ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စု အတွင်းရှိ ဦးမိုးလေး ရေကာတာမှာ ယနေ့ နံနက်ပိုင်း က ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကျိုးပေါက်သွားခဲ့သဖြင့် နေအိမ် ၅၀ ကျော်နှင့် ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း ရေနစ်မြုပ်ခဲ့ကြောင်း သတင်း ရရှိသည်။
ဦးမိုးလေးတာမှာ မြစ်ရေတိုက်စားသည့်အတွက် ဇူလိုင်လ နောက်ဆုံးပတ်မှ စတင်၍ ဧရာဝတီမြစ်အတွင်း တဖြည်းဖြည်း ပြို ကျနေခဲ့ပြီးနောက် ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်တွင် ကျိုးပေါက်သွားခဲ့ပြီး ရေများ ဝင်ရောက်လာသည့်အတွက် အိပ်ပျက် အုပ်စု၊ တာငုတ်ကျေးရွာမှ အိမ်ခြေ ၅၀ ကျော်နှင့် တာငုတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့ ရေကြီးနစ်မြုပ်ခဲ့ခြင်း ဖြစ် သည်။

အိပ်ပျက်အုပ်စု၊ ဖောင်ဆိပ်ကျေးရွာမှ ကိုပြည့်ဖြိုးအောင်က “ဦးမိုးလေးတာက ဟိုရက်ကတည်းက ရေတိုက်စားလို့ မြစ်ထဲကို ပဲ့ကျနေတာ။ ဒီနေ့ မနက်ပိုင်း ကျိုးသွားပြီးတော့ ရေတွေ ဒလဟော ဝင်လာတယ်။ အခုဆိုရင် တာအဟောင်းနဲ့ တာအသစ် ကြားမှာ ရေက ၆ ပေလောက် အထိကို ဝင်လာတယ်။ တာမကျိုးခင်က ရွှေ့ထားတဲ့ အိမ်တွေ လွတ်ပေမယ့် မဖျက်လိုက် နိုင်တဲ့ အိမ်တွေ အကုန် ရေမြုပ်ကုန်တယ်” ဟု ဧရာဝတီကို ပြောသည်။
တာကျိုးသည့် နေရာသို့ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ တပ်ဖွဲ့နှင့် အရပ်ဘက် လူမှုကူညီရေး အဖွဲ့များ ရောက်ရှိကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေမြုပ်နေသည့် နေအိမ်များကို ကူညီ၍ ဖျက်သိမ်း ရွှေ့ ပြောင်းပေးခြင်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ဟင်္သာတမြို့ခံ ကိုအောင်မျိုးသန့်က “ဦးမိုးလေး တာကျိုးသွားတော့ ရေတွေက တာအဟောင်းနဲ့ တာအသစ်ကြား အပြည့် ဖြစ်သွားပြီ။ ရေမြုပ်တဲ့ အိမ်တွေကိုတော့ ဒေသခံတွေက ရသလောက် ဖျက်ယူနေကြတယ်။ တခြား အိမ်တွေက တာမကျိုး ခင်ကတည်းက ဖျက်ပြီး ရွှေ့ကြတော့ နည်းနည်း တော်သေးတာပေါ့။ အခု ရေမြုပ်တဲ့ အိမ်တွေကျတော့ သူတို့မှာ အိမ်ဖျက် ပြီးရင် ဘယ်နေရာသွားဆောက်နေရမှန်းမသိ ဖြစ်နေတော့ မဖျက်ဘဲ အခြေအနေကြည့်နေတုန်း ရေအောက်ရောက်ကုန် တာ” ဟု ပြောသည်။
အိပ်ပျက်ကျေးရွာအနီးတွင် တည်ရှိသည့် ဦးမိုးလေးတာ အမည်ရှိ ရေကာတာအဟောင်း အနီးသို့ ကမ်းပြိုကမ်းစားမှုများ တဖြည်းဖြည်း နီးကပ်လာသည့်အတွက် ဆည်မြောင်းဦးစီးဌာနက ဧရာဝတီ မြစ်ရေကြီးခြင်းမှ ကာကွယ်ရန် ပေ ၃ဝဝဝ ကျော် ရှည်လျားသည့် အိပ်ပျက်ရေကာတာ အသစ်ကို ၂၀၂၀ နှစ်ဆန်းပိုင်းကာလတွင် တည်ဆောက်ခဲ့ကြောင်း သိရသည်။
