နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ 1 Malaysia Development Berhard မှ ဒေါ်လာဘီလီယံများစွာ အဂတိလိုက်စားမှုများအနက် ပထမဆုံးအမှုအဖြစ် အင်္ဂါနေ့တွင် တရားရုံးက မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် အဗဒူလ် ရာဇတ်ကို ထောင် ၁၂ နှစ် ချမှတ်လိုက်သည်။
အသက် ၆၇ နှစ်ရှိပြီဖြစ်သော နာဂျစ်အပေါ် ထိုစီရင်ချက်သည် 1MDB မှ ရင်းဂစ် ၄၂ သန်း (ဒေါ်လာ ၉.၉ သန်း) ကို ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း သူ၏ ပုဂ္ဂလိက ဘဏ်စာရင်းသို့ လွှဲပြောင်းမှုနှင့် ပတ်သက်နေသည်။
သူ၏ ခုခံကာကွယ်မှုမှာ ထိုငွေသည် သူ့အား ဆော်ဒီရှိတော်ဝင်မိသားစုက လှူဒါန်းမှုဖြစ်သည်ဟု ထင်မှားမိသောကြောင့်ဖြစ်သည်ဟု သူပြောသည်။
1MDB မှ ဒေါ်လာ ၄.၅ ဘီလျံ ခိုးယူမှုစွပ်စွဲချက်ကို လူသိရှင်ကြားဖြစ်လာပြီးနောက် နာဂျစ်ကို ၂၀၁၈ ခုနှစ်တွင် ရာထူးမှ ပြုတ်ကျစေခဲ့သည်။
ကွာလာလမ်ပူ တရားရုံးချုပ်က နာဂျစ်ကို ငွေကြေးခဝါချမှု စွဲချက် ၃ ခု၊ ယုံကြည်အပ်နှံမှု ဖေါက်ဖျက်မှု စွပ်စွဲချက် ၃ ခု၊ အာဏာအလွဲသုံးစားမှု စွပ်စွဲချက် ၁ ခုဖြင့် စီရင်ချက်ချမှတ်လိုက်ခြင်းဖြစ်သည်။ ထိုစွဲချက် ၇ ခုလုံးတွင် အပြစ်မရှိကြောင်း သူ ငြင်းသည်။
“စီရင်မှုသည် အမှုမှန်ကန်ကြောင်းသက်သေပြနေသည်ကို ကျိုးကြောင်းဆီလျှော်သည် သံသယမရှိပေ။ ထို့ကြောင့် စွပ်စွဲခံရသူသည် စွဲချက် ၇ ခုလုံးအတွက် အပြစ်ရှိကြောင်း မိမိမြင်သည်” ဟု တရားသူကြီး မိုဟာမက် နက်ဇလန် မိုဟာမက် ဂါဇာလီပြောသည်။
ထို့နောက် တရားသူကြီးက နာဂျစ်ကို ထောင် ၁၂ နှစ်ချပြီး အာဏာအလွဲသုံးစားမှု တခုအတွက် ဒဏ်ငွေ ရင်းဂစ် သန်း ၂၁၀ ချမှတ်သည်။ ထို ၁၂ နှစ်တွင် ယုံကြည်အပ်နှံမှု ဖေါက်ဖျက်သည့် ရာဇဝတ်မှုစွပ်စွဲချက် ၃ ခု အတွက် ထောင် ၁၀ နှစ် နှင့် ငွေကြေးခဝါချမှု စွပ်စွဲချက် ၃ ခုအတွက် ထောင် ၁၀ နှစ်ပါဝင်သည်။
ထိုထောင်ဒဏ်များအားလုံးကို တပေါင်းတည်းကျခံရမည်ဖြစ်ပြီး နာဂျစ်သည် စုစုပေါင်း ထောင်တွင် ၁၂ နှစ်နေရမည်ဖြစ်ကာ ငွေဒဏ် ရင်းဂစ်သန်း ၂၁၀ မပေးလျှင် နောက်ထပ်ထောင်ဒဏ် ၅ နှစ်ကျခံရမည်ဖြစ်သည်။
