တပ်မတော်နှင့် ရက္ခိုင်စစ်တပ်(AA)တို့ရဲ့ တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၁၀၂ ခုရှိသည့် အနက် ၇၀ ကျော်တွင် မဲစာရင်းမကပ်နိုင်သေးကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးစံသာကျော်က ဧရာဝတီသို့ ပြောသည်။
ပလက်ဝမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးစံသာကျော်က “မဲစာရင်း ထုတ်နိုင်တာက ရပ်ကွက်၊ ကျေး ရွာအုပ်စု ပေါင်း ၁၀၂ ထဲမှာ ၅၀ ပဲ ထုတ်တာ။ လုံခြုံရေးအခြေအနေကြောင့် မသွားနိုင်လို့။ အခြေအနေက သွားလာဖို့ခက်တယ်။ မဲစာရင်းကပ်လို့ မရတာတွေရှိတယ်”ဟု ပြောသည်။
ပလက်ဝမြို့နယ်တွင် လူဦးရေ ၁၀၈၅၁၂ ဦးရှိသည့်အနက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်သူ ၆ သောင်းကျော်ရှိရာ ၂၀၁၅ ရွေးကောက်ပွဲ ဆန္ဒမဲပေးနိုင်သူ ဦးရေထက် ၁၀၀၀၀ ကျော် တိုးလာကြောင်း၊ ပလက်ဝမြို့ ပေါ်တွင်လည်း ခိုလှုံနေသည့် တိုက်ပွဲရှောင် ၄ ထောင်ကျော်ရှိသည့်အနက် မဲပေးနိုင်သူ ၃ ထောင်ခန့်ရှိကြောင်း သိရသည်။
လက်ရှိ မဲစာရင်းမကပ်နိုင်သေးသော်လည်း ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၇၀ ကျော်ရှိ မဲဆန္ဒရှင်များအနေဖြင့် မဲပေးခွင့် ဆုံးရှုံးမည် မဟုတ်ကြောင်းနှင့် ၎င်းတို့အတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)များ မှ တဆင့် မဲစာရင်းကြည့်နိုင်ကြောင်း ဦးစံသာကျော်က ရှင်းပြသည်။
သို့သော် မဲစာရင်းကပ်၍ ပြီးစီးသည့် နေရာအချို့တွင်ပင် ဆန္ဒမဲပေးခွင့်ရှိသူ၏ ကိုယ်ရေးအချက်အလက်ဆိုင်ရာများ မှားယွင်းမှုများ ဖြစ်ပေါ်လျက်ရှိရာ မဲစာရင်းမှားယွင်းနိုင်သည့် အခြေအနေ၊ အရင်ရွေးကောက်ပွဲကာလ အတိုင်း လူစာရင်း သတ်မှတ် ထားသည် ဆိုသော်လည်း ၅ နှစ်အတွင်း ထပ်မံတိုးလာသည့် လူစာရင်းကို မည်သို့ ပြုလုပ်မည်ဆိုသည်ကို မသိရှိရသေးပါ။
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကလည်း “အရင်တုန်းက ရွေးကောက်ပွဲ ကော်မရှင်နဲ့ လဝကတို့ ထွေအုပ်တို့က ကောက်ထားတဲ့ မဲစာရင်းအတိုင်းပဲ။ အခုကတော့ ကျေးရွာတွေမှာ ကပ်ခိုင်း ထားတယ်။ ကျေးရွာအားလုံးကတော့ နယ်မြေအခြေအနေအရ ကပ်လို့မရသေးတော့ မြို့ပေါ်တွေမှာ ကပ်ထားတယ်”ဟု ပြောသည်။
ပလက်ဝမြို့နယ်ရှိ ပြည်သူ့လွှတ်တော်နေရာတွင် CNLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးကျော်ငြိမ်းကလည်း “အခုလောလောဆယ်တော့ ကုလားတန်မြစ်အထက်ပိုင်းမှာ လုံခြုံရေးအရ သွားလာလို့မရတဲ့ နယ်မြေတွေ ရှိတယ်။ အခုသူတို့က ၃၂ အုပ်စုက မဲကပ်နိုင်တယ်။ ကျန်တာ မဲစာရင်း မကြေညာနိုင်ဘူး။ မြို့ပေါ်မှာတော့ ကပ်ထားတယ်။ တကယ်လို့ လုံခြုံရေးပေးနိုင်လို့ရှိရင် မြို့နယ်ရပ်ကွက်တိုင်းမှာ မဲစာရင်းကြည့်နိုင်မယ်။ အဲဒါကြောင့် ပလက်ဝမှာ တကယ် ရွေးကောက်ပွဲလုပ်ဖို့ စေတနာရှိမယ်ဆိုရင် လုံခြုံရေးကို အပြည့်အဝ ချထားပေးရင် အဆင်ပြေမှာပါ” ဟု ပြောသည်။
