ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ဘုရားများအား အတွင်းထဲထိ ဝင်ရောက် ဖူးမြော်ခွင့်ကို ယနေ့ ဇူလိုင်လ ၂၉ ရက် နံနက်မှ စတင်၍ ကန့်သတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် COVID 19 အတည်ပြုလူနာ တွေ့ရှိခဲ့ပြီး ၃ လခန့် အကြာတွင် အစိုးရက ခရီးသွားလာမှု ကန့်သတ်ချက်များ ဖြည်းဖြည်းချင်း ဖြေလျှော့လာမှုနှင့်အတူ ပြည်တွင်း ခရီးသွားတချို့ လာရောက်လည်ပတ်လျက်ရှိသည့် ပုဂံဒေသ၌ ဇွန်လဆန်းပိုင်းမှ စတင်ကာ ဂေါပကထားရှိသည့် ဘုရားကြီး ၁၇ ဆူကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ဝင်ရောက် ဖူးမြော်ခွင့်ပြုထားသည်။
၃ လခန့် ခရီးသွား လုပ်ငန်းဆိုင်ရာများ လုံးဝ ရပ်တန့်သွားပြီး ဝင်ငွေမရှိ ဖြစ်ခဲ့ရာမှ ပြည်တွင်းဧည့်သည်များ ပြန်ကျလာပြီး ဒေသခံများအတွက် မျှော်လင့်ချက် ရောင်ခြည်သန်းလာချိန်တွင် ယခုကဲ့သို့ ဘုရားများအား ဖူးမြော်ခွင့် ပြန်လည်ကန့်သတ် ခံလိုက်ရခြင်းလည်း ဖြစ်သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဧရာဝတီက ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုံးကို ဆက်သွယ်မေးမြန်းရာ “ဘုရားတွေက ပြန်ပြီးတော့ ပိတ်တာလည်း မဟုတ်ပါဘူး။ ပြန်ပြီး ဖွင့်ခဲ့တာလည်း မဟုတ်ပါဘူး။ ပုဂံဒေသမှာရှိတဲ့ ဘုရားတွေကို ကိုဗစ်ကာလအတွင်းမှာ နိုင်ငံတော်ရဲ့တားမြစ်မိန့်တွေနဲ့အတူ ပိတ်ထားခဲ့တာပဲ ဖြစ်တယ်။ ဒီနေ့အချိန်ထိ တရားဝင် ပြန်လည် ဖွင့်ခွင့်ပြုထားတာ မရှိသေးပါဘူး” ဟု ပြောဆိုသည်။
ပုဂံဒေသရှိ ဟိုတယ် ၆၄ လုံး ပြန်လည်ဖွင့်ခွင့် ပြုထားခြင်း၊ စားသောက်ဆိုင်များ ဖွင့်ခွင့်ပြုထားခြင်းနှင့် ခရီးသွားယာဉ်လိုင်းများ ပြန်ဖွင့်နေခြင်းတို့ကြောင့် ကိုဗစ်ကာလအတွင်း အိမ်တွင်းပုန်းနေရသည့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများ ပုဂံဒေသို့ လာရောက် လည်ပတ်မည်ကို မလာပါနှင့်ဟု ပြော၍ မရကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက ပုဂံ-ညောင်ဦး ဒေသသည် ခရီးသွားလုပ်ငန်းအပေါ် မှီတည်နေရခြင်းဖြစ်ရာ ဧည့်သည်များ လာမှသာ ဖွင့်ထားသည့်ဆိုင်များ ရောင်းရ၊ ဟိုတယ်များ ငှားရကာ ဒေသခံတို့၏ အလုပ်အကိုင် အခွင့်အလမ်းများ ရမည်ဖြစ်ရာ လာမည့်သူများအား ကြိုဆိုသော်လည်း ဘုရားများ ပိတ်ထားသည့်အတွက် အဆင်ပြေသလို ဖူးမြော်ပြီး ကျန်းမာရေး ညွှန်ကြားချက်များကို လိုက်နာစေချင်သည် ဟုလည်း ပြောဆိုသည်။
ဦးကျော်ကျော်အုံးက “အဝေးကနေ ဖူးလို့ ရမယ်။ ဝင်လို့ရတဲ့ နေရာတွေမှာ ဝင်ပြီးဖူးလို့ရမယ်။ နားလို့ရမယ်။ Sunset ကြည့်လို့ရတဲ့ နေရာတွေမှာ Sunset ကြည့်လို့ ရမယ်။ ဝတ်ပြုဆုတောင်းမှုတွေ မလုပ်ရဘူး။ လူစုလူဝေး မလုပ်ရဘူး ညွှန်ကြား ထားတာ ဖြစ်တဲ့အတွက် ဘုရားထဲဝင်ပြီးတော့ လူစုလူဝေးနဲ့ ဘုရားဝတ်ပြု ဆုတောင်းတာတွေ မဖြစ်အောင်တော့ ဒါ ထိန်းသိမ်းတဲ့ သဘောပါပဲ” ဟု ရှင်းပြသည်။