ပြည်ပအစိုးရတခုက နာဂျစ်၏ ငွေစာရင်းသို့ ငွေလွှဲပေးသည်ဆိုသော ခုခံချေပမှုသည် ယုတ္တိဗေဒနှင့် ကျိုးကြောင်းဆီလျှော်သော အမြင်များနှင့် ဆန့်ကျင်နေကြောင်း တရားသူကြီးက ပြောကြားပယ်ချခဲ့သည်။
“အာရပ်ကလှူတယ်ဆိုတဲ့ ခုခံချေပချက်ဟာ ကိုယ်ကျိုးရှာတာဖြစ်တယ်လို့ မမြင်ဖို့ အရမ်းကို ခက်ခဲနေတယ်” ဟု တရားသူကြီးပြောသည်။
တရားရုံးမှ တရားခံထိုင်သောနေရာတွင် ထိုင်နေသော နာဂျစ်သည် ထိုစီရင်ချက်ကို ချမှတ်ချိန်တွင် တည်ငြိမ်နေပုံရသည်။
ထိုနောက် သူအာဏာရခဲ့သည့် ၉ နှစ်တာကာလအတွင်း နိုင်ငံအတွက် စီးပွားတိုးတက်အောင် လုပ်ဆောင်ပေးခဲ့သောကြောင့် ပိုမိုသက်ညှာသော ပြစ်ဒဏ်ချမှတ်ရန် သူ တောင်းဆိုသည်။
ထိုနောက်သူက သူ၏စကားကို ကိုရမ်ကျမ်းမှ လင်္ကာများဖြင့် အဆုံးသတ်ပြီး “ရင်းဂစ် ၄၂ သန်းကို ကျနော်မတောင်းခဲ့ဘူး။ ရင်းဂစ် ၄၂ သန်းကို ကျနော် မကြံစည်ခဲ့ဘူး၊ ကျနော့်ကိုလည်း ရင်းဂစ် ၄၂ မပေးခဲ့ဘူး။ အဲဒီလိုပြောတဲ့ သက်သေလည်း မရှိဘူး။ ရင်းဂစ် ၄၂ သန်းအကြောင်း ကျနော် ဘာမှမသိဘူး။ ဒါပဲ ကျနော်ပြောလို့ရတယ်” ဟု ဘုရားထံသို့ ကျိန်ဆိုသည်။
သူ၏သားများနှင့် သမီးများသည်လည်း တရားရုံးတွင် သူနှင့်အတူ ရှိနေကြသည်။
တရားရုံးပြင်ပတွင်မူ သူ့ကိုထောက်ခံသူများ ဘတ်စ်ကားများဖြင့် ရောက်လာကြပြီး စီရင်ချက်ချသောအခါ ခေါင်းဆောင်ကြီး အသက်ရှည်ပါစေ၊ ခေါင်းဆောင်ကြီးကို လွှတ်ပေးပါ ဟု အော်ဟစ်ကြသည်။ ခေါင်းဆောင်ကြီး ဟူသောစကားမှာ နာဂျစ်ကို ရာထူးမှ ပြုတ်ကျပြီးနောက် အလုပ်သမားလူတန်းစားအတွက် ရပ်တည်သူအဖြစ် ပုံဖေါ်ရန် လုပ်ဆောင်သည့် လှုပ်ရှားမှု၏ စကားလုံးဖြစ်သည်။
ယခင် 1MDB ၏ လုပ်ငန်းခွဲဖြစ်သော SRC International Sdn. Bhd နှင့်ပတ်သက်သောအမှုသည် နာဂျစ်ရင်ဆိုင်နေရသည့် အမှု ၅ မှုအနက် ပထမဆုံး အမှုဖြစ်သည်။
သူသည် ၂၀၀၉ ခုနှစ်တွင် အာဏာရပြီးနောက် သူတည်ထောင်ခဲ့သည့် 1MDB နှင့် ပတ်သက်သည့် အမှုပေါင်း ၄၂ မှု ရင်ဆိုင်နေရသည်။
