဌာန်းရန် ကြိုးပမ်းရခြင်းဟု အထက်ပါ ဝန်ကြီးဌာန၏ ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်ဝင်းက ပြောသည်။
၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်တွင် ပင်စင်လစာနှင့် လုပ်သက်ဆုကြေး အသုံးစားရိတ်မှာ ကျပ် ၁၁၁၆ ဒသမ ၀၈၄ ဘီလီယံ ရှိခဲ့ပြီး နိုင်ငံ ဂျီဒီပီ၏ ၁ ဒသမ ၀၅ ရာခိုင်နှုန်း၊ နိုင်ငံ၏ စုစုပေါင်း အခွန်ရငွေ၏ ၆ ပုံ တပုံ ပမာဏအထိ ရှိခဲ့ကြောင်း သိရသည်။
“လက်ရှိ နိုင်ငံံံ့ဝန်ထမ်းပင်စင်စနစ်ကို နိုင်ငံတော်မှ အလုံးစုံတာဝန်ယူ ကျခံသော စနစ်မှ ရန်ပုံငွေအပေါ် အခြေခံ၍ ခံစား ခွင့်ပြုသည့် စနစ်သို့ ပြောင်းလဲနိုင်ရေးအတွက် အဆင့်ဆင့် ဆောင်ရွက်ရန် ရည်ရွယ်၍ ဒီဥပဒေ မူကြမ်းကို ရေးဆွဲ ရခြင်း ဖြစ်ပါတယ်”ဟု ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်ဝင်းက လွှတ်တော်တွင် ရှင်းပြသည်။
ယခုလို ပင်စင်စနစ်ကို ပြောင်းလဲကျင့်သုံးခြင်းဖြင့် နိုင်ငံတော် ဘက်ဂျတ်လိုငွေပြမှုကို သက်သာစေခြင်း၊ အငြိမ်းစား ဝန် ထမ်းများအတွက် အကျိုးရှိမည့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းဖြင့် ရန်ပုံငွေ တိုးပွားမှုအပေါ် မူတည်ပြီး အကျိုး ခံစားခွင့် ပြောင်းလဲ တိုးမြှင့်ပေးနိုင်ခြင်း၊ ဝန်ထမ်းများ၏ နောင်ရေးအတွက် အထောက်အပံ့ ဖြစ်စေခြင်း စသည့် အကျိုး ကျေးဇူး ရှိမည်ဟု ဆိုသည်။
အဆိုပါ ဥပဒေမူကြမ်းတွင် ဗဟိုရန်ပုံငွေအဖွဲ့ထူထောင်ခြင်း၊ ဒါရိုက်တာအဖွဲ့ ဖွဲစည်းခြင်း၊ ဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်တို့၏ သက်တမ်း၊ တာဝန်များ၊ ဗဟိုရန်ပုံငွေ ထူထောင်ခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စာရင်းစစ်ဆေးခြင်းနှင့် အစီရင်ခံစာ တင်ပြခြင်း၊ ပြစ်မှုပြစ်ဒဏ်များ စသည်ဖြင့် ပါဝင်ကြောင်း သိရသည်။
လုပ်သက် ၁၀ နှစ်အထက် ဝန်ထမ်းများမှာ ယခင်ပင်စင်စနစ်ဟောင်းအတိုင်း ဖြစ်သော်လည်း ဥပဒေအတည်ပြုပြီးပါက စတင်ခန့်အပ်သည့် ဝန်ထမ်းများနှင့် လုပ်သက် ၁၀ နှစ်အောက် ဝန်ထမ်းအားလုံး ဥပဒေနှင့် အကျုံးဝင်မည်ဖြစ်ပြီး မဝင်မနေရ စနစ်ဖြင့် ပါဝင်စေမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး၏ ရှင်းလင်းချက်အရ သိရသည်။