ဘုရားဂေါပကများ အနေဖြင့် နိုင်ငံတော်က ထုတ်ပြန်သည့် အမိန့်များကို တိတိကျကျ လိုက်နာရန် ယမန်နေ့က တရားဝင် ခေါ်ပြောထားကြောင်း၊ နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း ဖွင့်ပါ ဆိုသည်မှာလည်း ပြီးခဲ့သည့် ဧပြီ တလအတွက်သာ ထုတ်ပြန်ထားသည့် အမိန့်ဖြစ်ပြီး ယင်းအပေါ် နားလည်မှု လွဲနေခြင်းသာ ဖြစ်ကြောင်း၊ ယင်းအမိန့်သည် ဧပြီ ၃၀ ရက်ကတည်းက သက်တမ်းကုန်သွားပြီဖြစ်ရာ ပျက်ပြယ်သွားပြီ ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောဆိုသည်။
မြင်းလှည်းဆရာ ကိုကျော်ထွန်းက “၁၇ ဆူလို့တော့ ပြောတယ်။ နာမည်ကြီး ဘုရားတွေပေါ့။ နဂိုကတည်းက ဘုရားတွေက အထက်အမိန့်နဲ့ ဖွင့်ထားတာ မဟုတ်ဘူး။ ဒီလိုပဲ ကိုယ့်ချင်းကိုယ်ချင်း နားလည်မှုလေးတွေနဲ့ တိုးဖွင့်နေတာပေါ့။ အဲဒါကို အခုကျတော့ ထုချေလွှာတောင်းလို့ ပိတ်တာလို့ ကြားတယ်။ သေချာတော့ မသိဘူး” ဟု ဧရာဝတီကို ပြောသည်။
လာမည့် ပိတ်ရက်အတွင်း ပုဂံသို့ လာလည်ရန် ရည်စူးနေကြသည့်အတွက် ဧည့်သည်များ ပြုံကျလာပြီး ထိန်းမနိုင်သိမ်းမနိုင် ဖြစ်မည် စိုး၍ ယခုကဲ့သို့ ပိတ်လိုက်သည့် သဘောဖြစ်ပြီး ကြာရှည် ပိတ်ထားမည်ဟု မထင်ကြောင်း ၎င်းက ဆိုသည်။
ပုဂံဒေသသည် အထင်ကရနေရာ ဖြစ်ခြင်း၊ ဒေသခံများ အနေဖြင့် ခရီးသွားလုပ်ငန်းအပေါ် မှီတည်နေရခြင်း စသည့် အချက်များကြောင့် ဘုရားများအား စနစ်တကျ ဖွင့်ခွင့်၊ ဖူးမြော်ခွင့်ပြုရန် နိုင်ငံတော် အကြီးအကဲများအနေဖြင့် စဉ်းစား ပေးသင့်သည်ဟုလည်း ဒေသခံများက တောင်းဆိုကြသည်။
ပုဂံဘုရားများအား ယနေ့နံနက်မှ စတင် ပိတ်လိုက်ပြီ ဖြစ်ကြောင်း၊ ပုဂံဒေသသို့ လာရောက်မည့် ဘုရားဖူးဧည့်သည်များ အနေဖြင့် ဘုရားအတွင်း ဝင်ရောက် ဖူးမြှော်လိုပါက မိမိတို့နေထိုင်ရာ သက်ဆိုင်ရာ ရပ်ကွက်မှ ၇၂ နာရီအတွင်း ယူထားသော ကျန်းမာရေး ထောက်ခံချက် ယူလာရန် လိုအပ်ကြောင်း ဂေါပက အဖွဲ့ဝင် တဦးထံက သိရသည်။
နေပြည်တော်ကောင်စီ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့ အဝင်အထွက် ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးဆောင်ရွက်မှုများအား ဇူလိုင် ၁၅ ရက်မှ စတင်ကာ ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။
သို့သော် ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှု ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၀ ဇူလိုင် ၃၁ ရက်ထိ ထုတ်ပြန်ထားသော ပြည်သူသို့ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြေညာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့၊ တိုးမြှင့်ရန် လိုအပ်သည့်ကိစ္စရပ်များ မပါ) အား ၂၀၂၀၊ သြဂုတ် ၁၅ ရက်ထိ ရက်တိုးမြှင့် သတ်မှတ်ဆောင်ရွက်ကြောင်း ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဇူလိုင် ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။
အထူးသဖြင့် လူ ၁၅ ဦးထက် ပိုပြီးမစုဝေးရန်၊ ပွဲလမ်းသဘင်များ ကျင်းပခြင်း မပြုရန်နှင့် ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရ အမိန့်များ ဆက်လက် ရှိနေသေးခြင်း ဖြစ်သည်။
You may also like these stories:
ပုဂံ ယွန်းထည်လုပ်ငန်း အသက်ငင်နေပြီ
အမွေအနှစ်ပေါ် ထိခိုက်တာ၊ တရားမဝင်တာ မှန်သမျှ လူတန်းစားမရွေး အရေးယူတာပဲ