ကိုဗစ် – 19 ကာလတွင် အစိုးရထံသို့ အကူအညီ ရရှိရန် တင်ပြတောင်းခံခဲ့သည့် အပစ်ရပ်ထားသည့် အဖွဲ့ ၈ ဖွဲ့ ကို အစိုးရ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဗဟိုဌာန(NRPC)က ငွေကြေး ကူညီထောက်ပံ့မှုများ ပေးခဲ့ကြောင်း သတင်း ရရှိသည်။
အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) စာချုပ် လက်မှတ်ရေးထိုးထားသည့် ၁၀ ဖွဲ့ တွင် ကရင်အမျိုးသား အစည်းအရုံး (KNU)နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)တို့ မပါဘဲ ကျန် ၈ ဖွဲ့ကို အစိုးရက ငွေကြေးကူညီထောက်ပံ့ခဲ့ကြောင်း အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ တို့ တွေ့ ဆုံမှုအပြီး မီဒီယာများနှင့် တွေ့ ဆုံစဉ် ဧရာဝတီ သတင်းဌာန၏ မေးမြန်းချက်ကို အတိုင်ပင်ခံရုံး၏ ညွှန်ကြားရေးမှူးချုပ်လည်း ဖြစ်သူ ဦးဇော်ဌေးက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ဦးဇော်ဌေးက“ကျနေ်ာတို့ NRPC ကို တင်ပြတာ ၈ ဖွဲ့ တင်ပြပါတယ်။ KNU နဲ့ RCSS မပါပေါ့နော်။ အဲဒီ ၈ ဖွဲ့ မှာ ကျနော်တို့ ကိုဗစ်ကာလမှာ အစိုးရအနေနဲ့ ပုံမှန်ဝင်ငွေ မရှိတဲ့ အခြေခံ လူတန်းစားတွေကို ထောက်ပံ့တာ ရှိတယ်။ ကျန်တဲ့ လမ်းဘေး ဈေးသည် စသည်ဖြင့် ချေးငွေ ထုတ်ပေးတာ ရှိတယ်။ လယ်သမားတွေကို စိုက်စရိတ်ပေးတာတွေ ရှိတယ်”ဟု ပြောသည်။
သို့သော် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ (EAOs) ကို တိုက်ရိုက် မထောက်ပံ့ဖြစ်ကြောင်း၊ EAOs များသည်လည်း ကိုဗစ်ကာလတွင် အခြားသူများနည်းတူ အသက်မွေးဝမ်းကျောင်းမှုများ မလုပ်နိုင်သဖြင့် EAOs ၈ ဖွဲ့က အစိုးရထံ တင်ပြလာခြင်းကို ငွေကြေးထောက်ပံ့ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
KNU နှင့် RCSS အပြင် ကျန်အပစ်ရပ်ထားသည့် ၈ ဖွဲ့ မှာ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA)၊ ကရင် ငြိမ်း ချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ ပအို့ဝ် အ မျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ်(PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ ဖြစ်ကြောင်း သိရသည်။
အစိုးရက ယင်း ၈ ဖွဲ့ ထံမှ စာရင်းများ တောင်းခံပြီးနောက် ၎င်းတို့၏ မိသားစုဝင် အရည်အတွက်၊ ကလေး၊ လူကြီးများကို ရည်တွက်ပြီး အဖွဲ့ ကြီး၊ အဖွဲ့ လတ်၊ အဖွဲ့ငယ်နှင့် အဖွဲ့ သေးဟူ၍ အဖွဲ့ ၄ ဖွဲ့ ခွဲ၍ အဆင်ပြေစေရန် ထောက်ပံ့ခဲ့ကြောင်း အစိုးရ၏ ပြောခွင့်ရသူက ဆက်ပြောပြသည်။
