ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးကျဆင်းမှုဖြစ်ခဲ့သည့်အထဲတွင် ဟိုတယ်နှင့် ခရီးသွား ကဏ္ဍမှာလည်း အခြေအနေ ဆိုးဝါးနေပြီး လက်ရှိအချိန်၌ ယင်းကဏ္ဍကို မှီခိုနေသည့် လုပ်သားများမှာ ဝင်ငွေ သုံးပုံ နှစ်ပုံခန့် ကျဆင်းကာ စားဝတ်နေရေး အကြပ်အတည်း ရင်ဆိုင်နေကြရသည်။
ရန်ကုန်မြို့ ကြယ်ငါးပွင့် အဆင့် ရှိဟိုတယ်တခုတွင် လုပ်သက် ၅ နှစ်ရှိပြီဖြစ်သည့် အသက် ၃၀ ဝန်းကျင် အရွယ် ဧည့်ကြို အမျိုးသားတဦးက “ကျနော်တို့ ဟိုတယ်ကတော့ ပိတ်တဲ့အထဲ မပါဘူး။ ဧည့်သည် အဝင် မရှိတော့ ငွေရေးကြေးရေးပိုင်း နည်းနည်း အခက်အခဲ ရှိတယ်။ အရင်ကထက် သုံးပုံ နှစ်ပုံလောက်က ဝင်ငွေကျဆင်း သွားတယ်” ဟု ပြောပြသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါကြောင့် ဧည့်သည်ဝင်ရောက်မှု ယာယီဆိုင်းငံ့များရှိလာသဖြင့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း များတွင် ကြိုတင်ချုပ်ဆိုထားသော ခရီးသွားလုပ်ငန်းဆိုင်ရာ စာချုပ်များ ပျက်ပြယ်ခဲ့ရပြီး ၂၀၁၉ ခုနှစ် မေလမှ စ၍ ပြည်ပ ခရီးသွား ဧည့်သည်ဝင်ရောက်မှု ၁၀၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။
ထို့ကြောင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသော ဟိုတယ်လုပ်ငန်းများတွင် ကြိုတင်ချုပ်ဆိုသော စာချုပ်များ ပျက်ပြယ်ခဲ့ ပြီး ဧည့်သည် တည်းခိုနေထိုင် ရေးဝင်ငွေမှာ ၅၃ ရာခိုင်နှုန်းကျော် လျှော့ကျခဲ့ခြင်း၊ အစား အသောက် နှင့် အဖျော် ယမကာ လုပ်ငန်းများမှ ဝင်ငွေ ၅၃ ရာခိုင်နှုန်းကျော် လျှော့ကျခဲ့ခြင်းတို့ကြောင့် စုစုပေါင်း ခရီးသွား ကဏ္ဍတွင် ယခု ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ မေလအထိ အမေရိကန်ဒါ်လာ ရာခိုင်နှုန်းအားဖြင့် ၅၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ သည်။
မြန်မာတနိုင်ငံလုံးတွင် ကိုဗစ်ကပ်ရောဂါ မဖြစ်ပွားမီက ဟိုတယ်ကဏ္ဍတွင် မှီခိုလုပ်ကိုင်နေသည့် လုပ်သားပေါင်း ၉ သောင်း ကျော် ရှိခဲ့ရာမှ ယခုကာလတွင် စီးပွားရေးကျဆင်းမှုကြောင့် ၆ သောင်းကျော် သာ ကျန်ရှိတော့သည်။
ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ် တွင် လုပ်သက် ၂ နှစ်ရှိပြီဖြစ်သည့် အသက် ၂၅ နှစ် ဝန်းကျင်အရွယ် အမျိုးသမီးဧည့်ကြိုတဦးကလည်း “ကျမတို့ ဟိုတယ်မှာတော့ တချို့ကျတော့ အလုပ်ထွက်သွားရတာက ဘာကြောင့် ဆိုတာ ခေါင်းစဉ်မရှိဘူး။ တချို့ကျတော့လည်း ပါမစ်နစ်မဖြစ်သေးဘူး ကိုဗစ်ဖြစ်လို့ အထုတ်ခံရတာပေါ့။ ကျမတို့ ဌာန တခုထဲတင် ၇ ယောက်လောက် ရှိတယ်။ တခြား လူများတဲ့ အစားအသောက်နဲ့ ပတ်သက်တဲ့ဘက်မှာဆိုရင် ဘယ်လောက်တောင် ရှိမလည်း မသိဘူးပေ့ါ”ဟု ပြောပြသည်။
