ပြန်လည်ပြန့်ပွားလာနေသော ကိုရိုနာဗိုင်းရပ်ကူးစက်မှုကြောင့် ယခင်က လူအသေအပျောက် မရှိခဲ့သော ဗီယက်နမ်တွင် ယခုအခါ သေဆုံးသူ ၇ ဦးထိ ရှိလာပြီဖြစ်သည်။
ဩဂုတ်လ ၄ ရက် မနက် သတင်းများအရ ဗီယက်နမ်တွင် ကူးစက်မှု ၆၅၂ ရှိပြီး လတ်တလော ကုသမှုခံယူနေသူ ၂၇၁ ယောက်ရှိသည်။ ပြန်လည်ကောင်းမွန်သွားသူ ၃၇၄ ဦး ရှိသည်။
တိုင်းပြည်၏ ခရီးသွားလုပ်ငန်း အချက်အချာနေရာ ဒါနန် Danang တွင် တွေ့ရှိရသော ဗိုင်းရပ်မျိုးကွဲက ယခင် ဗိုင်းရပ်မျိုးကွဲများထက် ပိုမိုကူးစက်နိုင်သည့် အသွင်ရှိကြောင်း ဗီယက်နမ် ကျန်းမာရေးအာဏာပိုင်များက ပြောသည်။
“မျိုးရိုးဗီဇ စစ်ဆေးခြင်း ရလဒ်တွေအရ အဲဒါဟာက ဗီယက်နမ်နိုင်ငံကို ဝင်ရောက် လာတဲ့ မျိုးစိတ် အသစ်ဖြစ်ကြောင်း ဖော်ပြနေပါတယ်” ဟု ဗီယက်နမ်နိုင်ငံ ယာယီ ကျန်းမာရေးဝန်ကြီး ငုရင်သန်းလောင်း Nguyen Thanh Long က ပြောသည်။ “ဗီဇပြောင်းလဲခြင်းက ခုခံနိုင်စွမ်း နည်းပါးမှုကို ပိုတိုးစေတာကြောင့် ကူးစက်မှုနှုန်းကို မြင့်မားစေပါတယ်။”
ငုရင်သန်းလောင်းက COVID-19 ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် ဗီယက်နမ် နိုင်ငံ၏ အမျိုးသား ဦးဆောင် ကော်မတီနှင့် ပြုလုပ်သည့် အစည်းအဝေးတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ရောဂါကူးစက်မှုနှုန်းက လူ ၅ ဦး ကနေ ၆ ဦး လောက် အထိ ရှိပါတယ်။ အရင် ဗီဇ အဟောင်းတွေက ကူးစက်မှုနှုန်း ၁.၈ ယောက် ကနေ ၂.၂ ယောက် အထိပဲ ရှိပါတယ်” ဟု သူကပြောသည်။ ထိုနှုန်းများသည် ရောဂါပိုး ကူးစက်ခံထားရသူ တဦးနှင့် အနီးကပ်ထိတွေ့ပြီးနောက် အချိန်ကာလတခုအတွင်း လူအရေအတွက် မည်မျှ ဗိုင်းရပ်စ် ကူးစက်ခံရသနည်း ဆိုသည်ကို တိုင်းတာခြင်း ဖြစ်သည်။
အဆိုပါ မျိုးရိုးဗီဇ ခွဲခြမ်းစိတ်ဖြာမှုကို ဗီယက်နမ် CDC ၊ ဒေသခံဆရာဝန်များနှင့် ဗီယက်နမ်နိုင်ငံ ရှိ Pasteur Institute တို့ က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ တွေ့ရှိရခြင်းကြောင့် ဗီယက်နမ်နိုင်ငံ အနေဖြင့် ဟနွိုင်းနှင့် ဟိုချီမင်းမြို့မှ အစိတ်အပိုင်းအချို့ကို ပိတ်ထားပြီး ဒါနန်သို့ အရင်းအမြစ်များ ပေးပို့ရန် ဖြစ်လာခဲ့သည်။ သြဂုတ်လ ၂ ရက် နေ့ထိ ၁၁ ရက်အတွင်း ဒါနန်တွင် ကူးစက်မှုအသစ် ၁၇၄ ခု ရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံက ထုတ်ပြန်ခဲ့သည်။
