ဖိလစ်ပိုင်နိုင်ငံသည် ကိုဗစ်-၁၉ ကို တိုက်ဖျက်သည့် စစ်ပွဲတွင် ရှုံးနိမ့်နေကြောင်း ဆေးပညာ အသိုင်းအဝိုင်းက သတိပေးလိုက်ပြီးနောက် ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာသည် ပိုမိုတင်းကျပ်သည့် ရောဂါပိုးကူးစက်မှု တားဆီးရေး အစီအမံများကို အင်္ဂါနေ့မှ စတင်ချမှတ်ကျင့်သုံးတော့မည်ဖြစ်သည်။
မနီလာမြို့တော်နှင့် အနီးရှိပြည်နယ်များကို သြဂုတ်လ ၄ ရက်နေ့မှ သြဂုတ်လ ၁၄ ရက်နေ့အထိ လူမှုအသိုင်းအဝိုင်းအခြေပြု ရောဂါပိုးကူးစက်မှု တားဆီးရေး အစီအမံများအောက်တွင် ထားရှိရန်ဆုံးဖြတ်လိုက်ကြောင်း လုပ်ငန်းအဖွဲတခု၏ အဆိုအပြုချက်ကို သမ္မတ ရော့ဒရစ်ဂို ဒူတာတေက အတည်ပြုလိုက်ကြောင်းသမ္မတ၏ ပြောခွင့်ရသူ ဟာရီ ရော့က ပြောသည်။
မနီလာမြို့တော်သည် ဇွန်လ ၁ ရက်နေ့တွင် ပိတ်ဆို့ကန့်သတ်ချက်များကို ဇွန်လ ၁ ရက်နေ့က လျှော့ချပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများအတွက် တာဝန်ရှိနေသည်။ တနင်္ဂနွေနေ့တွင် ဖိလစ်ပိုင်နိုင်ငံတွင် ရောဂါကူးစက်မှုသစ် ၅၀၃၂ မှုဖြင့် လေးရက်ဆက်တိုက် ရောဂါကူးစက်မှု စံချိန်တင်ခြင်းကို ကြုံတွေ့ရသည်။ ထိုကူးစက်မှုနှုန်းသည် အင်ဒိုနီးရှားပြီးလျှင် အရှေ့တောင်အာရှတွင် ဒုတိယ အမြင့်မားဆုံးကူးစက်မှုဖြစ်သည်။
ဩဂုတ် ၄ ရက် မနက်ပိုင်းသတင်းများအရ ဖိလစ်ပိုင်တွင် ကူးစက်မှုပေါင်း ၁၀၆၃၃၀ ရှိပြီး သေဆုံးသူ ၂၁၀၄ ဦး ရှိပြီဖြစ်သည်။ ၆၅၈၂၁ ဦးမှာ ပြန်လည်ကောင်းမွန်သွားပြီး လတ်တလော ကုသမှုခံယူနေသူ ၃၈၄၀၅ ဦး ရှိသည်။
Nikkei သုတေသန၏ အဆိုအရ ကိုဗစ်-၁၉ ကူးစက်မှုများသည် အာရှနှင့် သမုဒ္ဒရာနိုင်ငံများတွင် ၇၀ ရာခိုင်နှုန်းတိုးတက်လာသည်။ ထို့အပြင် ထိုဒေသရှိ နိုင်ငံပေါင်း ၁၉ နိုင်ငံနှင့် ဒေသများတွင် သွားလာမှုကန့်သတ်ချက်များကို တင်းကျပ် သို့မဟုတ် ပိတ်ဆို့ထားကြောင်း သိရသည်။
မူဝါဒသစ်အရ မနီလာရှိ အများပြည်သူ သယ်ယူပို့ဆောင်ရေးကို ဆိုင်းငံ့ထားမည်ဖြစ်ပြီး ကုန်ထုတ်လုပ်မှုနှင့် လက်လီအရောင်းလုပ်ငန်းများကို စွမ်းရည်၏ ၅၀ ရာခိုင်နှုန်းအောက်တွင်သာ လည်ပတ်ခွင့်ပြုမည်ဖြစ်သည်။ နေအိမ်တွင်သာ နေထိုင်ရေး တင်းကျပ်သည့် အစီအစဉ်များကိုလည်း ပြန်လည်ချမှတ်မည်ဖြစ်သည်။
ကူးစက်ရောဂါထိန်းချုပ်ရေး သေနင်္ဂဗျူဟာများကို ပိုမိုတိုးတက်ကောင်းမွန်အောင်လုပ်ဆောင်ရန် ဆေးပညာအသိုင်းအဝိုင်းက နှစ်ပတ်ကြာ အိမ်တွင်းတွင်သာနေထိုင်ရန် တောင်းဆိုပြီးနောက် ကျင်းပသည့် အစည်းအဝေးအတွင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
“ကျန်းမာရေးလုပ်သားများသည် နိုင်ငံသို့ အရေးပေါ်အခြေအနေ ကြေညာစေရန် ညီညွတ်ခဲ့ကြသည်။ မိမိတို့၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်သည် မနိုင်ဝန်ကို ထမ်းနေရသည်” ဟု ဖိလစ်ပိုင် သမားတော်များကောလိပ် ဥက္ကဋ္ဌ မာရီယို ပန်နာလီဂန်က သြဂုတ်လ ၁ ရက်နေ့တွင် သမ္မတ ဒူတာတေ သို့ ပေးပို့သော စာတွင် ဖေါ်ပြထားသည်။ သူ၏တောင်းဆိုမှုကို ဒါဇင်ပေါင်းများစွာသော ပြည်တွင်း ဆေးဖက်ဆိုင်ရာအဖွဲ့အစည်းများက ထောက်ခံကြသည်။
“မိမိတို့သည် ကိုဗစ်-၁၉ နှင့် ပတ်သက်သော တိုက်ပွဲတွင် ရှုံးနိမ့်နေပြီး ပိုမိုကျစ်လစ်သိပ်သည်း တိကျသော လုပ်ငန်း စီမံချက်ကို ရေးဆွဲရန် လိုအပ်နေသည်” ဟု ပန်နာလီဂန်က ဆက်လက်ရေးသားသည်။
ဖိလစ်ပိုင်ရှိ အကြီးမားဆုံး ဆေးရုံကြီးနှစ်ခုသည် ၄င်တို့၏ လူနာဆောင်များတွင် ကိုဗစ်-၁၉ လူနာများဖြင့် ပြည့်နေသောကြောင့် ယာယီပိတ်ထားကြောင်းကြေညာ ခဲ့သည်။
ဆေးပညာရှင် ၁၀၀၀၀ ထပ်မံငှားရန်းခြင်းနှင့် ကိုဗစ်-၁၉ ရောဂါခံစားရသူများကို ကုသသည့် ဆေးဝန်ထမ်းများအတွက် အသုံးစရိတ် ပိုမိုပေးခြင်းနှင့် ပိုမိုကောင်းမွန်သော အသက်အာမခံများပေးခြင်း အပါအဝင် နောက်ထပ်အကျိုးခံစားခွင့်များပေးခြင်းကို ဒူတာတေက တနင်္ဂနွေနေ့က အတည်ပြုသည်။
မတ်လမှ မေလအထိ ချမှတ်ခဲ့သော “အဆင့်မြင့် လူမှုအဖွဲ့အစည်း ကူးစက်ရောဂါကာကွယ်ရေး အစီအမံများ” ချမှတ်ရန် ဆေးဖက်ဆိုင်ရာ အဖွဲအစည်းများက တောင်းဆိုမှုကို ရော့က စနေနေ့တွင် ပယ်ချခဲ့ပြီး အများပြည်သူကျန်းမာရေးနှင့် နိုင်ငံ့စီးပွားရေး ကျန်းမာမှုအကြား ချိန်ညှိလုပ်ဆောင်ရန်လိုခြင်းကို အလေးထားပြောကြားခဲ့သည်။ မနီလာနှင့် အနီးရှိပြည်နယ်များသည် နိုင်ငံ စီးပွားရေး၏ ၆၇ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း သူပြောသည်။
ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာတဝှမ်း ကူးစက်ရောဂါကြောင့် ဆယ်စုနှစ် ၃ ခုအတွင်း အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်းကို ရင်ဆိုင်နေရသည်။ စီးပွားရေးသည် ၀.၂ ရာခိုင်နှုန်း ကျုံ့သွားသည်။ ကြာသပတေးနေ့တွင် အစိုးရသည် ဒုတိယ သုံးလပတ် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု ကိန်းဂဏန်းများကို ကြာသပတေးနေ့တွင် ကြေညာခြင်းဖြင့် သဘောတရားအရ စီးပွားပျက်ကပ် ရင်ဆိုင်ရသည်ကို အတည်ပြုမည်ဟု မျှော်လင့်ရသည်။
ပိုမိုတင်းကျပ်သည့် ပိတ်ဆို့မှုများသည် တတိယ သုံးလပတ်တွင် စီးပွားရေး ပြန်လည်နာလန်ထရေး မျှော်လင့်ချက်များကို လွဲသွားစေမည်ဟု ဘောဂဗေဒ ပညာရှင် တဦးပြောသည်။
“စီးပွားရေးတိုးတက်မှု အင်ဂျင် အင်အားချိနဲ့သွားတာနဲ့အတူ ဗိုင်းရပ်စ် ဆက်လက်ပျံ့နှံ့ခြင်းဟာ နာလန်ထဖို့ မျှော်လင့်ချက်အားလုံးကို ဖိအားပေးလာတယ်” ဟု ING ဘဏ်မနီလာမှ ဝါရင့် ဘောဂဗေဒ ပညာရှင် နစ်ကလပ် အန်တိုနီယို မာပါ ကပြောပြီး အကြိမ်ကြိမ် ပိတ်ဆို့ခြင်းသည် စီးပွားရေးနှင့် ဘဏ္ဍာရေး အနေအထားတွင် ဆုံးရှုံးမှုများဖြစ်စေမည်ဟု သူပြောသည်။
ကိုးကား။ ။ Nikkei Asian Review
You may also like these stories:
ပြန်လည် ပြန့်ပွားလာနေသော ကိုရိုနာဗိုင်းရပ်ကို ထိန်းချုပ်ရန် ဗီယက်နမ် လုံးပန်းနေရ
တောရိုင်း တိရစ္ဆာန်တွေဆီကနေ လူသားတို့ ရှာဖွေလာတဲ့ ကူးစက်ရောဂါ
၃ လအတွင်း ကိုဗစ်ကာကွယ်ဆေး လိုချင်ကြောင်း အင်ဒိုနီးရှား သမ္မတပြော
လူဦးရေ ၁၂၅ သန်းရှိတဲ့ ဘီဟာပြည်နယ်ကို Lockdown ပြန်ချ