“အငြိမ်းစား အကျိုးခံစားခွင့်ပြုရာမှာ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ ပင်စင်အမျိုးအစားများအားလုံး ရယူ ခံစားခွင့် ရှိမှာဖြစ်ပြီးတော့ လက်ရှိခံစားရသော လုပ်သက်ဆုငွေနဲ့ လစာပင်စင်များထက် ပိုမိုသာလွန်နိုင်သော ခံစားခွင့်များရရှိစေရန် ရည်ရွယ်ပါတယ်”ဟု ဒုတိယဝန်ကြီးက ပြောသည်။
လက်ရှိ သတ်မှတ်ထားချက်အရ ဥပဒေ အသက်ဝင်သည့်အချိန်တွင် လုပ်သက် ၁၀ နှစ်အောက် ဝန်ထမ်းများသည် လစဉ် ၅ ရာခိုင်နှုန်း စုရမည်ဖြစ်သလို နိုင်ငံတော်မှလည်း ၅ ရာခိုင်နှုန်း ထည့်ဝင်စုဆောင်းပေးမည်ဖြစ်ကြောင်း ပင်စင်ဦးစီးဌာနမှ သိရသည်။
ပင်စင်ဦးစီးဌာန၊ ညွွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က“ဥပမာ လုပ်သက် ၁၀ နှစ်အောက် ဝန်ထမ်းတွေက သူတို့ တာဝန်ထမ်းဆောင်ထားတဲ့ နှစ်တွေအလိုက် ရှေ့ပိုင်းမှာ ထည့်ရမယ့် အပိုင်းတွေဆိုရင်လည်း နိုင်ငံတော်က သူရဲ့ ရရှိခဲ့တဲ့ အခြေခံလစာရဲ့ ၅ ရာခိုင်နှုန်းကို နိုင်ငံတော်က ထည့်ဝင်ပေးသွားမယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဝန်ထမ်းများ အနားယူသည့်အခါ အဆိုပါစုဆောင်းငွေ၊ တိုးပွားငွေတို့မှ လုပ်သက်ဆုကြေးကို ၂၀ ရာခိုင်နှုန်းပေး၍ ကျန် ၈၀ ရာခိုင်နှုန်းမှ လစဉ် ပင်စင်ခံစားခွင့် ပေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ငွေစုစေခြင်းက ရေရှည်အတွက် ကောင်းကျိုးရှိလာနိုင်သည်ဆိုသော်လည်း လစာနည်းဝန်ထမ်းများအတွက် အသုံးစားရိတ် အကျပ်အတည်းဖြစ်စေနိုင်ကြောင်း နေပြည်တော်မှ ဒုတိယ ဦးစီးမှူးအဆင့် ဝန်ထမ်းတဦးဖြစ်သည့် ဦးဇော်ဇော်မင်းက ပြောသည်။
“လစာထုတ်ပြီးရင် ဘယ်ဟာက လူမှုရေးစားရိတ်၊ ဘယ်ဟာက မီးဖိုချောင်စားရိတ် စသဖြင့် သုံးနေရတဲ့အထဲကနေ နှစ်သိန်းဆို တသောင်း နုတ်ပေးရမယ့် အနေအထားဆိုတော့ ကျပ်တည်းမှုလေးတွေ မသိမသာပဲ ဖြစ်ဖြစ် ဖြစ်လာနိုင်တဲ့ အနေအထား ရှိတာပေါ့”ဟု ဦးဇော်ဇော်မင်းက ပြောသည်။
မဖြစ်မနေ ငွေစုရမည်ဆိုပါက ဝန်ထမ်းများအနေဖြင့် ငြင်းပယ်နိုင်ခြင်း မရှိကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်နေ၍ ကျပ်တည်း နေပြီး လစာတိုးရန်မျှော်လင့်နေချိန်တွင် လက်ရှိလစာထဲမှ ငွေစုရမည်ကို သဘောမကျကြောင်း၊ ပုဂ္ဂလိက ဝန်ထမ်းများ ထက် လစာနည်းပါးစွာရသည့် အစိုးရဝန်ထမ်းများအနေဖြင့် ငွေမစုလိုဘဲ ယခင်စနစ်အတိုင်းသာ ဆောင်ရွက်စေလိုသည်ဟု ဝန်ထမ်းတချို့ကလည်း ဆိုသည်။