ဆက်လက်ပြီး ၎င်းက “အဲဒီလို လုပ်မပေးနိုင်ရင်တော့ ရွေးကောက်ခံရတဲ့ကိုယ်စားလှယ်က တကယ်ပြည်သူတွေရဲ့ ထောက်ခံချက်နဲ့ ရတာမဟုတ်ဘူးလို့ ပြောလို့ရမယ်။ ဒေသခံပြည်သူများရဲ့ဆန္ဒနဲ့ ရွေးချယ်တဲ့အတွက် အထောက်အထား ခိုင်ခိုင်လုံလုံဖြစ်အောင် ကျေးရွာအုပ်စုအတွင်းက လူထုရဲ့အမြင်မှန်ကို ဖော်ထုတ်နိုင်ဖို့လည်း လုံခြုံရေး ချထားပေးဖို့ လိုပါတယ်။ ၂၀၁၅ တုန်းကတော့ ဒီလောက်အထိ မခက်ခဲဘူး။ AA က ရွေးကောက်ပွဲတော့မနှောက်ယှက်ပါဘူး။ တကယ် လို့ ပလက်ဝမှာ ရွေးကောက်ပွဲလုပ်ချင်တယ်ဆိုရင် သူတို့ကို လာညှိပါလို့ ပြောတယ်။ အစိုးရကလည်း လာညှိပါ့မလား”ဟု ဆိုသည်။
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နန္ဒာလှမြင့်က “မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေးကို မဆုံးရှုံး စေချင်ဘူး။ နိုင်ငံသားတိုင်းက မဲပေးရဖို့ အခွင့်အရေး ရှိတယ်။ ကျနော်တို့လို ပါတီတွေ အနေနဲ့တော့ မဲတမဲဆိုလည်း တမဲ တန်ဖိုး ရှိပါတယ်။ ဒီအခွင့်အရေးတွေ မဆုံးရှုံးစေဖို့ နယ်မြေတည်ငြိမ် အေးချမ်းဖို့အတွက်ကို သက်ဆိုင်ရာ တာဝန်ရှိသူ တွေက ကြိုးစား ဆောင်ရွက်ပေးနိုင်ဖို့ လိုပါတယ်”ဟု ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်သူစာရင်းကို ဇူလိုင်လ ၂၅ ရက်နေ့မှ စကာ သက်ဆိုင်ရာ ရပ်ကျေးရုံးများတွင် ၁၄ ရက်ကြာ ကပ်ထားပေးမည်ဟု ထုတ်ပြန်ထားသည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ပလက်ဝမြို့နယ်မှ ပြည်သူ့လွှတ်တော်က ၁ နေရာ၊ အမျိုးသားလွှတ်တော်က ၂ နေရာ၊ ပြည်နယ်က ၂ နေရာရှိပြီး ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးထားသည့် ပါတီပေါင်း ၄ ခုရှိသည်ဟု သိရသည်။
ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)နှင့် ခူမီး(ခမီး) အမျိုးသားပါတီ(KNP)တို့ ဖြစ်သည်။
ပလက်ဝမြို့နယ်တွင် NLD မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်းတွင် လက်ရှိ စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြည်နယ် အမှတ် ၁ နေရာနှင့် အမျိုးသားလွှတ်တော် ၇ တွင် ဦးဝှေ့တင်းတို့ ထပ်မံဝင်ရောက် အရွေးခံ ကြမည်ဖြစ်သည်။
ကူးဝကျေးရွာ ဒေသခံ ဒေါ်သန်း က “မဲစာရင်းကပ်လားလည်း မသိပါဘူး။ ဘာမှမသိဘူး။ ပေးပါပြောရင် ပေးလိုက်မယ်။ အခုက စားဖို့လုပ်နေရတော့ အဲဒါတွေ လည်း စိတ်မဝင်စားအားဘူး ဖြစ်နေတယ်” ဟု ပြောသည်။
ဆက်စပ်လင့်
AA ဖမ်းသွားသည့် ချင်းရွာလူကြီး သေဆုံးလျက် ပြန်တွေ့
No Vote ကမ်ပိန်း ရိုးသားရဲ့လား
နေရပ်ပြန်လာသူတွေကို မဲစာရင်းမှာ ပါနိုင်အောင် လုပ်နေပါတယ်