ပြစ်မှု ကျူးလွန်ခဲ့သည့်ကာလ ၃ နှစ် ကျော်နေပါက ကျူးလွန်ခဲ့သည့် တပ်မတော်သားများကို အရေးမယူနိုင်သဖြင့် ၁၉၅၉ တပ်မတော် အက်ဥပဒေ၏ ပုဒ်မတချို့ကို ယနေ့ အမျိုးသား လွှတ်တော်တွင် ပြင်ဆင် အတည်ပြု၍ တပ်မတော် သားများကို စည်းကမ်းပို၍ တင်းကြပ်လိုက်ကြောင်း သိရသည်။
ယနေ့ ကျင်းပသည့် နေပြည်တော်က အမျိုးသား လွှတ်တော်တွင် ဒုတိယ ဗိုလ်မှူးကြီး အောင်ထွန်းလင်းက ၁၉၅၉ တပ် မတော် အက်ဥပဒေမှ ပုဒ်မ ၁၂၅၊ ပုဒ်မခွဲ (၁)ကို ပြင်ဆင်ကြောင်း အဆိုတင်သွင်းရာ ရန်ကုန်တိုင်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖေချစ်က ထောက်ခံသဖြင့်လွှတ်တော်ကလည်း ကန့်ကွက်သူမရှိ အတည်ပြုသည်။
တပ်မတော် အက်ဥပဒေပုဒ်မ ၁၂၅၊ ပုဒ်မခွဲ (၁)တွင် ယခုအက်ဥပဒေကို လိုက်နာရသူ တဦးဦးအား ပြစ်မှုကျူးလွန်သည့် နေ့ရက်မှ ၃ နှစ် ကုန်ဆုံးသည့်အခါ ထိုပြစ်မှုအတွက် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ခြင်းကို စတင်မပြုလုပ်ရဟု ဖော်ပြထား
သည်။
ယခု ပြင်ဆင်ချက်အရ တပ်မတော်သားတဦး ပြစ်မှု ကျူးလွန်သည့် နေ့ရက်အစား အာဏာပိုင်က စတင် သိရှိသည့် နေ့ရက် ဟု ပြင်ဆင်လိုက်သဖြင့် မည်သည့်အချိန်က ပြစ်မှု ကျူးလွန်ခဲ့သည် ဖြစ်စေ အပြစ်ရှိပါက စစ်တရားရုံးဖြင့် အရေးယူ ခံရတော့မည် ဖြစ်ကြောင်း တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက“တိုင်ကြားတဲ့သူ ရှိလာတယ်။ သတင်းပေးတဲ့သူ ရှိလာတယ်။ ဆက်စပ်သတင်းတွေ ရလာပေမယ့် ၃ နှစ် ကျော်နေရင် ဘာမှ လုပ်လို့ မရဘူး။ သို့သော် စစ်စည်းကမ်း ထိန်းသိမ်းရေးနဲ့ တပ်မတော်ရဲ့ တာဝန်ယူမှု တာဝန်ခံမှု ပိုမို မြင့်မား လာစေရေးအတွက် အဲဒါကို ပြစ်မှုစတင် ကျူးလွန်ကြောင်းကို အာဏာပိုင်က စတင် သိရှိတဲ့နေ့လို့ ပြင်လိုက် တယ်”ဟု ပြောသည်။
၎င်းက ဆက်၍ “တချို့ ပြစ်မှုတွေက နောက်ပိုင်းမှ တိုင်ကြားလာတာတွေ ရှိတယ်။ နောက်ပိုင်းမှ သိရှိခဲ့ရတဲ့ဟာတွေ ရှိ တယ်။ ဒါတွေကလည်း အရေးယူသင့်တဲ့ဟာတွေချည်းပဲ။ သို့သော် အရေးမယူနိုင်ခဲ့ဖူးပေါ့နော်။ အဲလို ဖြစ်စဉ်တွေ ရှိလား လို့ မေးရင်တော့ အဲဒီဖြစ်စဉ်တွေတော့ ကျနော် မသိဘူး။ အဲလိုမျိုး ရှိလာတဲ့အတွက် ရှိလာနိုင်တဲ့အတွက် ဆောင်ရွက် ခြင်း ဖြစ်ပါတယ်”ဟု ရှင်းပြသည်။
၁၉၅၉ တပ်မတော် အက်ဥပဒေတွင် ဖော်ပြထားသည့် ၃ နှစ်ဆိုသည့် ကာလ စည်းကမ်း သတ်မှတ်ချက်အရ စစ်ဆေး၍ မရတော့သည့် အမှုများ ရှိခဲ့ဖူးကြောင်း၊ ထိုအချက်ကြောင့် ကျူးလွန်သူကို အရေးမယူနိုင်သည့်အခါ အပြစ်မှ လွတ်ကင်းသွားသည့် သဘော ဖြစ်နေကြောင်း တပ်မတော် တာဝန်ရှိသူများက ပြောသည်။
တပ်မတော်အရာရှိဟောင်း နိုင်ငံရေးသုတေသီ ဒေါက်တာအောင်မျိုးကမူ ယခု ပြင်ဆင်ချက်ကို သဘောမတူဘဲ တပ် မတော်သားများမှာ ပို၍ Control (ကြီးကြပ်) ခံရလိမ့်မည် ဖြစ်ကြောင်း၊ စစ်သည်များအတွက် အခွင့်အရေးတခု လွတ် သွားသည်ဟု ပြောနိုင်ကြောင်း သုံးသပ်သည်။
“ပြောရရင်တော့ တင်းတင်းမာမာ ချုပ်ကိုင်ထားချင်လို့ပဲ။ ကိုယ့်နိုင်ငံရဲ့ ဥပဒေပဲ။ အရေးယူလို့ မရရင် ထားလိုက်တော့ပေါ့။ သူ့ကို စီမံခန့်ခွဲမှုအရ ထုတ်ပစ်လို့ရတယ်။ ပင်စင်ပေး ထုတ်ပစ်လိုက်လို့ ရတာပဲ။ တရားခံအဖြစ် စီရင်ခံရမယ့် စစ်သည် အတွက် မကောင်းဘူး”ဟု ဒေါက်တာ အောင်မျိုးက ပြောသည်။
