သတင်း

ရန်ကုန်နှင့် မွန်ပြည်နယ်၌ စီးပွားရေးဇုန်သစ်များ ထူထောင်ရန် တင်ဒါ ခေါ်မည်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန် အနောက်ပိုင်းနှင့် မွန်ပြည်နယ် မော်လမြိုင်တို့တွင် စက်မှုဇုန်နှင့် အထူး စီးပွားရေးဇုန်များ တည်ဆောက်မည့် လုပ် ငန်းရှင်ကို မကြာခင် တင်ဒါခေါ်ယူ ရွေးချယ်သွားမည် ဖြစ်ကြောင်း စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင် စု ဝန်ကြီး ဦးသောင်းထွန်း က ပြောသည်။

ဇူလိုင်လ၂၉ ရက်က Video conferencing စနစ်ဖြင့် ပြုလုပ်ခဲ့သော မြန်မာ-ဂျပန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တွင် ထိုသို့ ပြော ကြားခြင်း ဖြစ်သည်။

ပြည်ထောင်စု ဝန်ကြီးက “ရန်ကုန် အနောက်ပိုင်း စက်မှုဇုန် တည်ဆောက်ရေး စီမံကိန်းသစ်နဲ့ မွန်ပြည်နယ်မှာ အထူး စီးပွား ရေးဇုန်သစ်တွေကို လုပ်ဆောင်မှာပါ။ အထူး စီးပွားရေးဇုန်ဆိုရင် အခု ရှိနေပြီးသား ဇုန်တွေထက် ပိုကြီးမားပါတယ်။ ဒါတွေ ကို လုပ်ကိုင်မယ့် လုပ်ငန်းရှင်ကို မကြာခင် တင်ဒါ ခေါ်ယူသွားမယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါ အထူးစီးပွားရေး ဇုန်သစ်သည် အိန္ဒိယ သမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့ကို ချိတ်ဆက်နိုင်မည် ဖြစ်ပြီး မဟာမဲခေါင် ဒေသခွဲ၏ အရှေ့-အနောက်စင်္ကြန် တို့ကိုလည်း ချိတ်ဆက်‌ပေးမည် ဖြစ်ကာ ကမ္ဘာ့အဆင့်မီ ပွင့်လင်းမြင်သာမှုရှိသော နိုင် ငံတကာနှင့် ယှဉ်ပြိုင်လာနိုင်သည့် အထူး စီးပွားရေးဇုန်တခု ဖြစ်လာမည်ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ရန်ကုန် အနောက်ပိုင်း စက်မှုဇုန် တည်ဆောက်ရေးအတွက် ရင်းနှီး တည်ဆောက်မည့် ကုမ္ပဏီ ရွေးချယ်ရန် နိုင်ငံတကာ အကြံပေး အဖွဲ့ကို ရွေးချယ်လျက် ရှိပြီး ပွင့်လင်းမြင်သာသည့် တင်ဒါစနစ်နှင့် တည်ဆောက်မည့် လုပ်ငန်းရှင် ကို ရွေးချယ်သွားမည် ဖြစ်ကြောင်း စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒု ဝန်ကြီး ဦးဆက်အောင် က အခြေအနေ ကို ဆက်လက် ရှင်းပြသည်။

ဂျပန်-မြန်မာ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကို Video conferencing စနစ်ဖြင့် ကျင်းပနေစဉ်

ထို့ပြင် မွန်ပြည်နယ်တွင် တည်ဆောက်မည့် အထူးစီးပွားရေးဇုန် အတွက်လည်း နေရာရွေးချယ်ရေးနှင့် ပတ်သက်၍ ဒေသ တွင်း နိုင်ငံများကြား ဆက်သွယ်ထားသည့် စီးပွားရေး စင်္ကြန်နှင့် အလွယ်တကူ ချိတ်ဆက်နိုင်သည့် နေရာဖြစ်ခြင်း၊ ရေနက် ဆိပ်ကမ်းတခု တည်ဆောက်နိုင်မည့် နေရာဖြစ်ခြင်း၊ ပြည်တွင်း သယ်ယူပို့ဆောင်ရေး ကွန်ရက်မှ တဆင့် သီလဝါ အထူး စီး ပွားရေးဇုန်နှင့် အလွယ်တကူ ချိတ်ဆက်နိုင်မည့် နေရာဖြစ်ခြင်း စသည့် အချက်နှင့် ပြည့်စုံသော နေရာကို ရွေးချယ်မည် လည်း ဖြစ်သည်။

