တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့၏ စစ်ပဋိပက္ခကြောင့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ နယ်အတွင်းရှိ ကျေးရွာပေါင်း ၄၀ ဝန်းကျင်မှ လယ်ဧက ၁၃၀၀၀ ကျော်မှာ စပါးမစိုက်ပျိုးနိုင်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံ က ပြောသည်။
ဦးကျော်ဇံက “ရသေ့တောင်ကျောက်တန်းနယ်က ရွာပေါင်း ၃၉ ရွာမှာ မွတ်စလင်ရွာ ၃ ရွာမှ လွဲပြီး ကျန်တဲ့ ရွာတွေ လယ် မလုပ်နိုင်။ လယ်လုပ်ဖို့ အခွင့်အလမ်း မရှိဘူး ဖြစ်သွားတယ်။အဲဒီ နယ်မှာ လယ်မလုပ်နိုင်တာ လယ် ဧက ၁ သောင်း ၃ ထောင်ကျော်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ စာရင်းအချက်အလက်များမှာ ယခုနှစ်မိုးရာသီအတွင်း ကောက်ယူထားခြင်းဖြစ်ပြီး ၎င်းတို့ လက်လှမ်းမမှီသည့် နေရာများလည်း ကျန်နိုင်သေးကြောင်း ဦးကျော်ဇံက ဆိုသည်။
ဇွန်လအတွင်းက တပ်မတော်နှင့် AA အဖွဲ့တို့၏ စစ်ရေး လှုပ်ရှားမှုကြောင့် ရသေ့တောင်မြို့နယ် ကျောက်တန်းတိုက်နယ် အတွင်းရှိ ကျောက်တန်းကျေးရွာအပါအဝင် ငစံဘော်၊ ကင်းပွန်းချောင်း၊ သောင်းဒြား၊ ထီးစွဲ၊ ဗောထီးကိုင်း၊ အောင်သာစည်၊ သမီးလှ၊ ဇီးခေါင်း၊ ရေပုတ်၊ ဆောက်ခတ်၊ အောင်မြေကုန်း စသည့် ရွာပေါင်း ၄၀ ကျော်မှ ဒေသခံပေါင်း သောင်းနှင့်ချီ၍ မြို့ပေါ် ဒုက္ခသည် စခန်းများနှင့် မြို့နယ်အသီးသီးရှိ နီးစပ်ရာ ဆွေမျိုးများရှိရာသို့ ထွက်ပြေး တိမ်းရှောင် နေကြရသည်။
ကျောက်တန်းကျေးရွာသား ဦးဖြူလုံးမောင်က “ကျနော်တို့ ရွာသားတွေ လယ်မလုပ်နိုင်တာ ၂ နှစ်ရှိပြီ။ ပြီးခဲ့တဲ့ နှစ်ကလည်း ဒီတိုင်း ပစ်ထားရတယ်။ ဒီနှစ် လယ်လုပ်မယ် ဆိုပြန်တော့လည်း နယ်မြေရှင်းလင်းရေး လုပ်မယ် ဆိုပြီး အမိန့် ထုတ်ပြန် တော့ ရွာကနေ ပြေးလာရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သို့ဖြစ်ရာ စပါးလည်း မစိုက်ပျိုးနိုင်၊ စားဝတ်နေရေး မပြေလည်ကြသော ဒေသခံများအတွက် မြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်း၊ ဓမ္မာရုံများတွင် စစ်ရှောင်စခန်း ၂၀ ကျော် ဖွင့်လှစ်ကာ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ကူညီ ပံ့ပိုးမှုဖြင့် ဝမ်းရေးအတွက် ဖြေရှင်းနေရကြောင်း ဒေသခံ အရပ်ဘက်လူမှု အဖွဲ့အစည်းများက ဆိုသည်။
စစ်ရှောင်များအရေး ကူညီ ပေးနေသူ ရသေ့တောင်မြို့ခံ ကိုဘက္ကာကလည်း “မြို့ပေါ်ကို ရောက်ရှိနေတဲ့ စစ်ရှောင်တွေကတော့ လက်ရှိမှာ ၂ သောင်း ကျော်လောက်ရှိတယ်။ တချို့လည်း စခန်းမှာ လူမဆန့်တော့လို့ နီးစပ်ရာ ဆွေမျိုးသားချင်းတွေရှိတဲ့ ကျေးရွာတွေကို ဝင်ရောက် ခိုလှုံနေတာရှိတယ်။ မြို့နယ် တခုလုံးဆိုရင်တော့ ၅ သောင်း လောက်ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရသေ့တောင်မြို့နယ် မယူကမ်းဒေသဖွံ့ဖြိုးရေး အသင်းဥက္ကဋ္ဌ ဦးမောင်စောဝင်းကလည်း “အဓိကတော့ စစ်ကြောင်း လာတယ်။ လယ်သမားတွေ ကြောက်လန့်ပြီး ပြေးရတယ်။ သေနတ်ပစ်လို့ ဝင်လာတယ်။ လက်နက်ကြီး ပစ်လို့ ဝင်လာ တယ်။ မိုင်းကွဲရင်လည်း ရွာသားတွေ ပြဿနာရှိတယ်။ တိုက်ပွဲဖြစ်ရင်လည်း ရွာသားတွေကို ပြဿနာ ရှာတယ်။ တခါတခါ လယ်ထွန်းနေရင်း ကျွဲ ၊ နွားတွေကို ပစ်ပြီး ပြေးကြရတယ်” ဟု ရှင်းပြသည်။
