နိုင်ငံတကာဖိအားများ ရင်ဆိုင်နေရသည့် ရခိုင်အရေးနှင့်ပတ်သက်၍ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်တည်တံ့သည့် အဖြေတရပ် ထွက်ပေါ်လာရန် ကြိုးပမ်းနေကြောင်း အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်က ဇူလိုင် ၃၀ ရက်နေ့ အမျိုးသားလွှတ်တော်သို့ ရှင်းလင်းသည်။
တိုင်းပြည်တွင် ရင်ဆိုင်နေရသည့် အခြေအနေအမှန်ကို နိုင်ငံတကာက သိရှိအောင် သံတမန်နည်းအရ ကြိုးပမ်းနေသလို ပြည်တွင်း၌လည်း ရခိုင်လူမျိုးများနှင့် မွတ်ဆလင် အသိုင်းအဝန်း နှစ်ခုအကြား တင်းမာမှုများ လျော့ပါးစေရေး၊ နေရပ်စွန့်ခွာသူများ ပြဿနာဖြေရှင်းနိုင်ရေးအတွက် ကြိုးပမ်းနေသည်ဟု ဝန်ကြီးက ဆိုသည်။
ဝန်ကြီး ဦးကျော်တင် က “အသိုက်အဝန်းအကြား တင်းမာမှုတွေ လျော့ပါးစေဖို့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိပါက ပြည်တွင်း ဥပဒေနဲ့အညီ အရေးယူဖို့၊ နေရပ်စွန့်ခွာသူတွေ ပြဿနာဖြေရှင်းရာမှာ တိုးတက်မှုတွေ ရရှိစေဖို့နဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်တည်တံ့တဲ့ အဖြေတရပ်ပေါ်ထွက်ဖို့အတွက် ပြည်တွင်းမှာလည်း ညှိနှိုင်း ကြိုးပမ်းဆောင်ရွက်နေပါတယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်ထုမေက မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ ဖိအားများ စိန်ခေါ်မှုများ ရင်ဆိုင်နေရသဖြင့် လက်ရှိအခြေအနေများကို နိုင်ငံတကာမှ ပိုမိုနားလည်သဘောပေါက်ပြီး နိုင်ငံတကာဖိအားများ လျော့ကျသွားစေရန်၊ နိုင်ငံပုံရိပ်ကို မြှင့်တင်ရန် အစိုးရ၏ သံခင်းတမန်ခင်းအရ ဆောင်ရွက်နေမှုအခြေအနေအား မေးမြန်းခဲ့သည့်အပေါ် ပြန်လည်ဖြေရှင်းခဲ့ခြင်း ဖြစ်သည်။
၂၀၁၇ ခုနှစ်တွင် လုံခြုံရေးတပ်ဖွဲ့များက အာဆာအကြမ်းဖက်အဖွဲ့ကို နှိမ်နင်းရာမှ ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင်များ နေရပ်စွန့်ခွာထွက်ပြေးခဲ့ပြီးနောက် နိုင်ငံတကာမှ ဖိအားများ ဆက်တိုက်တိုးလာခဲ့ရာ မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် လူမျိုးသုဉ်းရှင်းလင်းမှုဖြင့် သွားရောက်ရင်ဆိုင်ဖြေရှင်းခဲ့ရသည်အထိ ဖြစ်ခဲ့ရကြောင်း ဒေါ်ထုမေက ဆိုသည်။
လူ့အခွင့်အရေးဆိုင်ရာစွပ်စွဲချက်များအပါအဝင် အခြားသောစွပ်စွဲချက်များကြောင့် နိုင်ငံ၏ ပုံရိပ်ကျဆင်းနေရပြီး မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဝင်ရောက်မှုနည်းပါးခြင်း၊ အနောက်နိုင်ငံများက ရင်းနှီးမြုပ်နှံရန် တွန့်ဆုတ်နေခြင်းများ ရှိနေကြောင်းလည်း သူမက ထောက်ပြသည်။
ဒေါ်ထုမေက “ဒီလိုဖိအားတွေကို လျှော့ချဖို့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံဖြိုးရေးဆိုင်ရာ အကူအညီများ ပိုမိုရရှိနိုင်ဖို့အတွက် နိုင်ငံတကာ သံခင်းတမန်ခင်းမှာ ခြေလှမ်းသွက်သွက်နဲ့ မဟာဗျူဟာများ လှုပ်ရှားဖော်ဆောင်ဖို့ လိုအပ်လျှက်ရှိပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ နိုင်ငံတကာနှင့် ညှိနှိုင်းဖြေရှင်းရန် လိုအပ်သလို ပြည်တွင်းမှလည်း ထိထိရောက်ရောက် လုပ်ပြနိုင်ရန် လိုကြောင်း၊ အစိုးရအဆက်ဆက်က ၂၀၁၂ ခုနှစ်တွင် ရခိုင်ပြဿနာဖြစ်လာသည့်အချိန်မှ စတင်၍ ယခုအချိန်အထိတိုင် ရခိုင်ဒုက္ခသည်စခန်းများရှိ မွတ်ဆလင်များ၏ တရားဝင်မှုပြဿနာနှင့် နိုင်ငံသားပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိသေးကြောင်း၊ ယင်းသို့မဖြေရှင်းနိုင်ခြင်းက ရခိုင်ပြဿနာ၏ ဇစ်မြစ်ဖြစ်ကြောင်း ရခိုင်အရေးသုတေသီ ဦးမောင်မောင်စိုးက ပြောသည်။
