သတင်း

အစိုးရ၏ သစ်တောကဏ္ဍ ပွင့်လင်းမြင်သာမှု အားနည်းဟု အရပ်ဘက်အဖွဲ့များ ဝေဖန်

Want create site? Find Free WordPress Themes and plugins.

အစိုးရ၏ သစ်တောကဏ္ဍ အနေဖြင့် ပွင့်လင်းမြင်သာမှုရှိရေး အပိုင်းတွင် အားနည်းနေသေးသည်ကို တွေ့ရှိရကြောင်း သစ် တောကဏ္ဍဆိုင်ရာ ဆန်းစစ်လေ့လာနေသည့် အရပ်ဘက် အဖွဲ့အစည်းများက ဝေဖန်လိုက်ကြသည်။

ဇူလိုင်၂၈ က ထုတ်ပြန်ခဲ့သည့် သယံဇာတ တူးဖော်မှုတွင် ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (MEITI)၏ သစ်တောကဏ္ဍ အစီရင်ခံစာ၌ ၂ဝ၁၆-၂ဝ၁၇ ခုနှစ်နှင့် ၂ဝ၁၇-၂ဝ၁၈ ခုနှစ် သစ်တောဦးစီးဌာနမှ ဖမ်းဆီးရမိသည့် သစ်တန်ချိန်နှင့် မြန်မာ့ သစ်လုပ်ငန်း (MTE) ကို လွှဲပေးသည့် စာရင်းများတွင် ကွားခြားချက်များစွာ ရှိနေသည်ကို ယင်းအစီရင်ခံတွင် ဖော်ပြထား သည်။

သစ်တောဌာနက ၂ဝ၁၆-၂ဝ၁၇ ခုနှစ်က ကျွန်းနှင့် သစ်မာအပါအဝင် ကုဗတန်ချိန် ၅ သောင်းကျော် ဖမ်းမိကြောင်း MEITI သို့ စာရင်းပေးပို့ခဲ့သလို မြန်မာသစ်လုပ်ငန်း MTE ကလည်း ကိုယ်တိုင်ထုတ်သည့် သစ်မှာ တန် ၉ ထောင်ကျော်ဟု ဖော်ပြ ထားသည်။

သို့သော် အဆိုပါနှစ်တွင် မြန်မာ့သစ်လုပ်ငန်းမှ ပြည်တွင်းပြည်ပသို့ ရောင်းချသည့် သစ်မှာ ကုဗတန် ၃သိန်း ၆သောင်း ကျော် ရှိနေရာ သစ်တောမှ ဖမ်းဆီးသစ်နှင့် MTE မှ ထုတ်လုပ်သည့် သစ်တန်စာရင်းများနှင့် ချိန်ထိုးကြည့်ပါက များစွာ ကွာခြားနေသည့်အတွက် MEITI အဖွဲ့တွင်ပါဝင်သည့် အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြနေခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ သစ်တောဌာနက MEITI သို့ ပေးပို့သည့် ဖမ်းဆီးရမိသည့်သစ်မှ နိုင်ငံတော်ကို အခွန်ပေးဆောင်သည့် စာရင်း နှင့် MTE က ဖမ်းဆီးသစ်များရောင်းချငွေမှ နိုင်ငံတော်သို့ အခွန်ပေးဆောင်သည့်စာရင်းတွင်လည်း အမေရိကန်ဒေါ်လာ ၁၃ သန်းအထိ ကွာခြားနေကြောင်းလည်း ဆိုသည်။

၂ဝ၁၇-၂ဝ၁၈ ခုနှစ်တွင်လည်း ဖမ်းဆီးရမိသည့် သစ်တန်ချိန် ၄၇ဝဝဝ ခန့်ဟု ဖော်ပြခဲ့သော်လည်း ဖမ်းဆီးသစ်များကို ရောင်းချပေးရသည့် MTE နှင့် တခြား MEITI အဖွဲ့နှင့် ပူးပေါင်းပါဝင်ခဲ့သည့် သစ်ကုမ္ပဏီများက ပေးပို့သော စာရင်း တွင်လည်း သစ်ကုဗတန် သိန်းနှင့်ချီ ကွာခြားမှုရှိနေသည်ဟု MEITI အဖွဲ့ထံမှ သိရသည်။