“အရင်အစိုးရလက်ထက်မှာ ထောက်ပံ့ခဲ့တဲ့ အင်အားတွေ ထောက်ပံ့မှုတွေ ရှိတယ်။ အဲဒီတုန်းကလည်း စားနပ်ရိက္ခာ ထောက်ပံ့တယ်။ စားနပ်ရိက္ခာ Plus ပေါ့နော်၊ ငွေကြေးထောက်ပံ့တယ်။ သူတို့ကို တော်တော်များများ အကြိမ်ရေ များများ ထောက်ပံ့ခဲ့တယ်။ အခုလက်ထက်မှာတော့ ထောက်ပံ့နိုင်ခြင်း မရှိဘူး။ သို့သော် ကိုဗစ်ကာလမှာ အခက် အခဲတွေ ဖြစ်တယ်ဆိုတော့ ပြန်သုံးသပ်ပါတယ်”ဟု ဦးဇော်ဌေးက ရှင်းပြသည်။
ယင်းအဖွဲ့ များထဲတွင် လူအင်အား အနည်းဆုံး အဖွဲ့ မှာ သိန်း ၂၅၀ ရရှိပြီး ကျန်အဖွဲ့ များမှာ သိန်း ၅၀၀၊ သိန်း ၇၅၀ နှင့် သိန်း ၁၀၀၀ အထိ အသီးသီး ရရှိကြသည်။
NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ များကို ရိက္ခာနှင့် အတူ အခြား ထောက်ပံ့မှုများကို ယခင် အစိုးရ လက်ထက်ကတည်းက ပေးခဲ့ကြောင်း၊ ထိုစဉ်က အပစ်ရပ်ထားသည့် ၈ ဖွဲ့ ရှိရာ ၈ ဖွဲ့စလုံးကို ပေးခဲ့ကြောင်း၊ ယခုအခါ ၁၀ ဖွဲ့ အထိ ရှိလာပြီး ယခုအကြိမ်တွင် KNU နှင့် RCSS တို့ မပါတော့ကြောင်း ၊ ပအို့ဝ် အ မျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ်(PNLO)မှ ဒုတိယ ဥက္ကဌ ဦးခွန်မြင့်ထွန်းက ဧရာဝတီသို့ ပြောသည်။
“အခုဒီဘက်မှာကတော့ ၁၀ ဖွဲ့ ရှိလာပြီပေါ့။ ၁၀ ဖွဲ့ မှာ KNU နဲ့ RCSS က မပါဘူး။ ကျန်တဲ့ ၈ ဖွဲ့ အတွက်ကို အခြေခံ ရိက္ခာစားဝတ်နေရေး အတွက်ကိုတော့ ထောက်ပံ့ပေးဖို့ အတွက်ကို NRPC ရဲ့ ဥက္ကဌ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီကို ကျနော်တို့ ၈ ဖွဲ့ ကိုယ်စား ကျနော် လက်မှတ်ရေးထိုးပြီးတော့ တင်ပြခဲ့ပါတယ်”ဟု ဦးခွန်မြင့်ထွန်းက ပြောသည်။
၎င်းက ဆက်၍ “ကျနော်တို့က NCA ကို လက်မှတ်ရေးထိုးပြီးတဲ့အခါမှာ NCA ရဲ့ ပြဌာန်းချက်တွေကို လေးစား လိုက်နာရပါ တယ်။ ကျနော်တို့ တပ်ဖွဲ့ တွေ ရပ်တည်ရေး NCA မထိုးမီ ကာလကတည်းက ဝန်ကြီး ဦးအောင်မင်းတို့နဲ့ ဆွေးနွေး ညှိနှိုင်း စဉ်ကာလကလည်း အစိုးရအနေနဲ့လည်း ထိုက်သင့်သလို ကူညီဆောင်ရွက်ပေးမယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်”ဟု ရှင်း ပြသည်။
ကိုဗစ်ကာလတွင် အားလုံးမှာ အနည်းနဲ့အများ ဆိုသလို ဒုက္ခရောက်ကြသဖြင့် ယင်းအထဲတွင် NCA လက်မှတ်ရေးထိုးထား
သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များလည်း ပါဝင်ရာ အစိုးရ၏ ယခုလို ဆောင်ရွက်မှုကို ကြိုဆိုကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
