တိုက်ရိုက်ရောင်းချခြင်း ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်တွင် အတည်ပြုလိုက်သဖြင့် ဆင့်ပွားကွန်ရက် ဈေးကွက်ရှာစနစ် (Multi Level Marketing – MLM) လုပ်ငန်းများ ပြန်လည် အသက်ဝင်လာနိုင်ကြောင်း လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးကပြောသည်။
ယင်းဥပဒေမူကြမ်းကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်သူ့လွှတ်တော်သို့ ပြီးခဲ့သည့် မေလက တင်သွင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီမှ ဆွေးနွေးစိစစ်ခဲ့ကြပြီးနောက် ပြင်ဆင်ချက် တချို့ဖြင့် ဇူလိုင် ၃၀ ရက်နေ့က လွှတ်တော်တွင် အတည်ပြုလိုက်ခြင်း ဖြစ်သည်။
အာဏာရ NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက “ဥပဒေရှိသွားပြီဆိုရင်တော့ MLM လုပ်ငန်းတွေပြန်စတော့မှာပေါ့။ ကျနော်တို့ဆီမှာက ဥပဒေစိုးမိုးမှု အားနည်းတယ်၊ ဒီဥပဒေကိုကျင့်သုံးနိုင်ဖို့ ဒါလည်း အားနည်းတယ်။ လောလောဆယ်တော့ ဥပဒေက မပြဌာန်းသင့်သေးဘူး” ဟု ပြောသည်။
သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ယင်းလုပ်ငန်းများကို ဥပဒေနှင့်အညီ ထိန်းချုပ်မည်ဟု ပြောဆိုထားပြီး ဥပဒေထွက်လာသည့်အခါ ၎င်းတို့ပြောသည့်အတိုင်း အမှန်တကယ်ထိန်းချုပ်နိုင်ခြင်းရှိမရှိ၊ ယခင်ကဖြစ်ပွားခဲ့သလို အောက်ခြေပြည်သူများ နစ်နာမှု ရှိ၊မရှိ စောင့်ကြည့်သွားမည်ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းဥပဒေမူကြမ်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်တွင် ပြင်ဆင်ချက်အဆိုတင်သွင်းရန် ဦးအောင်ကျော်ကျော်ဦး အပါအဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၅ ဦးတို့က စာရင်းပေးခဲ့ပြီး ၎င်းတို့မှာ လွှတ်တော်တွင်း ဆွေးနွေးသည့် အဆင့်ထိ မရောက်လိုက်ဘဲ ဥပဒေကြမ်းကော်မတီ အစည်းဝေးဆုံးဖြတ်ချက်တွင် သဘာတူခဲ့ရကြောင်း သိရသည်။
ယင်းလွှတ်တော်ကိုယ်စားလှယ် ၅ ဦးအပါအဝင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများ၊ ပြည်သူ့လွှတ်တော်နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီတို့က ဇူလိုင်လ ၁၄ ရက်နေ့က အထက်ပါဥပဒေကြမ်းနှင့်ပတ်သက်၍ အစည်းအဝေးပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းအစည်းအဝေး၏ သဘောတူဆုံးဖြတ်ချက်များအရ တိုက်ရိုက်ရောင်းချခြင်း ဥပဒေမူကြမ်းကို ပြင်ဆင်ရန် တင်ပြချက် အချက်(၅၀) ပေါ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းက ယနေ့ ပြည်သူ့လွှတ်တော်တွင် တင်ပြသည်။
ဥပဒေကြမ်းကော်မတီက တင်ပြခဲ့သည့် ပြင်ဆင်ချက် အဆိုပါ ပြင်ဆင်ချက် (၅၀) ချက်ကိုလည်း လွှတ်တော်က အတည်ပြုခဲ့သည်။