ဆည်မြောင်းဌာနမှာ တာအသစ် တည်ဆောက်ခဲ့သလို တာအဟောင်း ဖြစ်သည့် ဦးမိုးလေးတာကိုလည်း ပြုပြင်ထိမ်းသိမ်းမှု တချို့ ပြုလုပ်ခဲ့သော်လည်း ဇူလိုင်လ နောက်ဆုံးပတ်မှ စတင်ကာ ရေတိုက်စားမှုကြောင့် ဦးမိုးလေးတာမှာ မြစ်အတွင်း တဖြည်းဖြည်းပြိုကျခဲ့ပြီး တာကျိုးမည့် အခြေအနေကြောင့် တာအဟောင်းနှင့် တာအသစ်ကြားရှိ ဖောင်ဆိပ်၊ ငှက်ပျော တောနှင့် တာငုတ် ကျေးရွာမှ လူနေအိမ် ၂၀၀ ကျော် ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
ဖောင်ဆိပ်ကျေးရွာမှ ဒေသခံ ကိုပြည့်ဖြိုးအောင်က“ကျနော်တို့ အိမ်တော့ တာမကျိုးခင်ကတည်းက ဖျက်ပြီး တာအသစ် ဘေးက လယ်ကွင်းထဲမှာ သွားဆောက်ထားတာ။ တခြားအိမ်တွေလည်း တာဘေးမှာ ဖြစ်သလို တဲလေးတွေထိုးပြီး နေ နေရတယ်။ ရေမြုပ်တဲ့ အိမ်တွေကတော့ တချို့တဝက် ဖျက်ယူလို့ ရလိုက်တာ ရှိသလို လုံးဝမရ လိုက်တဲ့အိမ်တွေလည်း ရှိတယ်။ လက်ရှိအချိန် အထိတော့ ကယ်ဆယ်ရေး စခန်းတွေ ဘာတွေ ဖွင့်တာ မရှိသေးဘူး” ဟု ပြောသည်။
ယနေ့နံနက် အစောပိုင်းက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး လာရောက်ကြည့်ရှုခဲ့ပြီး နေအိမ်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် ဒေသခံများကို ခေါက်ဆွဲခြောက်၊ နှာခေါင်းစည်းနှင့် ကိုယ် တိုက် ဆပ်ပြာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ဒေါက်တာ ဝင်းမြတ်အေး ပြန်သွားပြီးနောက် နာရီအနည်းငယ် အကြာတွင် ဦးမိုးလေးတာ ကျိုးပေါက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနအနေဖြင့် နေအိမ်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် အိပ်ပျက် ကျေးရွာအုပ်စုမှ မိသားစု ၈၆ စုအတွက် လူတဦးလျှင် တပတ်စာ ဆန်ရိက္ခာနှင့် ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ် ၈၆ လုံး အတွက် နေအိမ် တလုံးလျှင် အိမ်ဆောက်စရိတ် ၁ သိန်းကျပ်နှုန်း ထောက်ပံ့ ပေးအပ်ထားကြောင်း သိရသည်။
ဧရာဝတီမြစ် ရေကြောင်းပြောင်းလဲခြင်းနှင့် တရားမဝင် မြစ်ကျောက် စုပ်ယူခြင်းများကြောင့် ဟင်္သာတခရိုင် အတွင်းရှိ မြန် အောင်၊ အင်္ဂပူ၊ လေးမျက်နှာနှင့် ဟင်္သာတမြို့နယ်တို့တွင် နှစ်စဉ် ကမ်းပြိုမှုများ ဖြစ်ပွားနေပြီး လူနေအိမ်များ၊ စာသင် ကျောင်းများ၊ ကျေးရွာများနှင့် ဒေသခံတို့ စိုက်ပျိုး လုပ်ကိုင်နေသော လယ်ယာကိုင်းမြေ ဆုံးရှုံးမှုများ နှစ်စဉ်ဖြစ်ပွားနေ ကြောင်း သိရသည်။
You may also like these stories:
ရေဆိုးစက်ရုံ စီမံကိန်းကြောင့် တာဘောင်ကျိုးရခြင်းဟု တရုတ်ကုမ္ပဏီ ဝန်ခံ
မြစ်ရေ မြင့်တက်၍ ငပုတော၌ အိမ်ခြေ ၁၆၀ ကျော် နစ်မြုပ်