လမ်းအရှည် ၁ မိုင်လျှင် မြန်မာကျပ်ငွေ ၂၂ ဘီလီယံခန့်ထိ ကုန်ကျမည့် ပဲခူး-ကျိုက်ထို အမြန် လမ်းမကြီး ဖောက်ရန် အာရှဖွံ့ဖြိုးရေးဘဏ်မှ အမေရိကန်ဒေါ်လာ ၄၈၃.၈ သန်း ချေးငွေရယူမည့် အစီအစဉ် ယနေ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနက ဆောင်ရွက်မည့် မဟာမဲခေါင်ဒေသခွဲအတွင်းရှိ လမ်းမ ကြီးများ ဖွံ့ဖြိုးရေးဆောင်ရွက်ရန် ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီးစီမံကိန်း Second GMS Highway Modernization Project ( Bago-Kyaikto Expressway Project) အတွက် ယခုကဲ့သို့ ချေးယူရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။
ထိုချေးယူမှုနှင့် ပတ်သက်၍ ဇူလိုင်လ ၂၇ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် အစိုးရက တင်ပြ ထားသည့် ယင်းစီမံကိန်းနှင့် ပတ်သက်၍ ဝေဖန်ဆွေးနွေးမှုများလည်း ရှိခဲ့သည်။
ယနေ့တွင်လည်း လွှတ်တော်အတွင်း သဘောမတူသူများ ရှိသောကြောင့် ချေးငွေရယူရန် ထောက်ခံသူက မတ်တပ်ရပ်ရသည့် စနစ်ဖြင့် ဆုံးဖြတ်ရာတွင် ထောက်ခံသူများမှာ ယနေ့အစည်းအဝေးတက်ရောက်သူ၏ ထက်ဝက်ကျော် ရှိသောကြောင့် ယင်းချေးငွေရယူမှုမှာ အတည်ဖြစ်ခဲ့သည်။
အာဏာရပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ကိုယ်စားလှယ် အများစုက ချေးငွေ ချေးယူရန် မတ်တပ်ရပ် ထောက်ခံခဲ့ကြပြီး တပ်မတော်သားကိုယ်စားလှယ်များနှင့် အခြားလွှတ်တော် ကိုယ်စားလှယ် အချို့ကမူ ယင်းချေးယူမှုကို သဘောမတူသောကြောင့် မတ်တပ်မရပ်ဘဲ နေခဲ့ကြသည်။
အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ အသုံးပြုမည့် ငွေပမာဏများမှာ များပြားလွန်းနေပြီး သေချာပြန် စိစစ်ရန် လိုကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က ဇူလိုင်လ ၂၇ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အကြံပြုဆွေးနွေးခဲ့သည်။
ယခုချေးငွေအတည်ပြုခဲ့သည့် ပဲခူး-ကျိုက်ထို အမြန်လမ်းမှာ ၃၉ မိုင်နီးပါးသာ ရှည်လျားပြီး ရယူခဲ့သည့် ချေးငွေပမာဏဖြင့် ပြန်လည်တွက်ချက်ပါက ၁ မိုင်လျှင် မြန်မာကျပ်ငွေ ၂၂ ဘီလီယံခန့် ကုန်ကျမည် ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။

“ပိုရင်ပြန်အပ်မယ်ဆိုတိုင်း ချေးငွေကို ခွင့်ပြုရတာတော့ သိပ်တော့ သဘာဝမကျဘူး။ ဒီလမ်းကို မကန့် ကွက်ဘူး။ ချေးငွေကိုလည်း မကန့်ကွက်ဘူး။ နင်းကန်ကြီး တွက်ထားပြီးတော့ ငွေပိုမှ ပြန်အပ်ပါမယ်ဆိုတဲ့ စနစ်မျိုးကို မကြိုက်တာ”ဟု ယနေ့ ယင်းချေးငွေကိုအတည်ပြုအပြီးတွင် ဒေါ်ယဉ်မင်းလှိုင်က ဧရာဝတီကို ပြောသည်။