ဦးမောင်မောင်စိုး က “ပြည်တွင်းက လူတွေတောင် ဒုက္ခသည်စခန်းမှာ ရှိနေရင် နိုင်ငံခြားကလူက ဘယ်ပြန်လာမလဲ။ ပြည်တွင်းမှာ ရှိတဲ့သူတွေနဲ့ပတ်သက်ပြီး နိုင်ငံသားဖြစ်မှုနဲ့ သူတို့ရဲ့ တရားဝင်မှုတွေနဲ့ပတ်သက်ပြီး အသိအမှတ်ပြုပေးတယ်။ ရခိုင်နဲ့ မူဆလင်အသိုင်းအဝိုင်းကြားမှာ သင့်သင့်မြတ်မြတ်နေနိုင်တယ်ဆိုရင် ပြည်ပကလူ ပြန်လာမှာပေါ့”ဟု ပြောသည်။
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အတတ်နိုင်ဆုံးအကောင်အထည်ဖော်နေပြီး ၁၉၉၂ ခုနှစ်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူထားသည့် သဘောတူညီချက်များ အတိုင်း ဆောင်ရွက်နေကြောင်း ဟု ပြည်ထောင်စုဝန်ကြီးဦးကျော်တင်က ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် နေရပ်စွန့်ခွာသွားသူများကို မြန်မာနိုင်ငံတွင် အမှန်တကယ်နေထိုင်ခဲ့သူ ဟုတ်မဟုတ် စိစစ်ရေးစခန်းများတွင် စိစစ်၍ လက်ခံပေးနေသော်လည်း ၎င်းတို့အား နိုင်ငံသားအဖြစ်၊ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရမည်ဟု တောင်းဆိုထားချက်များရှိကြောင်း၊ နိုင်ငံသားမဟုတ်သူများပါလာနိုင်သည့်အတွက် မြန်မာနိုင်ငံဘက်မှ စိစစ်နေရ၍ ရေရှည်လုပ်ဆောင်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။
ဦးဖေသန်းက “တော်တော့်ကို သတိထားပြီး လုပ်ဆောင်နေတဲ့အနေထားမှာ ရေတိုနဲ့ လုပ်လို့မရဘူးထင်တယ်။ တဘက်က ပြန်လာပါဆိုပေမယ့် နိုင်ငံရေးအရပဲ တောင်းဆိုနေတာများတယ်။ ဒီကို လာအစစ်ဆေးခံပြီး နိုင်ငံသား အခွင့်အရေး ရယူမယ်ဆိုတာထက် နိုင်ငံသားပေးရမယ်။ တိုင်းရင်းသားပေးရမယ်ဆိုတာကတော့ လက်တွေ့မကျဘူးပေါ့” ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် မတူကွဲပြားသည့် အသိုက်အဝန်းနှစ်ခုအကြား ယှဉ်တွဲနေထိုင်နိုင်ရေးအတွက် အစိုးရက ဥပဒေ၊ အမိန့်များဖြင့်ဆောင်ရွက်မရဘဲ အချိန်ယူပညာပေးရမည်ဖြစ်၍ ပေါင်းစည်းညီညွှတ်ရေး စီမံချက်များကိုလည်း အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ဆိုသည်။
အတူယှဉ်တွဲနေထိုင်ရေးအတွက် ရခိုင်နှင့် မွတ်ဆလင် အသိုက်အဝန်းနှစ်ခုလုံးက ပူးပေါင်းပါဝင်မှသာ ပြဿနာပြေလည်မည်ဟု ရခိုင်အရေး လေ့လာသူ ဦးမောင်မောင်စိုးက ဆိုသည်။
၎င်းက “ ဒီပြဿနာကို ဖြေရှင်းမယ်ဆိုရင် ရခိုင် လူ့အသိုင်းအဝိုင်းက လူတွေ ပါဖို့လိုတယ်။ ရခိုင်ပြဿနာကို ဖြေရှင်းဖို့ ရခိုင်တွေပါဖို့လိုသလို မွတ်ဆလင်ကိုယ်စားလှယ်တွေလဲ ပါဖို့လိုတယ်။ သူတို့တွေ ကိုယ်တိုင် ပါဝင်ဖြေရှင်းမှ ပြဿနာဖြေရှင်းနိုင်မှာဗျ”ဟု ပြောသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကလည်း ရေရှည်တွင် ရခိုင်နှင့် ဘင်္ဂလီ အတူတကွ ယှဉ်တွဲနေထိုင်ရေးသည် အလွန်အရေးကြီးသည့် ကိစ္စဖြစ်ပြီး ဘာသာ၊ ယဉ်ကျေးမှု မတူကွဲပြားမှုများ ရှိသည့်အတွက် ယှဉ်တွဲနေထိုင်ရန်မှာ အချိန်ယူဆောင်ရွက်ရမည့်ကိစ္စဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးခြင်းနှင့်အတူ နှစ်ဖွဲ့အကြား သံသယကင်းစွာ နားလည်မှုတည်ဆောက်နိုင်မှသာ ဖြစ်လာမည်ဖြစ်၍ ကြန့်ကြာဦးမည်ဟုဆိုသည်။
