ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (Arakan League for Democary-ALD) ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် စစ်တွေနှင့် မောင်တောခရိုင်တို့၌ ဝင်ရောက်ယှဉ်ပြိုင်ရန် မသေချာကြောင်း ပါတီအတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။
ဦးမျိုးကျော်က “အခုအချိန်ထိတော့ စစ်တွေခရိုင်နဲ့ မောင်တောခရိုင်တို့မှာ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အမည် စာရင်း မတက်လာသေးဘူး။ ကျနော်တို့ ကြိုးစားညှိနှိုင်းနေတုန်းပဲ ရှိသေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ခရိုင်၂ ခု အတွင်း ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းများ လျှောက်ထားမှု မရှိခြင်းမှာ ALD ပါတီ အနေဖြင့် စနစ်တကျ တည်ဆောက်ထားခြင်း မလုပ်နိုင်သေးသလို တည်ထောင်ထားသည့် မြို့နယ် တချို့တွင် လည်း အားနည်းချက်များ ရှိနေသေးသည့်အတွက် ထိုသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ မရွေးချယ် နိုင်သေးခြင်း ဖြစ်ကြောင်း ဦးမျိုးကျော်က ဆိုသည်။
“ကိုယ်စားလှယ်လောင်းစာရင်း တက်မလာတာက အကြောင်းတစုံတရာ ရှိလို့တော့ မဟုတ်ပါဘူး။ ပါတီအနေနဲ့ တည် ဆောက်ပြီးသား မရှိလို့ပဲ ပြောရမှာပေါ့။ ပုဏ္ဏားကျွန်းမှာ တည်ဆောက်ပြီးသား ရှိတယ်ဆိုပေမယ့် အားနည်းတယ်။ ပေါက် တောမှာလည်း နယ်မြေ အခြေအနေအရ အခက်အခဲ ရှိပုံရတယ်။ ရက်ကလည်း သိပ်မကျန်တော့ဘူး ဆိုတော့ ဒီတရက် နှစ်ရက်မှာ အဖြေတခုတော့ ထွက်လာပါလိမ့်မယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
သို့သော်လည်း သံတွဲခရိုင် အတွင်းက သံတွဲ၊ တောင်ကုတ်၊ အမ်း စသည့် မြို့နယ်များတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်သလို ကျောက်ဖြူခရိုင် ဖြစ်သည့် ကျောက်ဖြူ၊ အမ်း၊ ရမ်းဗြဲ၊ မာန်အောင် စသည့် မဲဆန္ဒနယ်တို့တွင် အင်တိုက်အား တိုက် ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းလည်း ယင်းပါတီမှ ခေါင်းဆောင်များက ပြောသည်။
မြောက်ဦးခရိုင်အတွင်းက မြို့နယ် ၄ မြို့နယ်တွင်မူ ကျောက်တော်မဲဆန္ဒနယ် တခု၌သာ ပါတီကိုယ်စားပြု ကိုယ်စားလှယ် လောင်းများ ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ALDပါတီ ခေါင်းဆောင်များက ဧရာဝတီသို့ ပြောသည်။
ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအနေဖြင့် လာမည့်၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အပြင် ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်ရန် စီစဉ်ခဲ့ ကြောင်းလည်း သိရသည်။
သို့သော်လည်း ရန်ကုန်တိုင်း ဒေသကြီးတွင် တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် ယှဉ်ပြိုင်မည့် လက်ရှိအမျိုးသား လွှတ် တော် အမတ် ဒေါ်ထုမေမှာ ရခိုင်အမျိုးသား ပါတီ (ANP) မှ နုတ်ထွက်ခွင့် မပြုသဖြင့် ပါတီ ကိုယ်စားမပြုဘဲ တသီးပုဂ္ဂလ က ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်းလည်း ALD ပါတီ ခေါင်းဆောင်များက ဆိုသည်။
လက်ရှိ အခြေအနေအတွင် ANP နုတ်ထွက်ထားသူ ပြည်နယ် လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးမြသန်း၊ ပြည်နယ် စိုက်ပျိုးရေး ဝန်ကြီး ဦးကျော်လွင်နှင့် အမ်းမဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဌေးတို့မှာ ALD ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းများ အဖြစ် လျှောက်လွှာ တင်ထားကြောင်း သိရသည်။
ရခိုင်ပြည်နယ်၌ လက်ရှိအခြေအနေတွင် တပ်မတော်နှင့် AA တို့၏ စစ်ရေးပဋိပက္ခ အပါအဝင် နိုင်ငံရေး အရ တိုးတက် ပြောင်းလဲမှုများကို မခံစားရဖြင့် ရခိုင်တိုင်းသားများမှာ လွှတ်တော်နိုင်ငံရေး အခင်းအကျင်းနှင့် လာမည့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှု အားနည်းသည်ကို တွေ့မြင်နေရကြောင်း ဒေသအခြေစိုက် ဝံလက် ဖောင်ဒေးရှင်းမှ ဒါရိုက်တာအဖွဲ့ဝင် ဖြစ်သူ ဦးခိုင်ကောင်းစံက သုံးသပ်သည်။