ထိုသို့ ရွေးချယ်ရန် နိုင်ငံတကာ အကြံပေးအဖွဲ့နှင့်အတူ ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်မှုများနှင့် Master plan ကို ရေးဆွဲကာ ရင်းနှီး တည်ဆောက်မည့် လုပ်ငန်းရှင်ကို ပွင့်လင်းမြင်သာစွာ ရွေးချယ်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ် အထူးစီးပွားရေး ဇုန်သစ်ကို သီလဝါ အထူးစီးပွားရေး ဇုန်တို့ကို ချိတ်ဆက်၍ အထူးစီးပွားရေးဇုန် တခု တည်း အသွင်ဖြင့် ဆောင်ရွက်သွားရန် ရှိကြောင်းလည်း ဦးဆက်အောင်က ရှင်းပြသည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဗဟို အလုပ်မှုဆောင် ဦးအောင်ကြည် စိုး က “စက်မှုဇုန်တွေ ဆောက်တာကတော့ အင်မတန် ကောင်းတာပေ့ါ။ ထိုင်းက လုပ်အားခ တအားမြင့် တက်လာတာ ရယ်၊ နောက်တခုက သူတို့ ကိုယ်တိုင် သိနေတဲ့ တနင်္သာရီ၊ မော်လမြိုင်က ရွှေ့ပြောင်းလုပ်သား အများအပြားက အဲဒီမှာ ရှိ တယ်။ ဒါကြောင့် သူတို့က ရန်ကုန်အထိ မလာဘဲနဲ့ ကားနဲ့ ပတ်သက်တဲ့ အစိတ်အပိုင်း ထုတ်လုပ်တဲ့ လုပ်ငန်းတွေကို မော် လမြိုင်နား တဝိုက်မှာ ထုတ်လုပ်ပြီးတော့ တခါတည်း တပ်ဆင်နိုင်တဲ့ ကမ္ဘာအရပ်ရပ်မှာ ရှိနေတဲ့ သူတို့ရဲ့ စက်ရုံတွေနဲ့ ထိုင်းကို ပြန်ပို့ဖို့ရယ် ရှိနေတယ်” ဟု ဧရာဝတီသို့ ဂျပန် စီးပွားရေး လုပ်ငန်းရှင်များနှင့် ဆွေးနွေးသည့် အကြောင်းကို ပြော ပြသည်။

လက်ရှိ ဂျပန်စီးပွားရေး လုပ်ငန်းရှင်များသည် ထိုင်းနိုင်ငံတွင် လုပ်ခလစာ နှုန်းထားမြင့်တက်နေခြင်းကြောင့် နောင်လာမည့် နှစ်များတွင် ၎င်းတို့အနေနှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိမည်ကို စိုးရိမ်သည့် အနေအထား ရှိနေသဖြင့်လည်း မွန်ပြည်နယ် အထူး စီးပွားရေးဇုန် ဖြစ်ပေါ်လာသည် ဟုလည်း ယူဆရကြောင်း ၎င်းက ဆိုသည်။

ဂျပန် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် စက်မှုဇုန်များအပြင် မြန်မာနိုင်ငံရှိ ပြည်တွင်း ဈေးကွက်ကို စိတ်ဝင်စားခြင်း၊ မြန် မာနိုင်ငံတွင် ထုတ်လုပ်၍ ပြည်ပဈေးကွက်သို့ တင်ပို့ခြင်း စသည့် လုပ်ငန်းများကို စိတ်ဝင်စားမှု ရှိကြောင်း၊ လက်ရှိတွင် မြန် မာတွင် လုပ်ကိုင်နေသည့် ဂျပန် စက်ရုံပေါင်း ၄၂၀ ကျော်အထိ ရှိနေကာ ခေါက်ဆွဲခြောက် ထုတ်လုပ်သည့် စက်ရုံမှစ၍ ကားအစိတ်အပိုင်း ထုတ်လုပ်သည့် စက်ရုံများ အထိ ရှိသည်။

ထို အခြေအနေများကြောင့် ဂျပန်-မြန်မာ ရင်းနှီးမြှုပ်နံှမှုမှာ ယခင်ထက် ပိုတိုးတက်နိုင်သည့် အလားအလာများ ရှိနေသည် ဟု လုပ်ငန်းရှင်များထံက သိရသည်။

ဆက်လက်၍ ဦးအောင်ကြည်စိုးက မြန်မာနိုင်ငံ အစိုးရအနေနှင့် SEZ (စီးပွားရေးဇုန်) များသာမက ပြည်ပ ပို့ကုန် ထုတ်လုပ် ရေးဇုန် (Export Processing Zone- EPZ ) များလည်း ဖြစ်ပေါ်လာရန် လိုအပ်နေကြောင်း ထောက်ပြ ပြောဆိုသည်။