ဦးဖေသန်း က “ခြုံပြီး ပြောရရင် သူတို့က နိုင်ငံသားဖြစ်ဖို့လိုတယ်။ ကျနော်တို့နဲ့ အချိန်အတိုင်းအတာတခုထိတွေ့ပြီးမှ တယောက်အပေါ် တယောက် သံသယကင်းပြီး နားလည်မှုတွေရှိလာမှ အတူတူနေဖို့ ဖြစ်လာမှာပါ” ဟု ပြောသည်။
၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာလုံခြုံရေးစခန်းများကို ARSA အဖွဲ့က တိုက်ခိုက်၍ မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် စစ်ဆင်ရာတွင် မွတ်စလင် သိန်းနှင့်ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ရသည်ဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဂမ်ဘီယာနိုင်ငံက ဂျီနိုဆိုက် (လူမျိုးသုဉ်းသတ်ဖြတ်မှု) စွပ်စွဲချက်ကြောင့် အပြည်ပြည်ဆိုင်ရာ တ ရားရုံး (ICJ)တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အဖွဲ့က မြန်မာနိုင်ငံ ကိုယ် စား သွားရောက် ရင်ဆိုင်ဖြေရှင်းခဲ့ရသည်။
မြန်မာနှင့် ဂမ်ဘီယာ၏ နှစ်ဖက် လျှောက်လဲချက်များကို နားထောင်ပြီးနောက် ICJ က အချက် ၄ ချက် ပါဝင်သော ကြား ဖြတ်အမိန့် တခုကို ဇန်နဝါရီလ ၂၃ ရက်က ချမှတ်ခဲ့ရာ လေးလ အကြာ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မြန်မာနိုင်ငံက အစီအ ရင်ခံစာ တခု တင်သွင်းခဲ့ပြီးဖြစ်သည်။
ကြားဖြတ်အမိန့် အချက် ၄ ချက်တွင် မြန်မာနိုင်ငံက လက်မှတ် ရေးထိုးထားပြီး ဖြစ်သော လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီး ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်တွင် ပြဋ္ဌာန်းထားသည့် အပိုဒ်တချို့မှ အချက်အလက်များ အပါအဝင် သက်သေ အထောက်အထားများ မဖျက်ဆီးရန်နှင့် လေးလအတွင်း အစီအရင်ခံစာ တင်ရမည့် အချက်အလက်များ ပါဝင်သည်။
ထို့ပြင် ရခိုင်ပြည်နယ်တွင် လူမျိုးတခုအပေါ် ဆက်လက် ကျူးလွန်မှုများ ဆက်မဖြစ်ပေါ်စေရန်နှင့် တပ်မတော်အပါအဝင် မည်သည့် လက်နက်ကိုင် အဖွဲ့ကမှ ဂျီနိုဆိုက်ကဲ့သို့သော လုပ်ရပ်မျိုး ဆက်လက် မကျူးလွန်စေရန် အစီအမံများ ဆောင် ရွက်ရန် အချက်များလည်း ပါဝင်သည်။
၂၀၁၇ ဖြစ်စဉ်တွင် မွတ်စလင် ၇ သိန်း ထွက်ပြေးခဲ့ရမှုကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များကို အကြောင်းပြု ၍ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက တပ်မတော်ကို အရေးယူရန် တိုက်တွန်းမှုများ ရှိနေပြီး နိုင်ငံ တချို့က တပ်မတော် ခေါင်းဆောင်များကို ပြည်ဝင်ခွင့် ပိတ်ထားသလို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)ဖြင့်လည်း အရေး ယူရန် ကြိုးပမ်းမှုများ ရှိနေသည်။
You may also like these stories:
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အဖြေတရပ်ထွက်လာဖို့ အစိုးရမျှော်လင့်နေ
ရခိုင်ပြည်နယ် ခရိုင် ၂ ခုတွင် ALD ပါတီ ရွေးကောက်ပွဲ ဝင်ရန် မသေချာ