“မဖြစ်မနေ ပြဌာန်းတယ်။ ဒီလိုပဲလုပ်ရမယ်ဆိုရင်တာ့ ဘာတတ်နိုင်မှာလဲ ကိုယ်တွေက ဝန်ထမ်းပဲ လုပ်ရမှာပေါ့။ အဲဒါကို ကြိုက်လားဆိုရင်တော့ တသက်လုံး ဒီစနစ်အတိုင်း သွားနေပြီးမှ ရုတ်တရက်ကြီး အပြောင်းအလဲကိုတော့ ဝန်ထမ်းတွေက လက်မခံချင်ကြဘူးပေါ့”ဟု နေပြည်တော်မှ ဦးစီးအရာရှိအဆင့်ရှိ ဒေါ်စကားဝါ(အမည်လွှဲ)က ပြောသည်။
အဆိုပါ ဥပဒေအရ ဗဟိုရန်ပုံငွေကို စီမံခန့်ခွဲရန်အတွက် ဒါရိုက်တာအဖွဲ့ကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန လက်အောက်တွင် နည်းပညာပိုင်းဆိုင်ရာလွတ်လပ်သော အဖွဲ့အစည်းအဖြစ် ထားရှိမည်ဖြစ်ကြောင်း၊ ယင်းဒါရိုက်တာ အဖွဲ့တွင် အစိုးရ ကိုယ်စားလှယ်၊ ဝန်ထမ်းကိုယ်စားလှယ်၊ ပြင်ပ ပညာရှင်တို့ အချိုးကျပါဝင်ဖွဲ့စည်းမည်ဖြစ်ကြောင်း ဒုတိယ ဝန်ကြီး ဒေါက်တာမောင်မောင်ဝင်းက ပြောသည်။
အဆိုပါ ဒါရိုက်တာအဖွဲ့က ရန်ပုံငွေကို တိုးပွားစေရန်အတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
“ဒီရန်ပုံငွေ အတိုးအပွားဖြစ်အောင် အာမခံချက်ရှိတဲ့ အတိုးအပွားဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ အတတ်နိုင်ဆုံး စွန့်စားရ မှုနည်းတဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် မဟာဗျုဟာ စီမံချက်တွေ ရေးဆွဲရမှာပေါ့”ဟု ညွှန်ကြားရေး မှူးချုပ် ဒေါက်တာဝါဝါမောင်က ပြောသည်။
ငွေစုသည့် ဝန်ထမ်းများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဝန်ထမ်းအဖြစ်မှ နုတ်ထွက်သွားပါက ၎င်းတို့လစာမှ စုဆောင်းခဲ့သည့် ငွေနှင့် တိုးပွားလာသည့် ပမာဏကို ထုတ်ယူခွင့်ပြုမည် ဖြစ်သည်။
အဆိုပါ ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် ဝန်ကြီးဌာနက ပြန်လည်ဖြေရှင်းခြင်း၊ လွှတ်တော်၏ အတည်ပြုချက်ရယူခြင်းများ ဆက်လက်လုပ်ဆောင်ရဦးမည် ဖြစ်သည်။
ယခု ဥပဒေမူကြမ်းကို အတည်ပြုပြီးပါက နည်းဥပဒေရေးဆွဲခြင်းနှင့် လုပ်ငန်းအကောင်အထည်ဖော်ခြင်းတို့ကို လာမည့် ဘဏ္ဍာနှစ်တွင် စတင်နိုင်ရန် ဝန်ကြီးဌာနက မျှော်မှန်းထားကြောင်း သိရသည်။