ဆက်လက်၍ ၎င်းက “ဒီလဆိုရင် တော်တော်ဆိုးဆိုးပဲ။ ကျမတို့က အလုပ်ဆင်းရတဲ့ အသုတ်ထဲပါတယ်။ အလုပ်မဆင်းရ တဲ့သူတွေထက်က ကျပ် ၅ သောင်းလောက်ပဲ ပိုရတယ်။ အဲ့ဒီတော့ အဆင်တော့ မပြေဘူးပေါ့။ အခုက အိမ်က ကိုယ့်ကို ပြန် ထောက်ပံ့နေရသလို ဖြစ်တယ်”ဟု ဆိုသည်။
လုပ်ငန်းများကောင်းစဉ်က ဝန်ထမ်းများအနေနှင့် ချေးငွေ အစုအဖွဲ့များထံက ငွေကြေးတချို့ယူသုံးခြင်း၊ ပစ္စည်း ဝယ်ခြင်း များ ကြောင့်လည်း ယခုလို ရုတ်တရက် ကပ်ရောဂါ ဖြစ်ပွားချိန်တွင် ဝင်ငွေလျှော့ကျကာ ကြပ်တည်းလာခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
ဟိုတယ်စားဖိုဆောင်တွင် အလုပ်လုပ်သူ အမျိုးသား ဝန်ထမ်းတဦးကလည်း “ဝင်ငွေကတော့ အခုချိန်က ထက်ဝက်လောက်ကို ကျဆင်းနေတာ။ ကျနော်တို့ အလုပ်ရှင်ကတော့ ဝန်ထမ်းတွေဘက်ကို ကြည့်ပေးပါတယ်။ ဒါပေမယ့် ဧည့်သည် အဝင်မရှိတော့ လစာရှော့ တာတော့ ရှိတယ်။ အဲ့ဒီတော့ မှီခိုနေတဲ့ မိသားစုရဲ့ စားဝတ်နေရေးလည်း ကြပ်တည်းလာတယ်”ဟု ပြောသည်။
ဟိုတယ်ဝန်ထမ်းများက ကိုဗစ်ကာလ အတွင်း ၎င်းတို့ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခက်များကို ရှင်းပြသော်လည်း လက်ရှိ ရရှိနေသည့် အလုပ်အကိုင် အခွင့်အလမ်းကို ထိခိုက်မည်စိုး၍ အမည်များကို ထည့်သွင်း မဖော်ပြရန် တောင်းဆိုထားသည်။
အလုပ်ချိန်နှင့် လစာလျှော့ချခံနေရသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည့် ဟိုတယ်ဝန်ထမ်းများ အနေဖြင့် ကိုဗစ်ကာလမတိုင်ခင် က ပုံမှန် အသုံးစရိတ် တရက်လျှင် ကျပ် ၂ ထောင် သုံးလျှင် ယခုအချိန်၌ ၁ ထောင် ကျပ်သာ သုံးနိုင်သည့် အခြေ အနေတခုသို့ ရောက်ရှိလာသည်ဟု ပြော ပြသည်။
ထို့သို့ ဟိုတယ်လုပ်ငန်းနှင့် ပင်မ ဆက်စပ်နေသော ဝန်းထမ်းများ အလုပ်လက်မဲ့ ဖြစ်ခြင်း၊ ဝင်ငွေလျှော့ကျခြင်းများ ရှိသလို KTV၊ SPA နှင့် အခြားအသေးစား ဝန်ဆောင်မှု လုပ်ငန်းပေါင်း ၁၀၀ ကျော် လုပ်ငန်းရပ်ဆိုင်းသွားပြီး ဟိုတယ်၊ တည်းခိုရိပ်သာများနှင့် ဆက်စပ် လုပ်ကိုင်နေရသော ခရီးသွားကုမ္ပဏီများ၊ Car Rental လုပ်ငန်းများ၊ အစရှိသည့် လုပ်ငန်းများ ဝင်ငွေများ ကျဆင်းနေသဖြင့် ယင်းကဏ္ဍသည် အထိခိုက်ဆုံး ကဏ္ဍတခု ဖြစ်နေသည်။