“SEZ ဆိုတာက နိုင်ငံအဆင့် အစိုးရတွေပါမှ အောင်မြင်တာမျိုး ဖြစ်တယ်။ EPZ တွေကတော့ အခု လွယ်အောင် ပြောရရင် အထည်ချုပ်တွေ၊ ဖိနပ်ချုပ်နဲ့ အိတ်ချုပ်စတဲ့ CMP လုပ်ငန်းတွေက သက်ဆိုင်ရာ စက်မှုဇုန်တွေမှာ သွားလုပ်ကြတယ်။ တကယ်တမ်း ကျတော့ အဲဒီလို မဟုတ်ဘူး။ သူတို့တွေ အားလုံးကို EPZ ဇုန် တခု ထူထောင်ပြီး အခြေခံ အဆောက်အအုံ တွေ၊ One stop service တွေ ထည့်ပေးလိုက်ရင် တခြား သွားစရာ မလိုတော့ဘူး” ဟု ၎င်းက ပြောသည်။

ဂျပန်-မြန်မာ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကို Video conferencing စနစ်ဖြင့် ကျင်းပနေစဉ်

ဆက်လက်၍ ၎င်းက “ဒါဆိုရင် ဒီ EPZ ထဲမှာပဲ ရင်းနှီးမြှုပ်နံှ၊ ထုတ်လုပ်၊ တင်ပို့မှုတွေ လုပ်ရင် ပိုကောင်းတယ်။ ဒါမျိုးတွေ ဖော်ထုတ်ဖို့ လိုနေပါပြီ” ဟု ဆိုသည်။

ဥပမာအားဖြင့် အိမ်နီးချင်း နိုင်ငံဖြစ်သော ဘင်္ဂလားဒေရှ့် နိုင်ငံတွင် EPZ ဇုန် ၈ ခုက တနှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၄၀ ဘီလီယံ မှ ၄၅ ဘီလီယံအထိ ရှာဖွေပေးနေသည့် ရှိကြောင်းသည့်အတွက် မြန်မာနိုင်ငံအနေနှင့်လည်း လက်ရှိ ရှိပြီး သား စက်မှုဇုန်များကို EPZ မြင့်တင်၍သော်လည်းကောင်း၊ အသစ် ထူထောင်၍ သော်လည်း လုပ်ကိုင်ဆောင်ရွက်ပါက အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုရရှိနိုင်မည့် အခြေအနေ ဖြစ်နိုင်ကြောင်း အကြံပြု ပြောဆိုသည်။

မြန်မာ-ဂျပန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Video conference နှင့် အမှာ စကားပြောကြား ခဲ့ပြီး ဖိုရမ်သို့ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်လမ်းသစ်များအား သိရှိနိုင်ရန် အတွက် ဂျပန်နိုင်ငံ၏ အကြီးမားဆုံး ကော်ပိုရေးရှင်းများ ဖြစ်သော ဆူမီတိုမို၊ မစ်ဆူဘီရှီ၊ မာရူဘီနီနှင့် ကာဗာကီ၏ ကိုယ်စားလှယ် များ အပါအဝင် ဂျပန် စီးပွားရေး လုပ်ငန်းရှင်ပေါင်း ၁၀၀၀ ကျော် တက်ရောက်ခဲ့သည်။

ဂျပန်နိုင်ငံ ပြည်ပကုန်သွယ်ရေးအဖွဲ့ ဥက္ကဌ Mr. Sasaki Nobuhiko က မြန်မာနိုင်ငံသည် ပိုမို ဆွဲဆောင်မှုရှိသော ရင်းနှီး မြှုပ်နှံမှု နေရာတခု ဖြစ်ပြီး လာမည့်နှစ်များ၌ မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံမှ နောက်ထပ် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဖြစ်ပေါ် လာမည့် နေရာဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ယင်းပြင် ဂျပန်နိုင်ငံ၏စီးပွားရေး၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး Mr.Nakano Hiromasa ကလည်း မြန်မာနိုင်ငံနှင့် ဂျပန် နိုင်ငံတို့၏ ပထဝီနိုင်ငံရေးဆိုင်ရာ အရေးပါမှုအပေါ် အသိအမှတ်ပြု ကြောင်းနှင့် မြန်မာနိုင်ငံသည် စက်မှုလုပ်ငန်းများတွက် အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှု တည်ရှိရာ နေရာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်

ဆက်စပ်ဖတ်ရှုရန်

ပဲခူး-ကျိုက်ထို အမြန်လမ်းစီမံကိန်း လွှတ်တော်အတည်ပြု

စီးပွားရေး အသွင်ကူးပြောင်းရေးမူဝါဒများ ပြန်လည်ရေးဆွဲရန် လိုအပ်ဟု ဆို

ဓာတ်ငွေ့ စီမံကိန်းအတွက် ဂျပန်ကုမ္ပဏီ ၃ ခု ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

ဂျပန်သို့ မြန်မာလုပ်သားစေလွှတ်မှု ပြန်လည်စတင်ရန် မျှော်လင့်နေ

Did you find apk for android? You can find new Free Android Games and apps.
Loading