ဆက်လက်ပြီး ၎င်းက
“လယ်သမားကို ထောက်ပံ့တာတခုမှ မရှိဘူး။ အခက်အခဲတွေ အများကြီး၊ စပါးဈေး မကောင်း၊ လယ်လုပ်လို့ တွက်ခြေ မကိုက်၊ မိရိုးဖလာ လုပ်စားလာတာ တခုကို ထိန်းသိမ်းတဲ့ သဘောနဲ့ လုပ်စားနေတဲ့ အခြေအနေ တခုသာ ဖြစ်တယ်”
ဟုဆိုသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးဝန်ကြီး ဦးကျော်လွင်ကမူ ဒေသခံ လယ်သမားများ အနေဖြင့် စပါးစိုက်ပျိုးရန် အခက်အခဲရှိပါက တရားဝင် စာနှင့်တင်ပြလာမည် ဆိုပါက ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ဝန်ကြီး ဦးကျော်လွင်က “ကျနော်တို့ အစိုးရအဖွဲ့ကို တရားဝင် စာနဲ့ လာတင်ပြရင်တော့ ကျနော်တို့ အစွမ်းကုန် ကူညီ ပံ့ပိုးပေးသွားမှာပါ။ မြောက်ဦးက ဆိုရင် တရားဝင် စာနဲ့ တင်ပြလာတာရှိလို့ ကျနော်တို့ ထွန်စက်ကြီး ၅ စီး ပံ့ပိုး ပေးထားတာရှိတယ်။ ကျနော်တခု မှာကြားချင်တာက မြောက်ဦးကဲ့သို့ တရားဝင်သာ စာနဲ့ တင်ပြပါ။ ကျနော်တို့ ကူညီပေးဖို့ အဆင်သင့် ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သို့သော်လည်း မြေပြင် အခြေအနေတွင် အစိုးရအနေဖြင့် လယ်သမားများကို ထိရောက်သော ကူညီထောက်ပံ့မှုများ မရှိကြောင်း ဒေသခံ လယ်သမားများက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း လာမည့် မိုးရာသီတွင် စပါးစ်ိုက်ပျိုးရေး လုပ်ငန်းများ အချိန်နှင့် တပြေးညီ လုပ်ကိုင် ဆောင်ရွက် နိုင်ရေးအတွက် အစိုးရ အနေဖြင့် ကြိုတင်အစီအမံများကို ထိရောက်စွာ ဆောင်ရွက်ပေးရန် မြေပုံမဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက မေလ ၂၁ ရက်နေ့က ပြုလုပ်သည့် လွှတ်တော်တွင် အဆို တင်သွင်းခဲ့သည်။
အဆိုနှင့်ပတ်သက်ပြီး မေလ ၂၅ ရက်နေ့က ကျင်းပသော ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် အစိုးရသဘောထားကို မေးမြန်းခဲ့ရာတွင် အစိုးရအနေဖြင့် ကန့်ကွက်စရာရှိဘဲ အဆိုအပေါ် ထောက်ခံ ကြိုဆိုကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုး ရေး ဝန်ကြီး ဦးကျော်လွင်က ဖြေကြားခဲ့သည်။
ရခိုင်ပြည်နယ်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂအဖွဲ့၏ လတ်တလော ကောက်ယူ ထားသော စာရင်းက ကျောက် တော်၊ ရသေ့တောင်၊ ဘူသီးတောင်၊ မြောက်ဦး၊ မင်းပြား နှင့် မြေပုံ စသည့် မြို့နယ်များတွင် စပါး မစိုက်ပျိုး နိုင်သည့် လယ် ဧက ၃၅၀၀၀ ကျော်ရှိကြောင်း၊ ယမန်နှစ် စပါးစိုက် ရာသီကလည်း စစ်ဘေးဒဏ်ခံရမှု အပါအဝင် လယ်ယာလုပ်သား ရှားပါးခြင်း၊ အကျိုးအမြတ်မရှိခြင်းတို့ကြောင့် လယ်မြေဧက ၂ သိန်းနီးပါး စိုက်ပျိုးနိုင်ခြင်း မရှိသည့်အတွက် စပါးအထွက် နှုန်း ကျဆင်းခဲ့ရကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ မှ ရရှိထားသည့် အချက်အလက်များ အရ သိရသည်။
ဆက်စပ်လင့်-
တိုက်ပွဲ နှစ်ရက်ဆက် ဖြစ်သည့် ရသေ့တောင်တွင် တပ်၊ ရဲနှင့် လဝက အရာရှိများ ကျဆုံး
နယ်မြေရှင်းမည့် ညွှန်ကြားချက် ရုပ်သိမ်းလည်း ရသေ့တောင်ရွာ ၅၀ ကျော် အိမ်မပြန်နိုင်သေး
ရခိုင် ပဋိပက္ခ ဖိအားကြောင့် မြေပုံက ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၆၀ နုတ်ထွက်