MEITI ညွန့်ပေါင်းအဖွဲ့မှ အရပ်ဘက် ကိုယ်စားလှယ် ဒေါ်မိုးမိုးထွန်းက ယင်းစာရင်းဇယားများ ကွာခြားမှုကို ကြည့်မည် ဆိုပါက သစ်တောဦးစီးဌာနနှင့် MTE တို့ကြား စည်းဝါးရိုက်မှုများ၊ အဂတိ လိုက်စားမှုများ ရှိနိုင်မလား ဆိုသည်ကို သံသယ ဖြစ်စရာရှိသလို၊ MEITI အစီရင်ခံစာ ထုတ်ပြန်မှုတွင် သစ်လုပ် ငန်း ကုမ္ပဏီ ရာနှင့်ချီရှိသော်လည်း ပူးပေါင်းဆောင်ရွက်မှု မှာ ၃၇ ကုမ္ပဏီသာ ရှိခဲ့သည်ဟု ပြောသည်။

“သစ်တောဦးစီးဌာနနဲ့ MTE ကြားမှာ အဂတိ ရှိနိုင်သလားဆိုရင် ရှိကောင်း ရှိနိုင်တယ်လို့ပဲ ကျမတော့ သုံးသပ်တယ်။ အစိုးရဘက် အနေနဲ့ ဒီထက်ပို အားစိုက်ပြီး MEITI ကိစ္စမှာ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်။ ဌာနတွင်းထဲ မှာကို ပြုပြင် ပြောင်းလဲရေးကို လိုက်ပါ ပူးပေါင်းသူရှိသလို တချို့က အာဏာရှင်ဆန်ဆန်နဲ့ အဲဒီလို မရှိတာလည်းရှိတယ်” ဟု ၎င်းက ဆိုသည်။

MEITI အနေဖြင့် အစီရင်ခံစာ ထုတ်ပြန်ရန်အတွက် သစ်တောဦးစီးဌာနနှင့် MTE တို့အား စာရင်းများ ကောက်ယူ တောင်းခံရာတွင် အဓိကအားဖြင့် သစ်တောဦးစီးဌာနအနေဖြင့် စာရင်းများ မပေးသည်ကို တွေ့ရသလို၊ မြန်မာ့သစ် လုပ်ငန်း(MTE)အနေဖြင့် စာရင်းဇယားများကိုပေးသည့် အခါ ကွာဟချက်များ ရှိနေနိုင်ကြောင်း MEITI အစီရင်ခံစာ အတွက် ပူးပေါင်းပါဝင်ခဲ့သည့် အရပ်ဘက် အဖွဲ့အစည်း ဖြစ်သည့် Forest Trends Myanmar မှ မခင်စောဌေးကလည်း ဆိုသည်။

မခင်စောဌေးက “သစ်တော ဦးစီးဌာနက ဖမ်းတာနဲ့ MTE က လေလံတင်တာနဲ့ စာရင်းကွာနေတာ ကျမတို့က သူတို့ပေး တဲ့ အချက်အလက်တွေ အပေါ်ပဲ ယူရတာ။ သစ်တောက ဖမ်းတယ်။ ရက်၂ဝ အတွင်း MTE ကို လွှဲရတယ်။ မလွှဲရင် သစ် တောက လေလံတင်ဖို့ ပုံစံ ၈ ဆို လုပ်ပြီး ပြည်တွင်းကို ရောင်းတယ်။ ဖမ်းမိသစ်ကတော့ MTE ကို ရောက်တာ အများစုပါ။ နောက် တပ်မတော် ယူနစ်တွေကို ပေးတာလဲ ရှိသေးတယ်။ အဓိက ကွာခြားတာ အဲ့ဒါကြောင့်လဲ ဖြစ်နိုင်တယ်” ဟု ဆို သည်။

ထိုသို့ MEITI အစီရင်ခံစာပါ သစ်တောဦးစီးဌာနနှင့် MTE တို့၏ စာရင်းများ ကွာဟနေမှုနှင့် ပက်သက်ပြီး ဧရာဝတီမှ သစ် တောဦးစီးဌာန၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းကို မေးမြန်းရာတွင် အစီရင်ခံစာပါ စာရင်းကွာဟမှုများကို မိမိ အနေဖြင့် တိတိကျကျ မသိသေးသဖြင့် ဖြေကြားနိုင်ခြင်း မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

