သတင်း

မြန်မာနိုင်ငံသားများ အရေးပေါ်ကိစ္စရှိလျှင် နိုင်ငံခြားပေးထွက်မည်

Want create site? Find Free WordPress Themes and plugins.

ကိုရိုနာဗိုင်းရပ် ပြန့်ပွားမှုကို ထိန်းချုပ်ရန် အားထုတ်မှုအနေဖြင့် မတ်လ ၃၀ ရက်မှ စတင်၍ နိုင်ငံတကာမှ ခရီးသည်တင် လေကြောင်းခရီးစဉ်များကို တားမြစ်ပိတ်ပင်ထားခဲ့ပြီး နောက်ပိုင်းတွင် ပထမဆုံးအနေဖြင့် နိုင်ငံသားများကို အရေးပေါ်ကိစ္စများဖြင့် မြန်မာနိုင်ငံမှ နိုင်ငံခြားသို့ ထွက်ခွာခွင့်ပေးရန် မြန်မာအစိုးရက စီစဉ်နေသည်။

မတ်လကုန်ပိုင်းတွင် စတင်ခဲ့ပြီး သြဂုတ်လကုန်အထိ တရားဝင် ဖြစ်သည့် ကန့်သတ်ချက်များအရ ကုန်တင်လေယာဉ်များ၊ ကယ်ဆယ်ရေး လေယာဉ်များနှင့် အထူးလေယာဉ်များကိုသာ ခွင့်ပြုခဲ့သည်။

ဇူလိုင်လ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်တခုတွင် မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန (MOFA) က နိုင်ငံရပ်ခြားသို့ သွားရောက်ရန် အရေးပေါ်ကိစ္စများရှိကြောင်း အတည်ပြုပြီးပါက နိုင်ငံသားကို အပြည်ပြည်ဆိုင်ရာ လေယာဉ်များပေါ်သို့ တက်ခွင့်ပြုမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများထံ မှတ်ချက်တောင်းခံရန် ဇူလိုင်လ ၂၉ ရက် နေ့တွင် ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပါ။

နိုင်ငံရပ်ခြားတွင် အရေးပေါ်ဆေးကုသမှု ခံယူမည့်သူများ သို့မဟုတ် ခွဲစိတ်ကုသရန် ရက်ချိန်း ရယူထားသူများ၊ အလုပ်ခွင်သို့ အချိန်မီ ပြန်လည်ရောက်ရှိရန် လိုအပ်သည့် နိုင်ငံသားများနှင့် သင်္ဘောသားများ၊ အစိုးရ အစီအစဉ်နှင့် ဖြစ်စေ ပုဂ္ဂလိက အစီအစဉ်ဖြင့်ဖြစ်စေ နိုင်ငံခြားတွင် အလုပ်လုပ်နေသည့် သို့မဟုတ် ပညာသင်ကြားနေသည့် ပညာရှင်များ၊ ကျောင်းသားများနှင့် အရေးပေါ် စီးပွားရေး ကိစ္စဆောင်ရွက်ရန် ရှိသည့် အခြားသူများကို ထွက်ခွာခွင့်ပြုမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေငြာချက်တွင် ပြောကြားခဲ့သည်။

အဆိုပါ နိုင်ငံသားများသည် ကုန်တင် သို့မဟုတ် ကယ်ဆယ်ရေးလေယာဉ်များ၊ သို့မဟုတ် ပြည်ပရောက် မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ယူရန် စီစဉ်ထားသည့် အထူးလေယာဉ်များဖြင့် လိုက်ပါခွင့် ပေးမည် ဖြစ်သည်။

ပြည်ပသို့ သွားရောက်လိုသော နိုင်ငံသားများသည် လိုအပ်သော ခရီးသွားစာရွက်စာတမ်းများကို ကြိုတင်စီစဉ်ထားရန်လည်း တောင်းဆိုထားသည်။ ၎င်းတို့အနေဖြင့် လိုအပ်သော ပြည်ဝင်ခွင့် ဗီဇာများကို ရန်ကုန်ရှိ သက်ဆိုင်ရာသံရုံးများတွင် ကိုယ်တိုင်လျှောက်ထားရမည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။

နိုင်ငံခြားသို့ သွားရောက်လိုသူများသည် လိုအပ်သောစာရွက်စာတမ်းများကို လေကြောင်းလိုင်း သို့မဟုတ် ကယ်ဆယ်ရေး သို့မဟုတ် အထူးလေယာဉ်ခရီးစဉ်များ စီစဉ်ပေးသူများထံသို့ ကြိုတင် တင်သွင်းထားရမည် ဖြစ်သည်။ လေကြောင်းလိုင်းများမှတဆင့် ခရီးသွားလာခွင့် ရ/မရ ကို နိုင်ငံခြားရေး ဝန်ကြီးဌာနက သူတို့ထံ အကြောင်းကြားသွားမည် ဖြစ်သည်။