လွှတ်တော်တွင် ကန့်ကွက်သူမရှိသောကြောင့် တိုက်ရိုက်ရောင်းချခြင်း ဥပဒေကြမ်းတရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်အပိုဒ်ခွဲများအတိုင်း အတည်ပြုပြီး ၂၀၁၃ ခုနှစ်ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေအရ ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေငြာခဲ့သည်။
ယခုဥပဒေပေါ်ထွက်လာပါက တိုက်ရိုက်ရောင်းချခြင်း လုပ်ငန်းများကို စနစ်တကျ ကြီးကြပ်ကွပ်ကဲနိုင်မည်ဖြစ်ပြီး စားသုံးသူများ နစ်နာမှုများ ကြုံတွေ့လာပါကလည်း ဥပဒေအရ အရေးယူမှုများ ပြုလုပ်လာနိုင်မည်ဖြစ်ကြောင်းနှင့် MLM စနစ်ကိုမူ လက်ရှိအချိန်ရှိ ဝန်ကြီးဌာနက တရားဝင်ခွင့်ပြုထားခြင်းမရှိသေးကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။
ဦးခင်မောင်လွင်က “MLM ကိုတားမြစ်ထားတဲ့ အမိန့်ကြေငြာစာလက်ရှိမှာ မရုပ်သိမ်းသေးဘူး။ MLM လုပ်ငန်းကိုတော့ လုပ်ခွင့်မပေးဘူး။ တိုက်ရိုက်ရောင်းချခြင်း ဥပဒေထွက်လာရင် အဲဒီဥပဒေနဲ့ အညီဆောင်ရွက်ရမယ်။ MLM လိုအဆင့်ဆင့်တွေအများကြီး အဲလိုသွားလို့မရတော့ဘူး”ဟု ပြောသည်။
အဆိုပါ ဥပဒေမူကြမ်းတွင် MLM စနစ်အတွင်း ကိုယ့်အဖွဲ့ဝင်အချင်းချင်းအတွင်းမှာပင် ကုန်စည်ကို ပြန်လည် လည်ပတ်ရောင်းချနေခြင်းမျိုး မဟုတ်ဘဲ အဖွဲ့ဝင်မဟုတ်သော အပြင်လူများသို့ ပြန်လည်ရောင်းချနိုင်စွမ်းရှိခြင်း၊ ကုမ္ပဏီတခုလုံး၏ ၇၀ ရာခိုင်နှုန်းရောင်းအားကို အပြင်သို့ ရောင်းချရမည်ဖြစ်ခြင်း စသည့်လိုချက်များကို ဥပဒေကြမ်းအတွင်း ထည့်သွင်း ရေးဆွဲသင့်ကြောင်း MLM အကြောင်းအသိပညာပေးလှုပ်ရှားသူ ကိုဇင်ဇေလွင်ကပြောသည်။
ကိုဇင်ဇေလွင်က “အရင်တုန်းကလို ဘာမှမရှိဘဲ ပရမ်းပတာ လုံးဝစိတ်ကြိုက်လုပ်နေတာထက်စာရင်တော့ နည်းနည်းစနစ်ကျ သွားမယ်လို့မြင်တယ်။ ဥပဒေကလည်းတပိုင်းပေါ့၊ တဘက်ကလည်း အွန်လိုင်းကန်ပိန်းတွေကြောင့် လူတွေအများစုကလည်း အရင်ကထက်စာရင် နည်းနည်းသတိထားမိလာကြပြီ” ဟု ပြောသည်။
တိုက်ရိုက်ရောင်းချခြင်းဥပဒေမူကြမ်း စတင်ထွက်စဉ်က အများသဘောကောက်ခံသည့် အခမ်းအနားများသို့ တက်ရောက်ခဲ့ရာတွင် ယင်းဥပဒေမူကြမ်းကို လေ့လာခွင့်ရခဲ့သော်လည်း ယခုအတည်ပြုလိုက်သည့် နောက်ဆုံးအဆင့် မူကြမ်းတွင် မည်သည့်အချက်များ ပါဝင်သည်ဆိုသည်ကိုမူ မသိရှိသေးကြောင်း ၎င်းကပြောသည်။
ယခင် အများပြည်သူသဘောထားကောက်ခံစဉ်အချိန် ချပြခဲ့သည့် ဥပေဒမူကြမ်းတွင် ၎င်းတို့ထောက်ပြထားသည့် အကြံပြုချက်များပါဝင်ခြင်း မရှိသေးကြောင်း သိရသည်။