အဆိုပါချေးငွေများ ချေးယူမည့်ကိစ္စရပ်များကို အချိန်ယူကာ သက်ဆိုင်ရာ လွှတ်တော်ကော်မတီများနှင့် တိုင်ပင်ဆွေးနွေးသင့်ကြောင်း ၎င်းက အကြံပြုသည်။
ယင်းအမြန်လမ်းစီမံကိန်း ဈေးနှုန်းကြီးမြင့်ရခြင်းမှာ လမ်းပိုင်းတွင်ပါဝင်မည့် တံတားငယ်၊ မြောင်းကူး ရေပြွန် များ၊ Under Pass များ စသည့် တံတားငယ် ၃၅၁ စင်းပါဝင်ခြင်း၊ ကူးပြောင်းလမ်း ၄ခုပါဝင်ခြင်း၊ လမ်း၏ တာဘောင်အမြင့်မှာ ၄.၅ မီတာမှ ၁၁ မီတာထိမြင့်ခြင်း တို့ကြောင့်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးက ဦးကျော်လင်းက ယနေ့ လွှတ်တော်အစည်းအဝေးတွင် ပြန်လည် ရှင်းလင်းသည်။
ထို့ပြင် ADB ချေးငွေဖြင့် ဆောင်ရွက်သော အခြားစီမံကိန်းများဖြစ်သည့် မအူပင်-ဖျာပုံလမ်း၊ အိန္ဒု-ကော့ကရိတ်လမ်းတို့၏ တမိုင်နှုန်းထားများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းပိုများနေခြင်းမှာ ၎င်းလမ်းများသည် ၂ လမ်းသွား၊ အကျယ် ၁၀ မီတာသာရှိသည့်အပြင် မူလ လမ်းဟောင်း၏ လမ်းအူကြောင်းအတိုင်း အဆင့်မြှင့် တင်သော လမ်းများသာဖြစ်သည်။
ယခုလမ်းများမှာ လမ်းအူကြောင်းအသစ် ဖောက်လုပ်ရသလို လမ်းအကျယ်မှာလည်း နိုင်ငံတကာအဆင့်မီ ၂၁.၅ မီတာအကျယ်၊ လေးလမ်းသွား နိုင်လွန်ကတ္တရာလမ်း ဖြစ်သောကြောင့် ကုန်ကျစရိတ် ပိုမိုများ ပြားရ ခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဒုဝန်ကြီးက ပြောသည်။
ယခုချေးယူမည့်ချေးငွေမှာ စီမံကိန်းနှင့် နှိုင်းယှဉ်ပါက များပြားသည်ဟု ယူဆရသော်လည်း ယင်းစီမံကိန်း ပြုလုပ်မည့်ဒေသမှာ ရေဝပ်ဧရိယာများရှိပြီး ရေကြီးရေလျှံခြင်းများ ဖြစ်လာပါက တာလမ်းပေါ်သို့ လာရောက်ခိုလှုံနိုင်ရန် တာဘောင်အမြင့်များ ဆောက်လုပ်ခြင်း အပါအဝင် အခြားနည်းပညာဆိုင်ရာ စနစ်တကျ တည်ဆောက်မည့် လုပ်ငန်းများကြောင့် ငွေကြေးဆိုင်ရာ ပိုမိုကုန်ကျခြင်းဖြစ်နိုင်ကြောင်း ဆိပ်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိုက်ကပြောသည်။
“ချေးတဲ့ငွေတွေ ခဏခဏ ဆွေးနွေးနေရတာပဲ၊ မပေးလို့လည်း မရဘူး။ တို့နိုင်ငံက တိုးမှမတိုးတက်တာ။ တို့ကရင်နာနာနဲ့ လုပ်ရတာပေါ့။ သူတို့ကောင်းကောင်းမွန်မွန်လုပ်ကြဖို့ပဲ အဓိကပဲ”ဟု ၎င်းကပြောသည်။
ယခုချေးငွေရယူမည့် လမ်းပိုင်းစီမံကိန်းမှာ ၆၂ ကီလိုမီတာ (၃၈မိုင်ကျော်) ရှည်လျားပြီး ၄ လမ်းသွား နိုင်လွန်ကတ္တရာလမ်း ဖြစ်ကာ စီမံကိန်းကာလကို ၂၀၂၁ ခုနှစ်မှ ၂၀၂၇ ခုနှစ်ထိ သတ်မှတ်ထားကြောင်း စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှု ဝန်ကြီးဌာနမှ သိရသည်။