“ပစ္စည်းတွေ ပေးဖို့ ဆိုတာကလည်း တော်တော်လေး အခက်အခဲ ဖြစ်နိုင်တယ်။ ဒီလို လုပ်ကိုင်ဆောင်ရွက်ပေးတာဟာ အပြန်အလှန် နားလည်မှု ရနိုင်တဲ့အတွက် ငြိမ်းချမ်းရေးအတွက်ပါ အလားအလာတခုအနေနဲ့ အသိအမှတ်ပြုသင့်တယ်လို့ ထင်ပါတယ်။ တပ်မတော်လည်း ပါဝင်နိုင်တယ်ဆိုရင် ပိုကောင်းတာပေါ့”ဟု ဦးသန်းစိုးနိုင်က ပြောသည်။
တပ်မတော်ကလည်း ကိုဗစ်ကာလတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးကို ကိုဗစ်-19 ကာကွယ်ရေး ပစ္စည်းများ ကူညီခဲ့ပြီး ဖြစ်ကြောင်း၊ သို့သော် ငွေရေးကြေးရေး မပါကြောင်း၊ ၎င်းတို့ဒေသသို့ တပ်မတော် ကိုယ်စားလှယ်များ လွှတ်၍ ကူညီပေးခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
“မည်သူ့ကိုမျှ ချန်လှပ်ထားခြင်း မရှိဘူး။ ကျန်ခဲ့မှာဆိုးလို့ ဂရုစိုက်ပြီးတော့မှ ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ အပစ်ရပ် ထားတဲ့ ၁၀ ဖွဲ့ လည်းပါတယ်။ အပစ်မရပ်သေးတဲ့ အဖွဲ့တွေမှာ KIA တို့ “ဝ”တို့ ပါတယ်။ မိုင်းလားအဖွ့ဲ လည်း ပါပါတယ်။ စားစရာ သောက်စရာတွေနဲ့ ကိုဗစ်ကာကွယ်ရေး ပစ္စည်းတွေ ပေးတာပါ”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
သို့သော် ယင်းအဖွဲ့ များထဲတွင် ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည့် ရက္ခိုင့် တပ်မတော် (AA)၊ AA နှင့် စစ်ရေးမဟာမိတ် ပြုလုပ်ထားသည့် TNLA၊ ကိုးကန့်အဖွဲ့ တို့ ပါဝင်ခြင်း မရှိပါ။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံကို ၄ ကြိမ်မြောက်အဖြစ် NLD အစိုးရလက်ထက် ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ ကျင်းပနိုင်ရေး အစိုးရနှင့် တိုင်းရင်းသားများ ၂ ဖက်စလုံးက လိုလားလျက်ရှိရာ ယင်းညီလာခံ မစတင်နိုင်မီ ယမန်နေ့က စတင်ပြီး အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားအဖွဲ့ များ တွေ့ ဆုံ ညှိနှိုင်းခဲ့ ကြပြီးနောက် ယနေ့တွင် သဘောတူညီမှု တချို့ ရရှိခဲ့ကြသည်။
တွေ့ ဆုံဆွေးနွေးပွဲကို မနေ့က အစိုးရဘက်မှ ရှေ့နေချုပ် ဦးထွန်းထွန်းဦး ဦးဆောင်ပြီး တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်နှင့် တိုင်းရင်းသား လက်နက်ကိုင်များဘက်မှ အလုပ်အဖွဲ့ ကိုယ်စား ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းတို့ ဦးဆောင်တက်ရောက်ကြသလို ယနေ့အတွင် ဆွေးနွေးပွဲကို အစိုးရဘက်မှ အတိုင်ပင်ခံရုံးဝန်ကြီးဦးကျော်တင့်ဆွေက ဦးဆောင်ခဲ့သည်။
You may also like these stories:
ညီလာခံဖြစ်စေချင်ပါတယ်၊ တက်လည်းတက်မှာပါ
နာဂ ထိပ်ပိုင်းခေါင်းဆောင် ၃ ဦး တာဝန်မှ ထုတ်ပယ်ခံရ
ရခိုင်ပြည်နယ် ခရိုင် ၂ ခုတွင် ALD ပါတီ ရွေးကောက်ပွဲ ဝင်ရန် မသေချာ