အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ထံတွင် ယခင်က ကိုယ်ရေး အရာရှိဟောင်းအဖြစ် လိုက်ပါဆောင်ရွက်ခဲ့သူ ဒေါက်တာ တင်မာအောင်သည် လာမည့် ၂၀၂၀ ရွှေးကောက်ပွဲတွင် ရခိုင် ဒီမိုကရေစီအဖွဲ့ ချုပ် (Arakan League for Democracy-ALD ) ပါတီ မှ ဝင်ရောက်အရွေးချယ်ခံမည် ဖြစ်သည်။
ဒေါက်တာတင်မာအောင်သည် NLD ပါတီ၏ အမာခံဖြစ်သော တောင်ကုတ်မဲ ဆန္ဒနယ်အမှတ် ၂ တွင် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရန် ALD ပါတီက ယခုလ အစပိုင်းက ထုတ်ပြန် ကြေညာထားသည့်အတွက် လူထု စိတ်ဝင်စားမှုမှာလည်း မြင့်တက်နေသည်။
“ကျမက ရခိုင်ပဲလေ။ ပြီးတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ကို ကျမ အဖေက တည်ထောင်ခဲ့တာ။ အဲဒါကြောင့် ဒီပါတီကနေ ဝင်ပြိုင်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။
သူ၏ နိုင်ငံရေးရည်ရွယ်ချက်က ရခိုင်ပြည်နယ် အတွင်း အဖက်ဖက်မှ နိမ့်ကျနေသည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုဘဝ တို့ကို နိုင်ငံရေး အရ တောင်းဆို တိုက်ပွဲဝင်ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်ရန် ဖြစ်သည်ဟု ဆိုသည်။ ။
ယင်းအပြင် တိုင်းရင်းသားများ လိုလားနေသည့် ဖက်ဒရယ်ဒီမိုကရေစီနှင့်အတူ တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး တို့မှာ ပါတီ၏ ပင်မရည်မှန်းချက် ဖြစ်သည့်အတွက် ပါတီမူဝါဒ လမ်းစဉ်အတိုင်း တတ်အားသရွေ့ ကြိုးစား လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ဒေါက်တာတင်မာအောင်က ဆိုသည်။
“ကျမတို့က ဖက်ဒရယ်ဒီမိုကရေစီရဖို့ ပြည်ထောင်စုအတွင်းမှာ တန်းတူ အခွင့်အရေး ရဖို့ရယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ဖွဲ့စည်းပုံနဲ့ အုပ်ချုပ်ခွင့်ရအောင် လုပ်ဆောင်ဖို့ကတော့ အဓိကပါပဲ။ အဲဒီလမ်းကို သွားမယ်ဆိုတဲ့အခါမှာလည်း အဆင့်ဆင့် အများကြီး သွားရပါအုံးမယ်။ အဲဒါက ကျမရဲ့ ရည်ရွယ်ချက်ပေါ့။ ကျမတို့ပါတီကလည်း အဲဒီ လမ်းကြောင်းကို သွားတယ်။ ကိုယ်ကလည်း အဲဒါကို ယုံကြည်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲကာလ အတွင်းက ဒေါက်တာ တင်မာအောင်၏ ဖခင်ဖြစ်သူ ဒေါက်တာ စောမြအောင်က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူကာ တည်ထောင်ခဲ့သော ပါတီတခုဖြစ်ပြီး ရွေးကောက်ပွဲ အလွန်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီနှင့် မဟာမိတ်ဖွဲ့ခဲ့ကြသည်။
ထို့နောက် ဒေါက်တာတင်မာအောင်သည် ဖခင်ဖြစ်သူ ဒေါက်တာစောမြအောင်၏ လမ်းညွန် မှာကြားချက်အရ ဖခင် ကွယ်လွန်သည့် နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲတိုက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အနီးကပ် သွားရောက် ပံ့ပိုးကူညီခဲ့သည်။
“ဒေါ်အောင်ဆန်းစုကြည်ကို ကူညီခဲ့တာက သူက အပြောင်းအလဲတခုကို လုပ်နိုင်မယ်ဆိုပြီးတော့ အဖေကလည်း ပြောခဲ့တဲ့ အတွက်ကြောင့် ကျမက သွားပြီးတော့ ကူညီပေးခဲ့တာပါ” ဟု ၎င်းက ရှင်းပြသည်။
ပြီးခဲ့သော ၂၀၁၅ ရွေးကောက်ပွဲကာလ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အာဏာမရမီ အချိန်ကာလအတွင်း ဒေါက်တာ တင်မာအောင်သည် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်တွင်း၊ ပြည်ပ ခရီးစဉ်များတွင် အနီးကပ်လိုက်ပါ ကူညီခဲ့ရာ လူအများက သတိထားမိခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည် အပေါ် ကူညီခဲ့သည့် ရည်မှန်းချက်မှာ စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစနစ်သို့ ရောက်ရှိရေးဖြစ်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက အစိုးရဖွဲ့ကာ အနိုင် ရရှိသွားပြီ ဖြစ်ပြီသည့်အတွက် ကူညီခဲ့သည့် အခန်းကဏ္ဍမှာ ပြီးဆုံးသွားပြီဟု ခံယူကာ ၂၀၁၆ ခုနှစ်ကတည်းက ရခိုင်ပြည်သူအတွက် အလုပ်လုပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ထိုနောက်ပိုင်းမှစတင်ကာ ၎င်းသည် ရခိုင်ပြည်နယ်သို့ လာရောက်ကာ မြောက်ဦးမြို့ရှေးဟောင်းအမွေအနှစ်များ ကမာ္ဘ့ အမွေ အနှစ် (UNESO) စာရင်းဝင်ရန် တတ်အားသရွေ့ လုပ်ကိုင်ခဲ့သလို တဖက်ကလည်း ဒေါက်တာ စောမြအောင် ဖောင်ဒေးရှင်း အမည်ဖြင့် ရခိုင်ပြည်နယ်အတွင်း ပညာရေး၊ ကျန်းမာရေးနှင့် လူထုအကျိုးပြု လုပ်ငန်းများကို ဆောင်ရွက် လုပ်ကိုင်ခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီသည် ရခိုင်အမျိုးသားပါတီ ( ANP ) ပါတီမှ ခွဲထွက်ပြီး ပါတီ ပြန်လည် မှတ်ပုံတင်ခဲ့ပြီးနောက် ဒေါက်တာတင်မာအောင်လည်း ပါတီတွင်း ပြန်လည် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
“၂၀၁၆ ကလည်း ကျမပြောတယ်လေ။ ရခိုင်သားတွေ အတွက်ပဲ ကျမ လုပ်တော့မယ်ဆိုပြီးတော့ အဲဒီအခါ ရခိုင်ဒီမို ကရေစီ အဖွဲ့ချုပ်ကလည်း အဖေ တည်ထောင်ခဲ့တယ်။ အဖေ မလုပ်နိုင်ခဲ့တဲ့ အလုပ်တွေကို လုပ်မယ်ဆိုတဲ့အခါ ကိုယ့် အဖွဲ့ ပါတီကနေ ပြိုင်ဖို့က အဓိက အကောင်းဆုံးပါပဲ” ဟု ဒေါက်တာ တင်မာအောင်က ပြောသည်။
“ကိုယ်ကလည်း ရခိုင်ဖြစ်တယ်။ ဖခင်ဖောင်ဒေးရှင်းမှာလည်း လုပ်ကိုင်နေတာဖြစ်တယ်။ မြောက်ဦးမှာလည်း ကွင်းဆင်း ပြီးတော့ အမြဲလုပ်နေတာ ရှိတယ်။ ရခိုင်သဟာယအသင်းအဖွဲ့မှာလည်း လုပ်ကိုင်နေတာရှိတယ်။ ရခိုင်မှာ ဘာဖြစ်နေလဲ ဆိုတာလည်း သိနေတယ်လေ။ သို့သော်လည်း ထဲထဲဝင်ဝင် လုပ်နိုင်ဖို့အတွက် ရခိုင်ပြည်ဘက်မှာ ရွေးကောက်ပွဲ ဝင်မှ သာလျှင် ဖြစ်မယ်ဆိုတဲ့အတွက် ရွေးကောက်ပွဲဝင်တာပါ ” ဟုလည်း ဒေါက်တာ တင်မာအောင်က ဆိုသည်။
