ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာမှ အမျိုးသမီး ၁ ဦးကို တပ်မတော်သား ၃ ဦးက အဓမ္မပြုကျင့်သည် ဆိုသည့် ကိစ္စနှင့် ပတ်သက်ပြီး အမှန်တရား ပေါ်ပေါက်ပြီး တရားမျှတမှု ရရှိရန်အတွက် အရပ်ဘက်လူမှုအဖွဲ့အစည်း ၁၀၀ ကျော်က ဇူလိုင်လ ၂၇ ရက် နေ့ ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။
သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ဦးဂါ ကျေးရွာသားများကိုသာ ခေါ်ယူ စစ်ဆေးနေသည်ကို တွေ့ရှိရပြီး အမှုနှင့် ပတ်သက်ပြီး မည်ကဲ့သို့ ဆောင်ရွက်နေသည်ကို မသိရှိရသည့်အတွက် တရားဥပဒေ လက်အောက်ကို မြန်မြန်ဆန်ဆန် ရောက်ရှိရန် ရခိုင်အရပ်ဘက်အဖွဲ့အစည်းများက စုပေါင်းတောင်းဆိုရခြင်း ဖြစ်ကြောင်း၊ ကာယကံရှင်အမျိုးသမီးမှာ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်နေသည့်အတွက် တရားမျှတမှု ရရှိလာစေရန်အတွက် အရပ်ဘက်အဖွဲ့အစည်းများက ဝန်းရံပြီး စောင့်ကြည့်နေသည့် သဘောဖြင့် ကြေငြာချက် ထုတ်ပြန် တောင်းဆိုရခြင်း ဖြစ်ကြောင်း သိရသည်။
ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက “သက်ဆိုင်ရာ ရဲတပ်ဖွဲ့တွေက အမှုတည်ဆောက်တယ်ဆိုပြီးတော့ ရွာသားတော်တော်များများကို ခေါ်စစ်နေတာကို တွေ့ရတယ်။ အမှုဖွင့်ထားတာက ၁၀ ရက် (ဇူလိုင်) နေ့ကတည်းက ဖွင့်ထားတာ အခု ရက်ပေါင်း၂၀ ကျော် သွားပြီ။ အမှုထူးခြားမှုကို တစုံတရာ အကြောင်းကြားတာ မရှိဘူး။ ဒါကို မူတည် ပြီးတော့ အန်တီတို့ အရပ်ဘက် အဖွဲ့အစည်းတွေက တရားဥပဒေ ရှေ့မှောက်ကို ရောက်နိုင်ဖို့အတွက် စောင့်ကြည့်နေ တယ် ဆိုတဲ့ သဘောနဲ့ ထုတ်ပြန် လိုက်ရတာ ဖြစ်တယ်။” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သော ဇွန်လ ၂၉ ရက်နေ့က ဦးဂါကျေးရွာအတွင်းသို့ ဝင်ရောက်လာသည့် တပ်မတော် စစ်ကြောင်းတခုမှ တပ်ဖွဲ့ဝင် ၃ ဦးမှာ ထိုနေ့ ညနေ ၁၁ နာရီ အချိန်ခန့်တွင် အမျိုးသမီး ၁ ဦးအား စစ်ဆေးစရာ ရှိသည်ဟု ခေါ်ယူကာ အဓမ္မပြုကျင့်ခဲ့ သည် ဆိုသည့် ကိစ္စနှင့်ပတ်သက်ပြီး ကာယကံရှင် အမျိုးသမီးဖြစ်သူ ဒေါ်ဦးဌေးဝင်းက ဇူလိုင် လ ၁၀ ရက်နေ့တွင် စစ်တွေ မြို့မ ရဲစခန်း၌ အမှုဖွင့်လှစ်ခဲ့ပြီး စစ်တွေ ဆေးရုံတွင် ဆေး စစ်ဆေးချက်များ ခံယူခဲ့သည်။
ထိုတိုင်ကြားချက်အပေါ် စစ်တွေမြို့မ ရဲစခန်းမှ ပ / ၃၅၅ / ၂၀၂၀ ၊ ရာဇသတ်ကြီး ပုဒ်မ ၁၁၄ ပူးပေါင်းပါဝင်မှု၊ ရာဇသတ် ကြီး ပုဒ်မ ၃၆၆ မတရားသဖြင့် ကာမစပ်ယှက်မှု၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ မုဒိမ်းမှု စသည့် ပုဒ်မများဖြင့် အမှုဖွင့် ထားသည်။
ဥပဒေကုစားရေးအဖွဲ့ စစ်တွေရုံးခွဲမှ တရားလွှတ်တော်ရှေ့နေ ဒေါ်မြသူဇာက “ကာယကံရှင် အမျိုးသမီးက အခုထိ စိတ်ဒဏ်ရာတွေ ရနေတယ်။ ကျမတို့က တိုင်တန်းသူရဲ့ နစ်နာမှုအပေါ် တရားမျှတပြီး အမှန်တရား ပေါ်ပေါက်လာဖို့ အတွက် ဒီအမှုကို ဝန်းရံပြီး အားလုံးက စောင့်ကြည့်နေတယ်ဆိုပြီး ကြေငြာချက်ထုတ်ပြန်ပြီးတော့ အမှန်တရား ပေါ်ပေါက် လာဖို့ တောင်းဆိုရ တာ ဖြစ်ပါတယ် ” ဟု ပြောသည်။
