ရခိုင်ပြည်နယ်ရှိ မြို့နယ် ၇ ခုနှင့် ချင်းပြည် နယ်တောင်ပိုင်း ပလက်ဝမြို့နယ် တို့တွင် အင်တာနက်လိုင်းများ ၁ နှစ်ကျော်ကြာ ပိတ်ထားခဲ့ရာမှ ပြန်ဖွင့်ပေးခဲ့သော်လည်း သုံးစွဲ၍ မရသေး ကြောင်း ဒေသခံ ပြည်သူများထံက သိရသည်။
မြန်မာ့ တပ်မတော်နှင့် ရက္ခိုင် စစ်တပ် (AA) တို့ကြား တိုက်ပွဲများကြောင့် အစိုးရက လုံခြုံရေး အကြောင်းပြ ချက်ဖြင့် ၂၀၁၉ ခုနှစ် ဇွန်လ၂၀ ရက်တွင် ရခိုင်ပြည်နယ်ရှိ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက် တော်၊ မင်းပြား၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင် မြို့နယ်တို့နှင့် ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်တို့တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေး (MPT) ၊ Telenor၊ Ooredoo နှင့် Mytel ကုမ္ပဏီများက အင်တာနက် ဝန်ဆောင်မှု အားလုံးကို ရပ်ဆိုင်းထားရာမှ ယခု လိုင်း အား လုံးကို ပြန်လည် ဖွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း က သိရသည်။
ပလက်ဝ မြို့နယ်ရှိ ကူးဝကျေးရွာမှ ဆလိုင်းထန်းလိုင်က “သြဂုတ် ၁ ရက်က အင်တာနက် ပြန်ဖွင့်ပြီ ဆိုပြီး MPT ဖုန်း Message ဝင်လာတာ။ ဒါပေမယ့် 2G ဆိုတော့ ဘာမှ သုံးမရဘူး။ လိုင်းပြန်ရပြီ ဆိုပြီး ပျော်နေတာ။ ထောင် က လွတ်လာတဲ့ လူလိုပဲ။ သုံးမရတော့ မျှော်လင့်ချက် မဲ့သွားတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ထို့အတူ ၁ နှစ်ကျော်ကြာ အင်တာနက် ဖြတ်တောက်ခံထားရသည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ ဒေသခံ ဦးစိန်လှိုင်ကလည်း အင်တာနက်လိုင်း ဖွင့်လိုက်သော်လည်း လိုင်း သုံးမရသလို မက်ဆေ့လည်း ပို့မရပါဟု ဆို သည်။
အဆိုပါ ဒေသများတွင် အင်တာနက် ဖွင့်ပါက လိုင်းတက်လိုက် ကျလိုက် ဖြစ်နေခြင်း၊ ကွန်နက်ရှင် နှေးကွေးနေ ခြင်း၊ တချို့နေရာများတွင်မူ ဖွင့်၍ လုံးဝ မရခြင်း စသည်တို့ ဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။
အင်တာနက်လိုင်း သုံးစွဲမရသည့် ကိစ္စနှင့်ပတ်သက်ပြီး မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အင်ဂျင်နီယာချုပ် ဦးမျိုးဆွေက “သုံးမရဘူး ဆိုတာ၂ ပိုင်း ရှိတယ်။ နယ်ကျတော့ 2G တွေပဲ ရှိတာ များတယ်။ တဖက်ကလည်း ကွန်ရက်ကို အသုံးပြုပြီး တခြား အဖျက်အမှောင့် လုပ်ငန်း လုပ်နေတာတွေ ရှိတော့ ဒီအပေါ်မူတည်ပြီး ကျနော် တို့က နှစ်ဦးနှစ်ဖက် ချိန်ဆပြီးတော့ လုပ်ထားတာ။ ဒေတာ သုံးမရအောင်။ 2G ဆိုတာလည်း ပြီးခဲ့တဲ့ ၂၀၁၃၊ ၂၀၁၄ လောက်တုန်းက တော်တော်များများ သုံးလို့ ရပါတယ်” ဟု ပြောဆိုသည်။
နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မိုဘိုင်း အင်တာနက် နည်းပညာများကို တလွဲအသုံးချ၍ AA အဖွဲ့က လက် လုပ်မိုင်းနှင့် အဝေးထိန်း မြေမြှုပ်မိုင်းများ ဖောက်ခွဲခြင်း၊ တိုင်းရင်းသား လူမျိုးများကြား အမုန်းတရားများ လှုံ့ ဆော်ခြင်း၊ အစိုးရ ဝန်ထမ်းများအား တိုက်ခိုက်မှု၊ ပြန်ပေးဆွဲမှုများကို စနစ်တကျ လုပ်ဆောင်ခြင်းများ ရှိနေ သဖြင့် အဆိုပါ လုပ်ရပ်များမှ ကာကွယ် တားဆီးနိုင်ရန် အတွက် အင်တာနက်ကို ယာယီ ဖြတ်တောက်ရခြင်း ဖြစ်ကြောင်း ဇူလိုင်လ ၈ ရက်က ထုတ်ဖော် ပြောဆိုထားသည်။