ADB ၏ချေးငွေဆိုင်ရာ စည်းကမ်းချက်များအရ ယခုချေးငွေမှာ ဆိုင်းငံ့ကာလ ၈ နှစ် ပြန်ဆပ်ကာလ ၂၅ နှစ်ဖြစ်သောကြောင့် ချေးငွေကာလ ၃၂ နှစ်ကြာမြင့်မည်ဖြစ်ပြီး အတိုးနှုန်းမှာ ဆိုင်းငံ့ကာလတွင် ၁ ရာခိုင်နှုန်းနှင့် ပြန်ဆပ်ကာလတွင် ၁.၅ ရာခိုင်နှုန်းဖြင့် ပြန်လည်ပေးဆပ်သွားရမည် ဖြစ်သည်။

စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက“ချေးငွေအပြည့်အ၀ ထုတ်ယူ သုံးစွဲပြီးချိန်မှာ ဆိုင်းငံ့ကာလအတွင်းမှာ တနှစ်ကို အတိုး အမေရိကန်ဒေါ်လာ ၄.၈ သန်း၊ ပြန်ဆပ်ကာလ အတွင်းမှာ တနှစ်ကို အရင်းအတိုးပေါင်း အမေရိကန်ဒေါ်လာ ၂၇.၃ သန်းခန့်တို့ကို နှစ်စဉ် ပြန်လည်ပေးဆပ် သွားရမှာဖြစ်ပါတယ်”ဟုပြောသည်။
ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီး စီမံကိန်းသည် မဟာမဲခေါင်ဒေသတွင်း စီးပွားရေးစင်္ကြန်လမ်းမကြီး၏ အစိတ်အပိုင်းတခုပြီး ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ ဒါနန်းဆိပ်ကမ်းစတင်ကာ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း နိုင်ငံများကို ဖြတ်ကာ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း အထိ ဆက်သွယ်ထားသည့် လမ်းဖြစ်လာမည်ဖြစ် ကြောင်း စီမံကိန်းဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ သိရသည်။
ထိုစီးပွားရေးစင်္ကြန်လမ်မကြီး၏ မြန်မာနိုင်ငံဖြတ်သန်းလမ်းပိုင်းများကို အဆင့်မြှင့်တင်လျက်ရှိပြီး ထိုလမ်းပိုင်းများအနက် ကော့ကရိတ်-မြဝတီလမ်း ကိုအဆင့်မြှင့်တင်ပြီးဖြစ်ကြောင်း၊ အိန္ဒု-ကော့ကရိတ်လမ်းလည်း မကြာခင်ပြီးစီးတော့မည် ဖြစ်သလို ပဲခူးတိုင်းမှ ရန်ကုန် သီလဝါဆိပ်ကမ်းကို ဝင်ရမည့် ပဲခူး-သန်လျင်လမ်း အဆင့်မြှင့်တင်ရေးကိုလည်း ADB အကူအညီဖြင့် တည်ဆောက်ရေးလုပ် ငန်းများ စတင်တော့မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
ယခုအကောင်အထည်ဖော်မည့် ပဲခူး-ကျိုက်ထိုလမ်းပိုင်းတွင် စစ်တောင်းမြစ်ကူးတံတား တခုကိုလည်း တည်ဆောက်ရမည်ဖြစ်ပြီး ထိုတံတားတည်ဆောက်ရန်အတွက်မူ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ထံမှ ဂျပန်ယန်း ၂၇ ဒသမ ၇၇၉ ဘီလီယံ ချေးယူရန်လည်းလွှတ်တော်က ယနေ့တွင် ထပ်မံအတည်ပြုခဲ့သည်။
You may also like these stories:
သစ်တွေ ကွန်တိန်နာလိုက် ပို့ခွင့်ရတာကိုက သဘာဝမကျဘူး
ရန်ကုန် မိုးပျံလမ်းအပိုင်း ၁ ယခုနှစ်အတွင်း စမည်