ယင်းဥပဒေမူကြမ်းမှာ ပြည်သူ့လွှတ်တော်တွင်သာ အတည်ပြုရသေးပြီး အမျိုးသားလွှတ်တော်သို့ပေးပို့ခြင်း၊ သဘောထား ကွဲလွဲချက်များရှိပါက ပြည်ထောင်စုလွှတ်တော်သို့ပေးပို့ခြင်းနှင့် ထိုမှတဆင့် နိုင်ငံတော်သမ္မက လက်မှတ်ရေးထိုးခြင်း စသဖြင့် အဆင့်များစွာ ကျန်ရှိနေသေးသည်ဟု အောင်မြေသာဇံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက ပြောသည်။
ဒေါက်တာလှမိုးက “အဆင့်တွေများကြီးကျန်သေးတာပဲ ပြည်သူ့လွှတ်တော်ပြီးရင် အမျိုးသားလွှတ်တော်၊ ပြီးရင်ဒီနှစ်ခုသဘောထားကွဲလွဲချက် ဒါပြီးရင် ပြည်ထောင်စုရောက်မယ်။ ဒီဟာကြီးတခုလုံးက သဘောတူတယ်ဆိုရင်တောင်မှ နိုင်ငံတော်သမ္မတလက်မှတ်ထိုးမှ အဆင့်တွေ အများကြီးကျန်ပါသေးတယ်။ အတည်ပြုတယ်လို့ ပြောလို့မရပါဘူး”ဟုပြောသည်။
ယင်းဥပဒေကြမ်းတွင် အခန်း (၉)ခန်းပါဝင်ပြီး အမည်နှင့်အဓိပ္ပယ်ဖော်ပြချက်၊ ရည်ရွယ်ချက်၊ ဝန်ကြီးဌာန၊ ဦးစီးဌာန၊ မှတ်ပုံတင်အရာရှိနှင့် လုပ်ငန်းလုပ်ကိုင်သူ တို့၏ လုပ်ငန်းတာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်၊ အထွေထွေ စသည့် အခန်းခေါင်းစဉ်များပါဝင်သည်။
ယင်းဥပဒေမူကြမ်း၏ အခန်း(၂) ဖြစ်သော ရည်ရွယ်ချက်တွင် ဖော်ပြထားသည်မှာ တိုက်ရိုက်ရောင်းချခြင်းလုပ်ငန်းကို ဥပဒေနှင့်အညီ ကြီးကြပ်ကွပ်ကဲနိုင်ရန်၊ တိုက်ရိုက်ရောင်းချခြင်းလုပ်ငန်းများကြောင့် ပြည်သူများ နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာခြင်းမှ ကာကွယ်ရန်၊ တိုက်ရိုက်ရောင်းချခြင်းလုပ်ငန်းများကို စနစ်တကျ မှတ်ပုံတင်ထားရှိအောင်ဆောင်ရွက်စေနိုင်ရန် စသည်အချက်များပါဝင်သည်။
ထို့ပြင် တိုက်ရိုက်ရောင်းချခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးနှင့်သတင်းအချက်အလက်ဖြန့်ဝေခြင်းကို လုပ်ဆောင်နိုင်ရန်၊ ယင်းလုပ်ငန်းများကြောင့် နစ်နာဆုံးရှုံးမှု တစုံတရာဖြစ်ပေါ်လာပါက ဥပဒေနှင့်အညီထိန်းကြောင်းနိုင်ရန်၊ တိုက်ရိုက်ရောင်းချခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေရန်စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆင့်ပွားဈေးကွက်ဖြန့်ချီရေးလုပ်ငန်း (Multi Level Marketing – MLM) နှင့်ပတ်သက်၍လည်း တားမြစ်ခြင်း အမိန့်ကြေငြာစာကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားပြီး လုပ်ကိုင်ဆောင်ရွက်နေသည်ကို စုံစမ်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အရေးယူခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာထားသည်။
You may also like these stories:
MLM လုပ်ငန်းလုပ်ကိုင်နေမှုတွေ့ရှိလျှင် ထောင်ဒဏ်ချမှတ်အရေးယူမည်
MLM ကုမ္ပဏီများကို ပြည်ထဲရေး ဝန်ကြီးဌာန စောင့်ကြည့်နေ