မြောက်ဦးမြို့နယ် အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က လိုင်းသုံးစွဲ ခွင့်မရသည့် အတွက် စီးပွားရေးသမားများက အစ စစ်ရှောင်ဒုက္ခသည်တွေ အဆုံး မည်သည့် သတင်းအချက်အလက်ကိုမှ သိခွင့်မရပါဟု ဆိုသည်။
ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်များ အရေးကို ဆောင်ရွက်ပေးနေသည့် ရခိုင် တိုင်းရင်းသား မျိုးနွယ် များ အစည်းအရုံး၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကလည်း “ကျနော်တို့က စစ်ဘေးဒုက္ခသည်တွေနဲ့ ပတ် သက်ပြီး ဆောင်ရွက်နေတာဆိုတော့ သူတို့တွေရဲ့ အရေးပေါ် အခြေအနေအတွက် အခက်အခဲတွေ အများကြီး ရှိခဲ့တယ်။ အဲဒါတွေအတွက် အထောက်အထား ခိုင်မာမှုကို သက်သေပြဖို့က အင်တာနက်ကို သုံးမှ ပို့လို့ရတာ တွေရှိတယ်။ အဲဒီတော့ သတင်းတွေကို အတည်ပြုတဲ့အပိုင်းမှာ အားနည်းချက်တွေ ရှိခဲ့တာပေါ့။ နယ်မြေ အခြေ အနေမသိရတော့ ဝန်ထမ်းတွေအနေနဲ့လည်း ကျေးရွာတွေကို ဆင်းဖို့ အခက်အခဲ ရှိခဲ့တယ်” ဟု ပြောသည်။
ပလက်ဝ စစ်ဘေးရှောင် ပြည်သူများ အရေးပေါ် ကူညီရေးနှင့် ပြန်လည် ထူထောင်ရေး ကော်မတီ(RRCCI)မှ ပြောရေးဆိုခွင့် ရှိသူ မိုင်နန်းဝေက အင်တာနက် ပိတ်လိုက်သည့်အတွက် ချင်းစစ်ရှောင် ပြည်သူများအား ကူ ညီရေး၊ သတင်းရရှိခွင့်နှင့် မြေပြင်အခြေအနေ သိခွင့်များကို ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။
၂၀၁၉ ခုနှစ် ဩဂုတ်လတွင် ရသေ့တောင်၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင်နှင့် ပလက်ဝမြို့နယ် အပါအဝင် ၅ မြို့နယ်ကို အင်တာနက် ပြန်ဖွင့်ပေးခဲ့ပြီး၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် တိုက်ပွဲများ ပြင်းထန်လာခြင်း ကြောင့် အင်တာနက်ကို ထပ်မံ ယာယီ ဖြတ်တောက်ခဲ့ပြန်သည်။
သို့သော်၂၀၂၀ မေလ ၃ ရက်က ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကို အင်တာနက် သုံးစွဲခွင့် ပြန်လည် ဖွင့် ပေးခဲ့သည်။
ယခုကဲ့သို့ အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးရခြင်းမှာ လာမည့် ရွေးကောက်ပွဲနှင့် ဆက်စပ်နိုင်ပြီး မဲထည့်ရေးနှင့် ပါတီစည်းရုံးကိစ္စများနှင့် သက်ဆိုင်နိုင်သလို မကြာမီ ထွက်ရှိတော့မည့် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများ အွန်လိုင်းမှ ကြည့်နိုင်ရန် ဖွင့်ပေးခြင်းလည်း ဖြစ်နိုင်သည်ဟု ဦးဇော်ဇော်ထွန်းက သူ၏ ယူဆချက်ကို ပြောပြ သည်။
ဦးမျိုးဆွေကတော့ “အဓိကတော့ အဲဒီဒေသမှာ ရှိတဲ့ အင်တာနက် သုံးစွဲသူ ပြည်သူတွေအနေနဲ့ အထိုက် အလျှောက် အဆင်ပြေစေဖို့။ အင်တာနက်ကို အသုံးပြုပြီး ကျေးရွာလူထု စီးပွားရေး လုပ်ငန်းပိုင်းတွေမှာလည်း သုံးလို့ ရအောင် ရည်ရွယ်ပါတယ်” ဟု ပြောသည်။
အင်တာနက် အပိတ်ခံထားရသည့် ဒေသခံများ အနေဖြင့် ရွေးကောက်ပွဲပြီးပါက လုံခြုံရေးအကြောင်းပြချက်ဖြင့် အင်တာနက် ထပ်မံ ပိတ်မည်ကိုလည်း စိုးရိမ်နေကြသည့် အပေါ် ဦးမျိုးဆွေက လတ်တလော အနေ အထား အရ အဆိုပါ ဒေသများအား ထပ်မံပိတ်ရန် အစီအစဉ် မရှိသေးပါဟု ဆိုသည်။
ဆက်စပ်ဖတ်ရှုရန်
အင်တာနက်ပိတ်သဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို သက်သေပြရန် ခက်ခဲဟုဆို
ကိုရိုနာဗိုင်းရပ်စ် သတင်းများ သိနိုင်ရန် ရခိုင် အင်တာနက် ပြန်ဖွင့်ပေးရေး တောင်းဆို