တပ်မတော်သားများ ပြစ်မှု ကျူးလွန်မှုအပေါ် လေ့လာတွေ့ ရှိများအရ တချို့သောသူများသည် ခွင့်မလွတ်ထိုက်ဘဲ မလွဲမသွေ အရေးယူရမည် ဖြစ်သော်လည်း ပြစ်မှုကျူးလွန်ချိန်တွင် သိရှိမှုမရှိဘဲ ကာလစည်းကမ်း သတ်မှတ်ချက် ၃ နှစ်ကျော်မှ သိရှိရသဖြင့် ကင်းလွတ်ခွင့်ပေးရမည့် အခြေအနေများ ဖြစ်ပေါ်ခဲ့ကြောင်း တပ်မတော်သား ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူး ကြီး အောင်ထွန်းလင်းက လွှတ်တော်တွင် တင်ပြခဲ့သည်။
ရခိုင်ပြည်နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “နိုင်ငံတကာမှာတော့ ဒီလိုမျိုး ရှိတယ်လို့ ပြော တာပဲ။ ဒီတိုင်းပြည်ရဲ့ အခြေအနေအရ ဘယ်လိုပဲ ပြင်ပြင် တရားဥပဒေ စိုးမိုးရေး မရှိတော့ အဖက်ဖက်က စဉ်းစားရမှာ။ ဥပဒေကောင်းတခုက တရားဥပဒေ စိုးမိုးမှုနဲ့ ချိတ်ဆက်နိုင်မှ ကောင်းတာ။ အဲဒါကြောင့် ဒီလိုပြင်လိုက်လို့လည်း ပိုကောင်းသွားမယ်လို့ မထင်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာ လုံခြုံရေး စခန်းများကို အကြမ်းဖက်အဖွဲ့ ARSA အဖွဲ့ က ဝင်ရောက် တိုက်ခိုက်ခြင်းအား မြန်မာ့ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် စစ်ဆင်ရာတွင် ဒုက္ခသည် သိန်းချီ၍ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည်။
ယင်းစွပ်စွဲမှုများကို တပ်မတော်က ပယ်ချခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရကလည်း ခိုင်မာသည့် အထောက်အထားများ ပေးရန် တောင်းဆိုခဲ့သည်။
ယင်းစွပ်စွဲပြောဆိုမှုများခံနေရသည့် တပ်မတော်သည် ယခုလို ၁၉၅၉ တပ်မတော် အက်ဥပဒေထဲမှ ပုဒ်မတချို့ကို စတင် ပြင်ဆင်လာခြင်း ဖြစ်သည်။
နိုင်ငံတကာ အသိုင်းအဝိုင်းက တပ်မတော်အပေါ် အရေးယူရန် ကြိုးပမ်းမှုအပြင် ရခိုင်ပြည်နယ်တွင် မွတ်စလင်များအပေါ် ကျူးလွန်သည်ဟု စွပ်စွဲခံထားရသော ရာဇဝတ်မှုဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အပြည့်အဝ စုံစမ်းစစ်ဆေးရန် နိုင်ငံတကာ ရာဇဝတ်မှု ဆိုင်ရာ ခုံရုံး (ICC)၏ ကြိုးပမ်းမှုများကလည်း ရှိနေသည်။
မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင် မဟုတ်သော်လည်း တချို့သော ရာဇဝတ်မှုများသည် နယ်စပ်ဖြတ်ကျော်သည့် သဘော သဘာဝရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ICC အဖွဲ့ဝင်ဖြစ်သောကြောင့် စီရင်ခွင့်ရှိသည်ဟု ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ICC က ဆုံးဖြတ်ခဲ့သည်။
မြန်မာ အစိုးရကမူ ရခိုင်ပြည်နယ် တည်ငြိမ်းအေးချမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်တည်တံ့သည့် အဖြေတခုရအောင် ကြိုးပမ်းနေကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းသို့ ထုတ်ဖော်ပြောဆိုလေ့ ရှိသည်။
You may also like these stories:
ရခိုင် စစ်တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ် နယ်စပ်ရေးရာ ဒု-ဝန်ကြီး ဖြစ်လာ
တပ်မတော်သား ၂ ဦးကို ထိရောက်စွာ အရေးယူရန် ကရင်အဖွဲ့အစည်းများ တိုက်တွန်း