လေယာဉ်ဖြင့် လိုက်ပါခွင့် ရရှိထားသော နိုင်ငံသားများအနေဖြင့် လက်မှတ်ဝယ်ယူရန် သက်ဆိုင်ရာ လေကြောင်းလိုင်းများနှင့် သူတို့ ကိုယ်ပိုင်အစီအစဉ်များ ပြုလုပ်ရန် လိုအပ်ကြောင်းလည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။

အထက်ပါ စည်းမျဉ်းများထဲမှ ခြွင်းချက် တခုမှာ ဆေးကုသမှုခံယူရန် ထိုင်းနိုင်ငံသို့ ခရီးသွားမည့်သူများနှင့် ပတ်သက်သည့် ကိစ္စများဖြစ်သည်။ ထိုကိစ္စများတွင် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထိုင်းနိုင်ငံသို့ သွားရန် စီစဉ်ထားသော နိုင်ငံသားများနှင့် ၎င်းတို့ကို စောင့်ရှောက်သူများ ကိုယ်စား ထိုင်းသံရုံးနှင့် ညှိနှိုင်းသွားမည် ဖြစ်သည်။ အဆိုပါ နိုင်ငံသားများအနေဖြင့် လိုအပ်သော စာရွက်စာတမ်းများကို လေကြောင်းလိုင်းများတွင် မှတ်ပုံတင်သည့် အချိန်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ တပြိုင်တည်း တင်ပြရန် လိုအပ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။

ခရီးသွားခွင့်ရရှိထားသော နိုင်ငံသားများသည် COVID-19 စစ်ဆေးမှု ပြုလုပ်ရန် အတွက် အမျိုးသား ကျန်းမာရေး ဓာတ် ခွဲခန်း (ရန်ကုန်) သို့မဟုတ် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်း (မန္တလေး) တွင် လျှောက်ထားနိုင်သည်။

နိုင်ငံ အများအပြားက ၎င်းတို့နိုင်ငံများအတွင်းသို့ ဝင်ရောက်လိုသူများနှင့် ပတ်သက်၍ COVID-19 ဆိုင်ရာ ကန့်သတ်ချက်များ ချမှတ်ထားသောကြောင့် ခရီးသွားခွင့် ရရှိထားသူများ အားလုံးအနေဖြင့် သူတို့ သွားရောက်မည့် သက်ဆိုင်ရာနိုင်ငံများ၏ COVID-19 အစီအမံများနှင့် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ လိုအပ်ချက်များကို သေချာဖတ်ရှုရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတိပေးထားသည်။

ဇူလိုင်လ ၂၇ ရက်နေ့ မနက်ပိုင်းအထိ မြန်မာနိုင်ငံတွင် သေဆုံးသူ ၆ ဦး နှင့် ပြန်လည် ကောင်းမွန်သက်သာလာသူ ၂၉၃ ဦး အပါအဝင် COVID-19 ဖြစ်ပွားသူ စုစုပေါင်း ၃၅၁ ဦး ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဧပြီလ ၃၀ ရက်မှစ၍ မြန်မာနိုင်ငံက ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ် ၆၀ ခန့်ကို စီစဉ်ပေးခဲ့ပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ အင်္ဂလန်၊ အမေရိကန်နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု တို့ အပါအဝင် နိုင်ငံ ၁၀ နိုင်ငံကျော်တွင် သောင်တင်နေသော မြန်မာနိုင်ငံသား ၉၁၀၅ ဦးကို မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ယူခဲ့ပြီး ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ သိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့ တွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင်က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗီဒီယိုမှတဆင့် တွေ့ဆုံ ဆွေးနွေးစဉ် ပင်လယ်ရပ်ခြားရှိ နိုင်ငံများတွင် သောင်တင်နေသည့် ခန့်မှန်းခြေအားဖြင့် ၁၈၀၀ ခန့်ရှိသော နိုင်ငံသားများကို ပြန်လည်ခေါ်ယူရန် တာဝန်ရှိသူများက သြဂုတ်လ အတွင်းတွင် ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ် ၁၃ ခု စီစဉ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူအားလုံးကို quarantine စခန်းများ သို့မဟုတ် quarantine ဟိုတယ်များတွင် ၂၁ ရက် ထားရှိသွားမည် ဖြစ်ပြီး ၎င်းတို့ အနေဖြင့် COVID-19 ပြန့်ပွားမှုကို ထိန်းသိမ်းရန် နေအိမ်တွင် နောက်ထပ် ၇ ရက် ကြာ သီးခြားနေ ထိုင်သွားရန် လိုအပ်သည်။

(Zaw Zaw Htwe ၏ Myanmar to Lift Ban on Foreign Travel for Citizens With Urgent Business ကို ဘာသာပြန်သည်။)

You may also like these story:

ပုဂံဒေသရှိ ဘုရားများအား ဖူးမြော်ခွင့် ကန့်သတ်

Did you find apk for android? You can find new Free Android Games and apps.
Loading