ယခင်က သူ၏ ဆရာနှင့် ဝန်ကြီးချုပ်ဟောင်းဖြစ်သူ မဟာသီယာ မိုဟာမက် အာဏာပြန်လည်ရရှိခဲ့သည့် အထွေထွေရွေးကောက်ပွဲ အပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က နာဂျစ်ကို ဖမ်းဆီးခဲ့သည်။
အာဏာရှိစဉ်အတွင်း နာဂျစ်သည် ထိုရန်ပုံငွေကိစ္စ စုံစမ်းစစ်ဆေးမှုကို တားဆီးခဲ့ပြီး စုံစမ်းစစ်ဆေးသူများကို အလုပ်မှ ထုတ်ပယ်သည်။ ထိုစဉ်က သူ၏လက်ထောက်ဖြစ်သည့် မူယစ်ဒင် ယာဆင်က ထိုကိစ္စကို လူသိရှင်ကြားပြောကြားသော အခါတွင်ပင် ရာထူးမှ ထုတ်ပယ်ခဲ့သည်။
ထူးခြားသော ကံကြမ္မာအပြောင်းအလဲမှာ ၂၀၁၈ ရွေးကောက်ပွဲတွင် နာဂျစ်ကို တိုက်ခိုက်ရန် မဟာသီယာနှင့် ပေါင်းခဲ့သည့် မူရစ်ဒင်သည် မဟာသီယာ ရာထူးမှ နုတ်ထွက်ပြီးနောက် ဝန်ကြီးချုပ်ဖြစ်နေခြင်းဖြစ်သည်။ နာဂျစ်ကို ဖြုတ်ချခဲ့သည့် မဟာမိတ်များအတွင်း အကွဲအပြဲများနှင့် ခွဲထွက်မှုများကြောင့် မဟာသီယာ ရာထူးမှ နုတ်ထွက်ခြင်းဖြစ်သည်။
မူရစ်ဒင်သည် မတ်လက အစိုးရဖွဲ့စည်းရန် နာဂျစ်၏ သြဇာသက်ရောက်နေဆဲဖြစ်သည့် UMNO နှင့် ပူးပေါင်းခဲ့သည်။
နာဂျစ်ကို စီရင်မှုကြောင့် မူရစ်ဒင်၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ယုံကြည်မှုမြင့်မားစေနိုင်သော်လည်း အရေးပါသည့် UMNO ထောက်ခံမှု ဆုံးရှုံးနိုင်မည့် နိုင်ငံရေးအရပေးဆပ်မှု ရှိလာနိုင်သည်။
စီရင်ချက်ကို အယူခံဝင်မည်ဖြစ်ကြောင်း နာဂျစ်၏ ရှေ့နေ ရှဖီး အဗဒူလာပြောသည်။
ထိုစီရင်ချက်ကြောင့် နာဂျစ်သည် နောင်တွင် ရွေးကောက်ပွဲ ဝင်ခွင့်ရမည် မဟုတ်ပေ။
ခုခံချေပသည့်ဖက်က လျှောက်ထားသည့် ထောင်ဒဏ်နှင့် ငွေဒဏ် ဆိုင်းငံ့ထားရန်ကို တရားသူကြီးက ခွင့်ပြုပြီး အာမခံငွေကို ရင်းဂစ် ၂ သန်းသို့ ၂ ဆတိုးမြှင့်လိုက်သည်။
ကိုးကား ။ ။ Kyodo
You may also like these stories:
မလေးရှား ငွေကြေး အရှုပ်တော်ပုံကြောင့် ဆွစ်ဇာလန်ဘဏ် ပြိုလဲခဲ့
နာဂျစ်နှင့် ဘဏ္ဍာရေးအကြီးအကဲဟောင်းကို စွဲချက် ၆ခုဖြင့် ထပ်မံစွဲဆို
ဝန်ကြီးချုပ်သစ်နဲ့အတူ အရှုပ်ထုပ် မလေးရှားပါတီများ ထိပ်ပိုင်းသို့ ပြန်လည်ရောက်ရှိ
အသက်ကြီးပေမယ့် တိုက်ပွဲတပွဲ ထပ်နွှဲဦးမယ့် မဟာသီယာ