ကိုရိုနာဗိုင်းရပ်လူနာများကို ကိုင်တွယ်ကုသရန် ဒါနန်တွင် ယာယီဆေးရုံ ၂ ခု ဖွင့်လှစ်ထားပြီး လက်ရှိဆေးရုံ ၄ ခုမှာ ရောဂါ ကူးစက်မှု များပြားလာခြင်းကြောင့် ပိတ်ထားရသည်။ ဒေသတွင်း ကျန်းမာရေး ဌာနများတွင် လူနာများ ပြည့်လျှံသွားမည့် အခြေအနေကို ရှောင်ရှားရန် ကျန်းမာရေးအာဏာပိုင်များက COVID-19 လူနာများကို ဒါနန်မြို့မှ နေ၍ အနီးအနားရှိ ပြည်နယ်များနှင့် မြို့ကြီးများရှိ ဆေးရုံများသို့ ပြောင်းရွှေ့ရန် စီစဉ်ထားသည်။ ပိုးသန့်ဆေး ဖြန်းရေး လုပ်ငန်းများအတွက် စစ်တပ်ကို တာဝန် ချထားပြီး ဖြစ်သည်။
နိုင်ငံတောင်ပိုင်း၏ စီးပွားရေး အချက်အချာဖြစ်သော ဟိုချီမင်းမြို့တွင် ပြီးခဲ့သည့်လက ဒါနန်သို့ သွားရောက်ခဲ့ကြောင်း အသိအမှတ်ပြုခဲ့ကြသူ ၃၂၀၀၀ အနက်မှ ၂၁၀၀၀ ကျော်အား စစ်ဆေးစဉ် ရောဂါကူးစက်မှု အသစ် ၆ ခုတွေ့ရှိ ခဲ့ရပြီး နောက် ဇူလိုင်လ ၂ ရက်နေ့တွင် ခရိုင်ခွဲ သို့မဟုတ် ဇုန် အနည်းဆုံး ၁၀ ခု ကို ပိတ်ပစ်လိုက်သည်ဟု CDC က ပြောသည်။ ထို့ပြင်မြို့တော်တွင် နောက်ထပ် ကူးစက်မှုများအတွက် ပြင်ဆင်သည့် အနေဖြင့် ကုတင် ၅၀၀ ဆံ့သည့် COVID-19 ကုသရေးဌာန တခုကို လည်း ပြန်လည် အသက်သွင်းခဲ့သည်။
ဟနွိုင်းမြို့တွင် သြဂုတ်လ ၁ ရက်နေ့အထိ ဒါနန်မှ ပြန်လာသူ ၅၀၀၀၀ ကို စမ်းသပ် စစ်ဆးခဲ့ပြီး ဖြစ်သည်။ ဇူလိုင် ၈ ရက် မှစ၍ မြို့တော်တွင် နေထိုင်သူ ၇၂၀၀၀ ကျော်က ကမ်းရိုးတန်းမြို့ ဒါနန်သို့ သွားရောက် လည်ပတ်ခဲ့ကြောင်း ဟနွိုင်းမြူနီစီပယ်အစိုးရက ပြောသည်။ အားလပ်ရက်ရာသီ၏ အမြင့်ဆုံးအချိန်ဖြစ်သော ဇူလိုင်လအတွင်း တနိုင်ငံ လုံးမှ လူ ၁.၄ သန်းကျော် ဒါနန်သို့ သွားရောက်ခဲ့ကြကြောင်း သိရသည်။
ဝန်ကြီးချုပ် ငုယင်ရွှင်ဖု Nguyen Xuan Phuc က သြဂုတ်လ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ဒေသဆိုင်ရာ အစိုးရများနှင့် အွန်လိုင်း အစည်းအဝေး တခု ပြုလုပ်ခဲ့ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းရင်း ကူးစက်ရောဂါကို တိုက်ဖျက်ရန် တနိုင်ငံလုံးအတိုင်းအတာဖြင့် ပိတ်ဆို့ကန့်သတ်မှုပြုလုပ်ခြင်းကို ရှောင်ရှားကာ လူမှုရေး အရ ခပ်ခွာခွာနေသည့် အလေ့အထကို ဦးတည်ချက်ထား ကျင့်သုံးမည့် ရည်ရွယ်ချက်ကို အလေးပေးပြောကြားခဲ့သည်။