ဦးခိုင်ကောင်းစံက “စစ်ရေး ပဋိပက္ခကြောင့် ပြည်သူတွေက မဲပေးဖို့ထက် မိမိတို့ အသက်ရှင် ရပ်တည်ဖို့ကိုပဲ လုံးပမ်းနေရ တော့ လွှတ်တော် နိုင်ငံရေးကို ရခိုင်ပြည်သူတွေ စိတ်ဝင်စားမှု တော်တော် အားနည်းနေတယ်။ လွှတ်တော်မှာလည်း အဆိုတင်ခွင့် ကန့်သတ်ခံရ၊ ပယ်ချခံရမှု ရှိတာတွေကို မြင်တွေ့နေရတယ်။ နိုင်ငံရေး ပါတီတွေအနေနဲ့ မလုပ်နိုင် မကိုင်နိုင် ဆိုတော့ ပြည်သူတွေက လွှတ်တော် နိုင်ငံရေးကို အားမသန်တော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “နိုင်ငံရေး ပါတီတွေကို လေ့လာကြည့်တော့လည်း နိုင်ငံရေးထက် လွှတ်တော်အမတ် လုပ်ချင်တဲ့ ကိုယ်စားလှယ်တွေ များနေတာကို တွေ့ရတယ်။ ပါတီကို တစိုက်မတ်မတ် လုပ်မှာကို အားမသန်ဘဲ လွှတ်တော်ကာလမှာပဲ ကိုယ်စားလှယ် အပြိုင်အဆိုင် ပြိုင်ဖို့ လုပ်နေတာကို တွေ့နေရတဲ့အတွက် ဒီဟာတွေပင် ရခိုင်ပြည်ရဲ့နိုင်ငံရေး ဆိတ်သုဉ်းဖို့ အစပျိုးနေပြီးလားလို့တောင်မှ ကျနော် သုံးသပ်မိတယ်” ဟုလည်း ဆိုသည်။
ရခိုင်ပြည်သူများ လာမည့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှု အားနည်းသော်လည်း ရခိုင်ကိုယ်စားပြု ပါတီများကြားတွင် ရွေး ကောက်ပွဲ နီးလာသည်နှင့် တဖက်နှင့်တဖက် တိုက်ခိုက်ထိုးနှက်မှုများကို ထင်ထင်ရှားရှား မြင်တွေ့လာရသည်။
ALD ကို ၁၉၉၀ ရွေးကောက်ပွဲ ကာလက စတင်ထူထောင်ခဲ့ပြီး၂၀၁၀ ရွေးကောက်ပွဲ ကာလအတွင်းက ထူထောင်ခဲ့သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) နှင့် ရခိုင်တိုင်းရင်းသား ရဟန်းရှင်လူ ပြည်သူများ၏ တောင်းဆိုချက် အရ၂၀၁၃ ခုနှစ်တွင် နှစ်ပါတီ ပူးပေါင်းခဲ့ကြပြီး ရခိုင်အမျိုးသား ပါတီ (ANP) အဖြစ်၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ ဝင်ခဲ့ကြသည်။
သို့သော် ၂၀၁၄ ခုနှစ်တွင် သံတွဲမြို့ ပါတီ ညီလာခံ၌ ခေါင်းဆောင်ပိုင်းနေရာ ရွေးချယ်တင်မြှောက်မှုတွင် RNDP ပါတီမှ အများစုနေရာ ပေးခြင်းခံရသည့်အတွက် နှစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်ပိုင်းကြားတွင် ထိုစဉ်ကတည်းက ဟန်ပြအဆင့် သာ ပေါင်းစည်းနိုင်ခဲ့ကြသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်နယ်အမတ်နေရာ အများစု အနိုင်ရရှိခဲ့ကြသော်လည်း ပါတီ ခေါင်းဆောင်ပိုင်းတွင် နိုင်ငံရေး ဘဘောထား ကွဲလွဲချက်များ ဆက်တိုက် ဖြစ်ပေါ်လာခဲ့ရာ ပြည်နယ် အစိုးရအဖွဲ့အား ANP က ဦးဆောင်ဖွဲ့စည်းခွင့် မရလျှင် အတိုင်အခံ အနေဖြင့် ရပ်တည်မည် ဆိုသည့် ၁ /၂၀၁၆ နှင့် ၂ /၂၀၁၆ ထုတ်ပြန်ချက်အပေါ် မိမိသဘောဆန္ဒ မဟုတ်ကြောင်း ALD ပါဘက်မှ ထိပ်ပိုင်း ခေါင်း ဆောင် ၆ ဦးမှ ၂၀၁၆ ခုနှစ် မတ်လ ၆ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
ယင်းနောက် ပါတီ၏ စည်းမျဉ်း၊ စည်းကမ်းများကို ချိုးဖောက်မှုဖြင့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့် ဦးကျော်မြင့်၊ ဦးမျိုး ကျော်၊ ဦးလှမြင့် ၊ ဦးမျိုးဆွေ၊ ဦးထွန်းရွှေသိန်း၊ ဦးသန်းနိုင်မြင့် တို့ကို ပါတီမှ ထုတ်ပယ်ခဲ့သည်။
ထိုသို့ အကွဲအပြဲများကြောင့် မူလပါတီဖြစ်သည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီကို ၂၀၁၇ ခုနှစ်တွင် ပြန်လည် မှတ်ပုံ တင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ကျင်းပခဲ့သော ရသေ့တောင် ကြားဖြတ် ရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြု လွှတ်တော်ကိုယ် စားလှယ် တဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
You may also like these stories:
AA ဖမ်းဆီးထားသည့် ALP တပ်ဖွဲ့ဝင်သုံးဦး အသတ်ခံရဟုဆို
ထွက်စာတင်သည့် အမတ်များကို ရွေးကောက်ပွဲထိ နုတ်ထွက်ခွင့်မပြုဟု ANP ပြော