အလားတူ ဝံလက်ဖောင်ဒေးရှင်းမှ ဒါရိုက်တာအဖွဲ့ဝင်တဦးဖြစ်သူ ဦးခိုင်ကောင်းစံကလည်း ရခိုင်စစ်ရေးပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံမှု ဖြစ်စဉ်များ အပေါ် ရှုတ်ချပြီး နစ်နာသည့် အမျိုးသမီးများအတွက် အမှန်တရား ပေါ် ပေါက် လာစေရန် ဝန်းရံသည့် သဘောဖြင့် အရပ်ဘက်အဖွဲ့အစည်းများ စုပေါင်း ကြေငြာချက် ထုတ်ပြန်ကာ တောင်းဆိုရ ဖြစ်သည်ဟု ဆိုသည်။
တပ်မတော်သား ၃ ဦးအား မုဒိမ်းမှုဖြင့် အမှုဖွင့်တိုင်တန်းသူ ဦးဂါကျေးရွာသူ အမှုနှင့် ပတ်သက်ပြီး လက်ရှိဆောင်ရွက်နေမှု အခြေအနေအား ဧရာဝတီမှ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်နိုင်အား ဆက်သွယ်မေးမြန်းခဲ့ရာ တစုံတရာ ပြောဆို၍ မရသေးကြောင်း ဖြေကြားသည်။
ထိုအရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ကြေငြာချက်တွင် မုဒိမ်းကျင့်ခံရသူ ဒေါ်ဦးဌေးဝင်း အတွက် တရားမျှတမှု ရရှိ ရေးအတွက် ရခိုင်ပြည်နယ်ရှိ အရပ်ဘက်အဖွဲ့အစည်းများက အစဉ်တစိုက် ဝန်းရံလျှက် စောင့်ကြည့်လျှက် ရှိကာ တရားမျှတမှု ရရှိရေးအတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် အပါအဝင် လွတ်လပ်ပြီး ဘက်မလိုက်သော စုံစမ်း စစ်ဆေးရေးအဖွဲ့မှ တရားမျှတမှု ရရှိသည်အထိ အဆောတလျင် စစ်ဆေးဖော်ထုတ်ပေးရန် တောင်းဆိုကြောင်း ဖော်ပြထားသည်။
ယင်းအပြင် လက်နက်ကိုင်ပဋိပက္ခအတွင်း အမျိုးသမီးများအား မုဒိမ်းပြုကျင့်ခြင်းနှင့် အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုဖြစ်ပေါ်နေခြင်း အပေါ် ရခိုင် အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် ပြင်းပြင်းထန်ထန် ရှု့တ်ချကြောင်း၊ နောင်တွင် လည်း မုဒိမ်းမှု အပါအဝင် အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ မဖြစ်ပေါ်စေရေးကို သက်ဆိုင်ရာ တာဝန်ရှိ သူများမှ ကြိုတင်ကာကွယ် တားဆီးဆောင်ရွက်မှုများကို လုပ်ဆောင်ပေးရန် စသည့် အချက်များလည်း ပါဝင်သည်။
ပြီးခဲ့သော ဇွန်လ ၂၉ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်ခန့်က တပ်မတော် စစ်ကြောင်း တခုသည် အဆိုပါ ဦးဂါ ကျေးရွာအတွင်း သေနတ်များ ပစ်ခတ်ကာ ဝင်လာပြီး တည်းခိုကာ တညအိပ်ခဲ့ကြောင်း၊ ထိုည ၁၁ နာရီခန့်တွင် ကာယကံ ရှင် အမျိုးသမီးနှင့် မိသားစုမှာ အိမ်တွင်း ပုန်းခိုနေစဉ် အိမ်ဘေးနားတွင် တည်းခိုသည့် တပ်မတော်သားများထဲမှ တပ်ဖွဲ့ဝင် ၃ ဦးက စစ်ဆေးစရာများ ရှိသည်ဟု ဆိုကာ အဓမ္မ ခေါ်ဆောင်ပြီး မုဒိမ်းကျင့်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ထို့နောက် ကာယကံရှင် အမျိုးသမီး လက်ထဲသို့ ငွေကျပ် ၂ သောင်းထည့်ပေးကာ မိသားစုဝင်များအား မပြောရန်နှင့် ယခု သတင်းအား လုံးဝ မပေါက်ကြားရန် ခြိမ်းခြောက်ကာ ပြန်လွှတ်ပေးလိုက်ကြောင်း၊ ထို့နောက် မုဒိမ်းကျင့်ရာတွင် ပါဝင်သည့် တပ်မတော်သား ၁ ဦး နေအိမ်ဘက်သို့ ထပ်မံ ရောက်ရှိလာပြီး အဓမ္မကျင့်ခဲ့ရသူ အမျိုးသမီး၏ အသက် ၁၉ နှစ်အရွယ် သမီးကိုလည်း ခေါ်ယူပြီး အဓမ္မပြုကျင့်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း လွတ်မြောက်ခဲ့ကြောင်း ကာယကံရှင်မှ ဇူလိုင်လအတွင်းက စစ်တွေ မြို့မ ရဲစခန်းတွင် အမှုဖွင့်ပြီးနောက် ပြန်ထွက်လာစဉ် သတင်းမီဒီယာများနှင့် တွေ့ဆုံကာ ဖြစ်စဉ်ကို ပြောပြခဲ့သည်။
ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေ့က အဓမ္မပြုကျင့်ခဲ့သူ အမျိုးသမီးနှင့်အတူ ပုန်းခိုနေထိုင်သည့် နေအိမ်တွင် အမျိုးသမီး ၅ ဦးနှင့် ကလေး ၃ ဦးရှိပြီး ကျေးရွာရှိ အမျိုးသားများမှာ တပ်မတော်စစ်ကြောင်း သေနတ်ပစ်ခတ် ဝင်ရောက်လာသည့်အတွက် မတရား ဖမ်းဆီးခံရမည်ကို စိုးရိမ်ကာ ရှောင်တိမ်းသွားခဲ့ကြောင်းလည်း ရွာသားများက ပြောကြသည်။
တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့ကမူ ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာရှိ အသက် ၃၇ နှစ်အရွယ်ရှိ အမျိုးသမီး ၁ ဦးအား တပ်မတော်သား ၃ ဦးမှ အဓမ္မပြုကျင့်သည် ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ဇူလိုင်လ ၂ ရက်နေ့က သတင်း ထုတ်ပြန်ထားသည်။
သို့သော် နစ်နာသည်ဆိုသည့် အမျိုးသမီး၏ ရဲစခန်းတွင် လာရောက် တိုင်တန်းထားမှု အပေါ် မှန်ကန်မှု ရှိ၊ မရှိဆိုသည်ကို တပ်မတော်ဘက်မှလည်း စုံစမ်း စစ်ဆေးစရာများကို ဆောင်ရွက်လျှက် ရှိကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြောသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “ အဲဒါနဲ့ပတ်သက်လို့ စစ်ဆေးနေတယ်။ တပ်အနေနဲ့လည်း အဲဒီရွာကို စစ်ဆေးတဲ့အခါမှာ ရွာလူကြီးတွေနဲ့ မေးထားတဲ့ ဘာကျူးလွန်မှုမှ မရှိဘူး ဆိုတဲ့ သက်သေခံ ဗွီဒီယိုဖိုင်တွေ၊ အသံဖိုင်တွေ တင်ပြထားတယ်။ စစ်စစ်ဆင်ရေးမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ဒီလူသက်သေတွေကို ခေါ်ယူပြီးတော့ အခုအချိန်ထိတော့ ကျနော်တို့ စစ်ဆေး လျှက် ရှိပါတယ်” ဟု ဧရာဝတီသို့ ဇူလိုင် ၂၈ ရက်နေ့က ပြောသည်။
အဆိုပါ ဦးဂါရွာသူအမှု အမှန်တရားပေါ်ပေါက်ပြီး တရားမျှတမှု ရရှိရန် တောင်းဆိုသည့် ရခိုင်အရပ်ဘက် လူမှု အဖွဲ့အစည်း များမှာ ရခိုင်အမျိုးသမီးများ အစည်းအရုံး (RWU)၊ ၈၈ – ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့၊ ဝံလက်ဖောင်ဒေးရှင်း၊ ရခိုင် လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့၊ Legal Clinic Myanmar (LCM)၊ Peasant Legal Aid Network (Plan) ၊ Rakhine Ethnic Congress (REC)၊ မာရမာကြီး လူငယ်ကွန်ရက် စသည့် ရခိုင်ပြည်နယ်အတွင်းမှ အရပ်ဘက် လူမှုအဖွဲ့ အစည်း ၁၂၁ ဖွဲ့မှ စုပေါင်းကာ ကြေငြာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
You may also like these stories:
တပ်မတော်သား ၃ ဦးအား မုဒိမ်းမှုဖြင့် ဦးဂါ ရွာသူ အမှုဖွင့်
အဓမ္မကျင့်မှုဖြင့် အမှုဖွင့်ထားသော တပ်မတော်သား ၃ ဦးကို တပ်တွင်း စစ်ဆေးမှုလုပ်နေ