“ဗီယက်နမ်နိုင်ငံက လုံးလုံးလျားလျား ပိတ်ပင်ထားမှု တခုကို နောက်တကြိမ် မခံစားနိုင်တော့ဘူး” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူတဦး က Nikkei Asian Review သို့ပြောကြားခဲ့သည်။ “စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ ဆုံးရှုံးမှုတွေ ကြီးမားစွာ ဖြစ်ပေါ်နိုင်တယ်လို့ မျှော်လင့်ရတဲ့ အချိန်မှာ အစိုးရရဲ့ ဘဏ္ဍာတိုက်ကလည်း ငွေကြေး နည်းပါးလာနေပြီ ဖြစ်ပါတယ်။”
ကူးစက်ရောဂါ၏ ပထမလှိုင်းကို ထိထိရောက်ရောက် ကိုင်တွယ်ခဲ့သည့်တိုင် မကြာသေးမီလများ အတွင်းတွင် ဗီယက်နမ်၏ ပို့ကုန် ဦးဆောင်သော စီးပွားရေးကို ဆိုးဝါးစွာ ထိခိုက်စေခဲ့သည်။ စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) က ဒုတိယ ၃ လ ပတ်တွင် ၀.၃၆ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပြီး ဇန်နဝါရီမှ မတ်လအတွင်း ၃.၈ ရာခိုင်နှုန်း မှနေ၍ သိသိသာသာ ကျဆင်းသွားခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ဗီယက်နမ်၏ GDP တိုးတက်မှုနှုန်းသည် ၂၀၁၉ ခုနှစ်တွင် ၇ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၀ ခုနှစ်တွင် ၂.၇ ရာခိုင်နှုန်းသို့ ကျဆင်းသွားလိမ့်မည်ဟု ခန့်မှန်းထားသည်။
ကိုရိုနာဗိုင်းရပ် ဗိုင်းရပ်စ်ကြောင့် ဇန်နဝါရီလတွင် ကျင်းပမည့် ကွန်မြူနစ်ပါတီ ညီလာခံ ရွှေ့ဆိုင်းနိုင်သည်ဟု ဒေသတွင်း လေ့လာသုံးသပ်သူများက ထင်မြင်ချက်ပေးခဲ့သည်။ အဆိုပါ ညီလာခံသည် နောက်လာမည့် ၅ နှစ်အတွက် ကွန်မြူနစ် ပါတီ၊ အမျိုးသားလွှတ်တော်နှင့် အစိုးရ ပိုင်းမှ အဓိကရာထူးများကို ဆုံးဖြတ်ရန်ဖြစ်သည်ဟု မျှော်လင့်ရသည်။
ကိုးကား ။ ။ Nikkei Asian Review
You may also like these stories:
တောရိုင်း တိရစ္ဆာန်တွေဆီကနေ လူသားတို့ ရှာဖွေလာတဲ့ ကူးစက်ရောဂါ
မြန်မာနိုင်ငံသားများ အရေးပေါ်ကိစ္စရှိလျှင် နိုင်ငံခြားပေးထွက်မည်
ဂျပန်မှာ နေထိုင်ခွင့်ရထားတဲ့ နိုင်ငံခြားသားတွေကို ပြန်ဝင်ခွင့်ပြုတော့မည်
မုန်တိုင်းကာလအတွင်း ဖလော်ရီဒါပြည်နယ်မှာ ကိုဗစ်ကြောင့် သေဆုံးသူ မြင့်တက်