MTE မှ အထွေထွေ မန်နေဂျာဖြစ်သူ ဦးညီညီထွန်းကတော့ MEITI အစီရင်ခံစာပါ သစ်တောဦးစီးဌာနနှင့် မိမိတို့ MTE တို့ ၏ စာရင်း ကွာဟနိုင်မှုသည် တချို့နှစ်များတွင် သစ်တောဦးစီးဌာန ဖမ်းဆီးရမိပြီးနောက် မိမိတို့ထံ လွှဲလိုက်သည့် သစ်များ တွင် တရား ရင်ဆိုင်နေရသည့် သစ်များရှိလျှင် လွှဲအပ်၍ မရကြောင်း၊ ထို့အပြင် မိမိတို့ ဌာနမှ ရောင်းချရာတွင်လည်း တနှစ် နှင့် တနှစ် ရောင်းချသည့်သစ် မကုန်သည့်အခါ နောက်နှစ်စာရင်းများတွင် ပါဝင်မှုများလည်း ရှိနေကြောင်း ပြန်လည် ဖြေ ကြားခဲ့သည်။

ဦးညီညီထွန်းက “ပထမတချက် ပြောချင်တာက ကျနော်တို့ သစ်ထုတ်တာနဲ့ သစ်ရောင်းတာ မတူဘူး။ ကျနော်တို့ဘက်က ရောင်းသလောက် နိုင်ငံတော်ကို ပေးရမယ့် အခွန်အားလုံး ပေးတယ်။ ဥပမာ သစ်တောဌာနက ဒီနှစ် တန် ၁ဝဝဝ ဖမ်းမိ တယ် ဆိုပေမယ့် ကျနော်တို့ဆီ တန် ၇ဝဝ ပဲ လွှဲပြောင်းချင် လွှဲပြောင်းနိုင်မယ်။ ကျနော်တို့ဘက်မှာလဲ ဒီနှစ် တန် ၅ဝဝ ပဲ ရောင်းချနိုင်ချင်နိုင်မယ်။ နောင်နှစ်ကျ ကျန်တဲ့သစ်နဲ့ ပေါင်းပြီး တန် ၉ဝဝ လောက်အထိ ရောင်းချင်ရောင်းနိုင်ပြန်တယ်။ အဲဒီမှာ စာရင်းကွာတာ ဖြစ်မှာပါ” ဟု ဆိုသည်။

မြန်မာနိုင်ငံသည် သစ်တောကဏ္ဍ အနေဖြင့် MEITI အဖွဲ့၏ အစီရင်ခံစာနှင့် ပတ်သက်ပြီး အစိုးရအဖွဲ့များ၏ တိုက်ဆိုင် စစ်ဆေးမှုကဏ္ဍတွင် အလွန် အားနည်းသည့် နိုင်ငံတခုထဲတွင် အပါအဝင် ဖြစ်ကြောင်း၊ တချို့အစိုးရဌာနများနှင့် သက် ဆိုင်ရာ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ၏ တင်ပြချက်များတွင် မြန်မာကျပ်ငွေဖြင့် ဖော်ပြမှုနှင့် နိုင်ငံခြားကျပ်ငွေဖြင့် ဖော်ပြ မှုများတွင်ပင် ကွာဟချက်များစွာ ရှိနေသည်ကို တွေ့ရကြောင် MEITI အစီရင်ခံစာက ထောက်ပြထားသည်။

ထို့ပြင် သစ်များကို ပြည်တွင်းပြည်ပ ရောင်းချမှုများတွင် ဖမ်းဆီးရမိသည့် သစ်အရည်အသွေးကို ဖော်ပြခြင်း မရှိသဖြင့် ပြန်လည် ရောင်းချရာတွင် နိုင်ငံတော်အနေဖြင့် သစ်အရည်အသွေး အလိုက် ရသင့်ရထိုက်သည့် အခွန်နှုန်းထားများကို မရရှိသည့် အခြေအနေမျိုး တွေ့ရှိနေရသေးသည်ဟု ဖော်ပြထားသည်။

ဆက်စပ်ဖတ်ရှုရန်

သစ်တွေ ကွန်တိန်နာလိုက် ပို့ခွင့်ရတာကိုက သဘာဝမကျဘူး

ဖားကန့်ဒေသ သယံဇာတ အရှုပ်တော်ပုံ အစိုးရ ကိုင်တွယ်နိုင်မလား

ပဲခူးရိုးမ သစ်ခိုးထုတ်မှုများ ဘယ်သူတွေပါဝင် ပတ်သက်နေသလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading