ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်အနီးတို့တွင် ၂ ရက်ဆက်တိုက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ အတွင်း တပ်မတော်၊ ရဲတပ်ဖွဲ့ တို့မှ အရာရှိ၊ စစ်သည် ၆ ဦးနှင့် လူဝင်မှုကြီးကြပ်ရေး အရာရှိ ၁ ဦး စုစုပေါင်း ၇ ဦး ကျဆုံး သွားကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်များက ပြောသည်။
သြဂုတ်လ ၂ ရက်နေ့က ရသေ့တောင်မြို့နယ် အင်းဒင်-တောင်ပြိုလမ်းတွင် လုံခြုံရေး ဆောင်ရွက်နေသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ မှာ ရက္ခိုင့်စစ်တပ် (AA)၏ ချောင်းမြောင်း တိုက်ခိုက်ခြင်းခံရပြီး ရဲတပ်ဖွဲ့ မှ ရဲအရာရှိတဦး ကျဆုံးသွားကြောင်း၊ ဒဏ်ရာရရှိသူများလည်း ရှိကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
“အင်းဒင်-တောင်ကျော်လမ်းဘက်မှာ လုံခြုံရေး ဆောင်ရွက်နေတဲ့ နယ်ခြားစောင့် ရဲအဖွဲ့ ကို ချောင်းအတိုက်ခံရတယ်။ သူတို့ က တာဝန်လဲလှယ်ဖို့ သွားတာမှာ AA ကနေ ချောင်းပစ်တာ ခံရတယ်။ ရဲက အရာရှိတဦး ကျဆုံးသွားတာ ရှိတယ်။ ဒဏ်ရာ ရ တဲ့သူတွေလည်း ရှိတယ်။ နေ့လည် ၁၀ နာရီ၊ ၁၁ နာရီလောက်မှာ တကြိမ်၊ နေ့လည် ၂နာရီခွဲလောက်မှာ တကြိမ် ဖြစ်တာ”ဟု ၎င်းက ပြောသည်။
ထို့ပြင် နောက်တရက် သြဂုတ်လ ၃ ရက်နေ့ကလည်း အင်းဒင်ကျေးရွာ၏ အရှေ့မြောက်ဘက်တွင် ဌာနဆိုင်ရာနှင့် တပ် မတော် လုံခြုံရေး စစ်ကြောင်းတခု ထပ်မံ အတိုက်ခံရပြီး အကျအဆုံးများ ရှိကြောင်း တပ်မတော်မှ သိရသည်။
“တပ်ကလည်း အရာရှိ စစ်သည်တချို့ ကျဆုံးခဲ့တာရော ဒဏ်ရာ ရရှိခဲ့တာရော ရှိတယ်။ ရဲကလည်း အရာရှိတွေ ကျဆုံးခဲ့ တာ ရှိတယ်။ နောက်တခုကတော့ လဝကမှူးတယောက်တော့ သေသွားတယ်။ တပ်ဘက်ရော ရဲဘက်ကရော တချို့ ပျောက်နေတဲ့သူတွေလည်း ရှိတယ်။ အခုတော့ တပ်က လုံခြုံရေး ဆက်လုပ်နေပါတယ်”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောသည်။
လဝက အရာရှိ ဦးကျော်ဇောခိုင် ကျဆုံးသွားခြင်းမှာ ၎င်းသည် လူဝင်မှု ကြီးကြပ်ရေး လုပ်ငန်းများ ဖြစ်သည့် သန်းခေါင် စာရင်း၊ လူစာရင်း ကောက်သည့် တာဝန်များကို ဆောင်ရွက်ရန် နယ်မြေအခြေအနေအရ လုံခြုံရေး တပ်ဖွဲ့ များနှင့် ပူးပေါင်း သွားလာရစဉ် ပါသွားခြင်း ဖြစ်ကြောင်း သိရသည်။
“ဘူးသီးတောင်နဲ့ ရသေ့တောင်ကြားထဲက ရွာတွေမှာ AA က ဝင်ရောက်နေတဲ့အတွက် အကြမ်းဖက် သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေး လုပ်မယ်လို့ ကြေညာထားပြီး လုပ်လည်း လုပ်ခဲ့တယ်။ အဲဒီဘက်က အင်အားစုတွေက မေယုမြစ် ရဲ့ အရှေ့ဘက်ကမ်းမှာ ဖြစ်တယ်။ အခုဖြစ်နေတာတွေက မေယုမြစ်ရဲ့ မျက်နှာချင်းဆိုင် အနောက်ဘက်မှာ ဖြစ်နေတာ။ အနောက်ဘက်ကမ်းကို ကူးလာပြီး တိုက်ပွဲဖော်ဆောင်နေတယ်လို့ သုံးသပ်ရတယ်။ အရင်က အင်းဒင် အနောက် ဘက်ဆိုတာ ARSA လှုပ်ရှားခဲ့တဲ့ နေရာတွေ”ဟု တပ်မတော်မှ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
အမည်မဖော်လိုသော ရသေ့တောင်ဒေသခံတဦးက လဝက အရာရှိ အပါအဝင် တပ်မတော် အရာရှိများ၊ ရဲတပ်ဖွဲ့ ဝင်များ အနည်း ဆုံး ၁၀ ဦး ကျသွားသည်ဟု ကြားသိရပြီး ၆ ဦး အဖမ်းခံရကြောင်း၊ ဦးကျော်ဇောခိုင်၏ အလောင်းကို မိသားစုက စစ်တွေမြို့သို့ ပြန်လည် သယ်ယူရန် စီစဉ်နေကြောင်း ပြောသည်။
