အတိုက်အခံ အင်အားကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီ၏ လက်ရှိ ဥက္ကဌ ဦးသန်းဌေးသည် နေပြည်တော်၊ဇေယျာသီရိမြို့နယ်မှ နေ၍ လာမည့် ၂၀၂၀ ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ယနေ့ နေပြည်တော်ရှိ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲရုံးသို့ ဦးသန်းဌေး၏ ကိုယ်စားလှယ် ဖြစ်သူ က နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်တွင် ဦးသန်းဌေး ဝင်ရောက်ယှဉ်ပြိုင်မည့် စာရင်းကို လာရောက် တင်သွင်းခဲ့ခြင်း ဖြစ်သည်။
“ဥက္ကဌကြီး(ဦးသန်းဌေး)ကို နိုင်ဖို့ သေချာမယ့် မဲဆန္ဒနယ်ကနေ ရွေးချယ်ပေးထားတာ”ဟု ကြံ့ခိုင်ရေးပါတီမှ သတင်း ရင်းမြစ်တဦးက ဧရာဝတီသို့ ပြောသည်။
ဦးသန်းဌေးသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ၎င်း၏ ဇာတိ ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း NLD ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့ရသည်။ သို့သော် သမ္မတ ဦးသိန်းစိန် ပါတီ ဥက္ကဌ တာဝန်မှ အနားယူသည့်အခါ ဦးသန်းဌေးမှာ ပါတီ၏ ဥက္ကဌ ဖြစ်လာသည်။
ဦးသန်းဌေးသည် စစ်တက္ကသိုလ် အပတ်စဉ် ၁၈ မှ ဖြစ်ပြီး တပ်မတော်တွင် အမှတ် ၇၇ ခြေမြန် တပ်မဌာနချုပ်၏ တပ်မ မှူး ဗိုလ်မှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် စွမ်းအင် ဝန်ကြီးဌာနတွင် ဒုတိယ ဝန်ကြီး၊ ထို့နောက် ဝန်ကြီးနှင့် ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
အသက် ၆၆ နှစ် အရွယ် ဖြစ်သည့် ဦးသန်းဌေးသည် ဝိဇ္ဇာဘွဲ့ ၊ မဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေးပညာ)တို့ ရရှိထားပြီး လက်ရှိတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂဟအိမ်ရာတွင် နေထိုင်လျက်ရှိသည်။
၎င်းဝင်းရောက် ယှဉ်ပြိုင်မည့် ဇေယျာသီရိ မြို့နယ်သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး အပါအဝင် တပ်မတော် တပ် ရင်း၊ တပ်ဖွဲ့ အများစု အခြေစိုက် ထားသည့် မဲဆန္ဒနယ်တခု ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲတို့တွင် ကြံ့ခိုင်ရေးပါတီကသာ အနိုင်ရခဲ့သည့် မဲဆန္ဒနယ်တခု ဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ယင်းနေရာ၌ ထိုစဉ်က ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်း ပါဝင် ယှဉ်ပြိုင် အနိုင်ရခဲ့သလို ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ထိုစဉ်က ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး လှဌေးဝင်း ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။
ဗိုလ်ချုပ်ကြီးဟောင်း လှဌေးဝင်းသည် ယခု ကြံ့ခိုင်ရေးပါတီ၏ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။ ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်းမှာ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ရာထူူးမှ ဖြုတ်ချခံရပြီးနောက် ယခုအခါ ပြည် သူ့ ကောင်းကျိုးဆောင်ပါတီကို တည်ထောင်ထားသည်။
ဦးသန်းဌေး၏ ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်တွင် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ဒေါက်တာ မိုးဆွေဆိုသူ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
အခြား ကြံ့ခိုင်ရေးပါတီက နေပြည်တော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အခြားမဲဆန္ဒနယ်များမှ ဇမ္ဗူသီရိမြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၊ ဥတ္တရသီရိမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဘဏ္ဏာရေးဝန်ကြီးဟောင်း ဦးဝင်းရှိန်၊ ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးဟောင်း ဦးမြင့်လှိုင်တို့ ဖြစ်ကြောင်း သိရသည်။
ကာကွယ်ရေး ဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီး ဝေလွင်မှာ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်တွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး ပျဉ်းမနား၊ တပ်ကုန်းနှင့် လယ်ဝေးမြို့နယ်များမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် ဦးမြင့်အောင်သန်း၊ ဦးကျော်ကျော်လတ်နှင့် ဦးဌေးဝင်းတို့ ဖြစ်ပြီး ၎င်းတို့မှာ အရပ်သားများ ဖြစ်ကြသည်။
နေပြည်တော်တွင် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၂ ခု ရှိပြီး ကြံ့ခိုင်ရေးပါတီ၏ အမျိုးသား လွှတ်တော် ကိုယ်စား လှယ်လောင်းများမှာ ဒေါ်ဝင်းဝင်းသီနှင့် ဦးခင်မောင်ဌေးတို့ ဖြစ်ကြောင်း သိရသည်။
နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ရွေးကောက်ပွဲ ယှဉ်ပြိုင်မည့် ပါတီများမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုး သား ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီတို့ ဖြစ်ကြောင်း၊ တသီးပုဂ္ဂလကိုယ်စားလှယ်များလည်း ရှိကြောင်း ပြည်ထောင်စုနယ်မြေ ရွေးကောက် ပွဲ ကော်မရှင်၏ အချက်အလက်များအရ သိရသည်။
You may also like these stories:
ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်ရ NLD ပါတီ ကိုယ်စားလှယ်လောင်း ၁၂ ဦး လဲလှယ်ခံရ
လုံခြုံရေးအခြေအနေကြောင့် ပလက်ဝရှိ ရွာ ၇၀ ကျော် မဲစာရင်းမကပ်နိုင်
No Vote ကမ်ပိန်း ရိုးသားရဲ့လား