ဟိုတယ်လုပ်ငန်းအရေအတွက် အနေနှင့်လည်း ကိုဗစ်မဖြစ်ပွားမီက ၅၂၇ လုံး ရှိခဲ့ရာမှ ယခု ၃၃၅ လုံးသာ ကျန်ရှိနေပြီး လက်ရှိအခြေအနေအရ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် ကြီးမားသော အကျိုးသက်ရောက် မှု ရှိနိုင်သဖြင့် အစိုးရအနေနှင့် အခွန်သက်သက်ခွင့်ရရှိရေး ကိစ္စ၊ အတိုးနှုန်း သက်သာသော ချေးငွေရရှိရေး၊ လူ့စွမ်းအား အရင်းအမြစ်သင်တန်းများ ဖွင့်လှစ်ခြင်း၊ အနှေးယာဉ်လုပ်သားများအတွက် အခွင့်အလမ်းများ ဖော်ဆောင်ခြင်း၊ လမ်းဘေး ဈေးသည်များ လက်မှုပညာသည်များအား မူလအခြေအနေသို့ ရောက်ရှိအောင် ဆောင်ရွက်သင့်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက COVID-19 ကြောင့် မြန်မာ့ခရီးသွား စစ်တမ်းအပေါ် စီးပွားရေး သက်ရောက်မှု စစ်တမ်းတွင် ဖော်ပြထားသည်။
ရန်ကုန်ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးတင်မြင့်က “ဟိုတယ်တွေ အနေနဲ့က အခုဝန်ထမ်းကို ထိန်းထားနိုင်ယုံလောက်နဲ့ သွားနေတယ်။ တချို့ကတော့ အရူံးနဲ့ သွားနေတယ်။ ဒါကြောင့် တချို့ ဟိုတယ်တွေက အရူံးမခံနိုင်လို့ ပိတ်ထားတယ်။ အစိုးရပေးတဲ့ချေးငွေက စာရင်းကောက်ထားတာ မရှိတော့ ၅၀ ရာခိုင်နှုန်းလောက်တော့ ဟိုတယ်တွေအတွက် အဆင်ပြေတယ်။ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကတော့ ကိုယ့်ဘာသာပဲ ရုန်းကန်ကြရတယ်” ဟု အခြေအနေကို ပြောပြသည်။
ပြည်တွင်းဧည့်သည်များ လက်ခံသည့် ဟိုတယ်များက ဝန်ထမ်းများထိန်းထားနိုင်သည့် ဝင်ငွေ တခု ရှိနေသော်လည်း နိုင်ငံ ခြားသားသီးသန့် လက်ခံသည့် ဟိုတယ်များက အရူံးနှင့်သာ ဆက်လက်သွားနေရသည့် အနေအထား ရှိကြောင်း ၎င်းက ပြောသည်။
ဟိုတယ်အများစုသည် လစာလျှော့ခြင်းထက် ဝန်ထမ်း လျှော့သည့် ဟိုတယ်က များပြီး တချို့တဝက်လျှော့ချခြင်း၊ တဝက် အလုပ်ဆင်း၊ တဝက်အလုပ်နား တလှည့်စီ လုပ်ကိုင်သည့်စနစ်နှင့်သွားခြင်း၊ အလုပ်ဆင်းသည့် ဝန်ထမ်းက လစာရရှိခြင်း မဆင်းရသည့် ဝန်ထမ်းက အလုပ်ဆင်းရသည့် လမှသာ လစာရခြင်း စသည့် ပုံစံမျိုးနှင့် လည်ပတ်နေရခြင်း ဖြစ်သည်။
ယခု ၂၀၂၀ ခုနှစ် အကုန်အထိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများကို အကောင်အထည်မဖော်နိုင်လျှင် ပိတ်သိမ်းရမည့် ဟိုတယ်များလာမည်ဟု ဟိုတယ်လုပ်ငန်းရှင်လည်း ဖြစ်သူ ဦးတင်မြင့်က ပြောသည်။
“ဟိုတယ်တွေက ဧပြီလလောက်ထဲက ၁၀၀ ရာခိုင်နှုန်းလောက် ပိတ်ထားရတာ။ အခု မေလ နောက်ပိုင်းမှသာ တချို့က စမ်းဖွင့်တယ်။ တချို့ဟိုတယ်ကျတေ့ာလည်း လုပ်သားကို တဝက်ဆင်း တဝက်နားနဲ့ ဖွင့်တာဆိုတော့ တနှစ်လောက်သာ ဝင်ငွေမရှိဘဲ ဆက်သွားရင် နောက်နှစ်မှ ဆက်ရပ်တည်ဖို့က အခက်အခဲရှိတယ်”ဟု ၎င်းက ရှင်းပြသည်။
You may also like these stories:
ရန်ကုန်မြို့သစ်စီမံကိန်းကို အပိုင်းလိုက် အကောင်အထည်ဖေါ်မည်
တိုက်ရိုက်ရောင်းချခြင်း ဥပဒေကြောင့် MLM စနစ် အသက်ပြန်ဝင်လာနိုင်လား
ရန်ကုန်နှင့် မွန်ပြည်နယ်၌ စီးပွားရေးဇုန်သစ်များ ထူထောင်ရန် တင်ဒါ ခေါ်မည်