“တိုက်ပွဲက တော်တော်ကြာတယ်။ ပထမရက်က အကုန်ကြားရတယ်။ မနေ့ကတော့ ရသေ့တောင်နဲ့ ဝေးတယ်။ မောင်တောဘက် ကျောက်ပန္နူဘက်ရောက်သွားတော့ လက်နက်ကြီး အသံလောက်ပဲ ကြားရတော့တယ်။ ဒီနေ့လည်း ဖြစ်ဖို့တော့ တော်တော်များများတယ်။ ၂ ဖက်စလုံးမှာ အင်အားတော်တော် များတယ်။ ရဲကလည်း ၁၀၀ လောက် ရှိတယ်။ တပ်က လည်း ၃၀၀ လောက် ရှိတယ်။ AA ကလည်း ဟိုဘက်ဒီဘက်ဆိုရင် ၆၀၀ လောက်တောင် ရှိမယ်”ဟု ၎င်းက ပြောသည်။
ယင်းဒေသတွင်းရှိ ကျေးရွာများတွင် လူနေထိုင်မှု နည်းပါးလျက်ရှိပြီး ချွတ်ပြင်၊ ပိတောင်မြိုင်နှင့် သဇင်မြိုင်တို့တွင် လူမရှိ တော့ကြောင်း၊ မေယုတောင်ကြောတွင် ကျေးရွာများစွာ ရှိကြောင်း အမည်မဖော်လိုသော ရသေ့တောင်ဒေသခံတဦးက ပြောသည်။
သြဂုတ်လ ၂ ရက်နေ့က တိုက်ပွဲတွင် ရဲမှူးတဦး ကျဆုံးပြီး သြဂုတ်လ ၃ ရက်နေ့ တိုက်ပွဲတွင် လဝက အရာရှိ၊ ရဲမှူးတဦး၊ တပ်မတော်မှ ဗိုလ်ကြီးအဆင့် အရာရှိတဦး၊ အခြားအဆင့်များ အပါအဝင် စုစုပေါင်း ၇ ဦး ကျဆုံးကြောင်း ရဲသတင်းရင်းမြစ် တဦးက အတည်ပြုသည်။
“ရဲမှူးကို ထိတာက ညာဘက်ဂုတ်ကနေ ထိပြီးတော့ ဝဲပါးကို ဖောက်ထွက်တာဆိုတော့ စနိုက်ပါပဲ။ အင်းဒင်-တောင်ပြိုလမ်း ဆိုတာ ရသေ့တောင်ဘက်ကို သွားတာပေါ့။ လဝကတွေလည်းပါတယ်။ တာဝန်ကျ ယာဉ်တန်းနဲ့ သွားတဲ့ လမ်းကြောင်းကို အဆော်ခံလိုက်ရတာ”ဟု အမည်မဖော်လိုသော ရဲအရာရှိတဦးက ပြောသည်။
ယခု တိုက်ပွဲအခြေအနေများသို့ AA ဘက်သို့ ဆက်သွယ်မေးမြန်နိုင်ရန် ဥပဒေကြောင်းအရ အခက်အခဲများ ရှိနေ၍ ၎င်း၏ တရားဝင် ဝက်ဆိုဒ်တွင် သတင်းဖော်ပြချက်အရ ရသေ့တောင်မြို့နယ်တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များကို ၎င်းတို့ကို သွားရောက် တိုက်ခိုက်ခြင်း မဟုတ်ဘဲ တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သြဂုတ်လ ၂ ရက်နှင့် ၃ ရက်တို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း တပ်နှင့် ရဲတပ်ဖွဲ့ ဝင် ၂၀ ကျော် သေဆုံးကြောင်း၊ တ ချို့ကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရမိကြောင်း ၎င်းတို့ AA အဖွဲ့ ၏ ဝက်ဆိုဒ်တွင် ဖော်ပြ ထားသည်။ သို့သော် ဓါတ်ပုံမှတ်တမ်းများ ပါဝင်ခြင်း မရှိပါ။
မကြာမီ ကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲကိုလည်း ရခိုင်ပြည်နယ်တွင် ချန်လှပ်ထားခြင်း မရှိသော်လည်း တိုက်ပွဲများက ရခိုင်ပြည်နယ် မြောက်ဘက်ပိုင်းကျသည့် မြို့နယ်များဖြစ်သည့် ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်များတွင် ဆက်လက် ဖြစ်ပွားလျက် ရှိသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်မှ စတင်ကာ AA က ယင်းဒေသသို့ အခြေစိုက်စခန်း ရရှိရေး ကြိုးစားလာပြီးနောက် တပ် မတော်နှင့် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်က AA အပါအဝင် မြောက်ပိုင်း ၃ ဖွဲ့ ကို စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း ယနေ့အချိန်အထိ မအောင်မြင်သေးပေ။
You may also like these stories:
တန်းတူပညာသင်ခွင့် ရဖို့လိုအပ်နေတဲ့ တအန်းကလေးငယ်များ
တိုင်းရင်းသားရေးရာဝန်ကြီးဌာနများကို ပြန်လည်သုံးသပ်ခြင်း
ကိုဗစ်ကာလတွင် အပစ်ရပ် တိုင်းရင်းသား ၈ ဖွဲ့ အစိုးရ၏ ထောက်ပံ့ကြေး ရရှိ