သူ ဝင်ရောက် ရွေးချယ်ခံမည့် တောင်ကုတ်မဲဆန္ဒနယ်အမှတ် ( ၂ )တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်နယ် ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် တောင်ကုတ်မြို့ဒေသခံလည်း ဖြစ်သည့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်၊ ရခိုင်အမျိုးသားပါတီမှ ဒေါ်ခင်မျိုးယဉ်တို့လည်း ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလက ထိုမဲဆန္ဒနယ်မှပင် အနိုင်ရခဲ့သူလည်း ဖြစ်ရာ ဒေါက်တာ တင်မာအောင် အနေဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် အနေအထားတွင် ရှိသည်။
တောင်ကုတ်မြို့ခံ ဒေါ်သိင်္ဂီမောင်က လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် ရွေးကောက်ပွဲ အပေါ် ပြည်သူများ စိတ်ဝင်စားမှု ကျဆင်း နေခဲ့သော်လည်း ပါတီများ၏ လူစားလဲ ပွဲထုတ် ရွေးကောက်ပွဲ ဝင်လာသည့်အပေါ် ပြည်သူများ အကြားတွင် စိတ်ဝင်စားမှု ပြန်လည် ရှိလာခဲ့ကြောင်း ပြောသည်။
ဒေါ်သိင်္ဂီမောင်က “ ပထမတော့ ဒေသတွင်းမှာ အဖမ်းအဆီးတွေများတော့ ပြည်သူတွေကလည်း နိုင်ငံရေးထက် ကိုယ့် စားဝတ်နေရေး အပေါ်သာ အာရုံစိုက်တာများတယ်။ အခုတော့ ဘောလုံးပွဲလို ပါတီတွေက လူစားလဲပြီးတော့ ဝင်ရောက် အရွေးခံလာကြတဲ့အတွက် တော်တော်များများတော့ စိတ်ဝင်စားမှု ပြန်ရှိလာတာကို တွေ့ရတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
လာမည့် ရွေးကောက်ပွဲတွင် ဒေါက်တာတင်မာအောင်အနေဖြင့် အနိုင် ရရှိခဲ့ပါက ပြည်နယ်တွင်း မည်သည့် ကဏ္ဍများကို စွမ်းစွမ်းတမံ လုပ်ဆောင်သွားမည်ဆိုသည့် ကိစ္စ အပါအဝင် မည်သည့် ပါတီများနှင့် မဟာမိတ်ဖွဲ့မည် ဆိုသည်ကိုမူ ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက်မှ ပါတီမူဝါဒအတိုင်း ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း ဒေါက်တာ တင်မာအောင်က ရှင်းပြသည်။
ဒေါက်တာ တင်မာအောင် ရွေးချယ်ခံကာ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်မည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ( ALD )ကို ၁၉၉၀ ရွေးကောက်ပွဲကာလက စတင်ထူထောင်ခဲ့ခြင်း ဖြစ်ပြီး ဒေသခံများ၏ တောင်းဆိုချက်များအရ ရခိုင်တိုင်းရင်းသား များ တိုးတက်ရေး ပါတီ ( RNDP ) နှင့် ၂၀၁၃ ခုနှစ်တွင် ANP အမည်ဖြင့် နှစ်ပါတီ ပူးပေါင်းခဲ့ကြသည်။
သို့သော်လည်း ၂၀၁၄ ခုနှစ်တွင် သံတွဲမြို့တွင် ပြုလုပ်ခဲ့သော ပါတီညီလာခံ၌ ခေါင်းဆောင်ပိုင်း နေရာ ရွေးချယ်တင်မြောက်မှုတွင် RNDP ပါတီမှ အများစု နေရာ ပေးခြင်းခံရသည့်အတွက် နှစ်ပါတီ ထိပ်ပိုင်း ခေါင်းဆောင်ပိုင်း အကြား ထိုစဉ်ကတည်းက ဟန်ပြအဆင့်သာ ပေါင်းစည်းနိုင်ခဲ့ပြီး ထို့နောက်ပိုင်းတွင် ပြန်လည် လမ်းခွဲခဲ့ကြသည်။
You may also like these stories:
NLD၊ ညွန့်ပေါင်းဂယက်နဲ့ No vote
ရခိုင်ပြည်နယ် ခရိုင် ၂ ခုတွင် ALD ပါတီ ရွေးကောက်ပွဲ ဝင်ရန် မသေချာ
ဗမာလူမျိုး တယောက်အနေနဲ့ပဲ နိုင်ငံရေးကို လုပ်တယ်