၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ၌ မဲပေးခွင့်ရမည့် မဲဆန္ဒရှင်စာရင်းတွင် အချက်အလက်များ မှားယွင်းနေမှုများ ရှိနေ သော်လည်း အမှားနည်းရန် ကြိုးပမ်းသွားမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ထွေအုပ်အပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများက ပြောကြားကြသည်။
အဆိုပါဌာနများ၏ တာဝန်ရှိသူများနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ သြဂုတ်လ ၅ ရက်တွင် ရွေးကောက်ပွဲအောင်မြင်နိုင်စွာ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီးနောက် အထက်ပါအတိုင်း ဆွေးနွေးပွဲတွင် ပြောဆိုခဲ့ကြခြင်းဖြစ်သည်။
“အခု ပထမအကြိမ် ကြေညာတဲ့ မဲစာရင်းမှာ လူဦးရေစာရင်း လွဲမှားတာ၊ ကွက်လပ်ဖြစ်တာ၊ မှတ်ပုံတင် ထပ်နေတာတွေ သတိပြုမိပါတယ်။ ပြည်သူတွေရဲ့ တုံ့ပြန်ချက်တွေကို အချိန်တိုင်း နားထောင်ပြီး တုံ့ပြန်ဆောင်ရွက် နေပါတယ်။ အောက်တို ဘာမှာ ကြေညာမယ့် ဒုတိယအကြိမ် မဲစာရင်းမှာ ပိုမိုတိကျမှန်ကန်အောင် ဆက်လက် ဆောင်ရွက်ပါမယ်” ဟု လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။
ဆက်လက်၍ ဝန်ကြီးက ၎င်း၏ မိသားစုဝင်များပင်လျှင် မဲစာရင်းတွင် လွဲမှားမှုများ ကြုံနေရသည်ဟု ပြောပြီး “ကျနော့် မိသားစု မှာတောင်မှ အဲဒီလိုမှားတာတွေ ဖြစ်ပေါ်ပါတယ်။ ကျနော့်သားရဲ့ မိခင်နာမည်လွဲပါတယ်။ ကျနော့်ချွေးမရဲ့ ဆုံး သွားတဲ့ အဖွားနာမည် ပြန်ပါနေပါတယ်။ မွေးသက္ကရာဇ်တောင်မှ အသက်ပြန်ငယ်နေပါသေးတယ်” ဟု ပြောသည်။
မဲစာရင်းမှားယွင်းနေမှုများကို ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ထိုင်ကာ အဖွဲ့တဖွဲ့ဖြင့် ပြင်ဆင်ပေးမည်ဖြစ်ပြီး အဖွဲ့တဖွဲ့ကို မြေပြင်တွင် ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကာ မြို့နယ် လဝက ရုံးများမှ တဆင့်လည်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ မှတ်ပုံတင်မရှိသူများကိုလည်း မှတ်ပုံတင် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးက ရှင်းပြသည်။
လတ်တလောတွင် မဲစာရင်းမှားယွင်းမှုများသည် မဲစာရင်းတွင် နာမည်မပါခြင်း၊ ပါဝင်သော်လည်း အမည်မှားနေခြင်း၊ မှတ်ပုံတင်နံပါတ် တူနေခြင်း၊ မှတ်ပုံတင်၊ အမိအဖ အမည်၊ နေရပ်လိပ်စာများ လွဲမှားနေခြင်း ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကလည်း မဲစာရင်းကောက်ယူမှုများကို အိမ်တွင်ရှိသည့် လူကိုသာ ထည့်သွင်းကောက်ယူခဲ့သဖြင့် အမှားအယွင်းများ နေရခြင်း ဖြစ်ကြောင်း ပြောသည်။
“အိမ်ထောင်စု ရှိပြီး လူမရှိရင် ကျနော်တို့က မကောက်ဘူး။ အခုကောက်တဲ့ နည်းကို သဘောကျတယ်။ မဲစာရင်းတွေ မဖောင်းပွတော့ဘူး။ ဒါက လက်တွေ့ကျ အမှားအယွင်းတွေများနေတာကို တွေ့ရပါတယ်။ မနေ့က (သြဂုတ်၄) အထိ မဲစာရင်းလာကြည့်သူ ၆ သန်းနဲ့ ၆ သိန်းကျော်ရှိပါတယ်။ အရင်က အဲဒီလို မကြည့်ဖူးပါဘူး။ တော်တော်အားရဖို့ ကောင်း ပါတယ်” ဟု ၎င်းက ပြောသည်။
မဲစာရင်း လာကြည့်သူများထဲမှ မဲဆန္ဒရှင် အမည်စာရင်းတွင် မပါ၍ ရပ်/ကျေးကော်မရှင်ရုံးတွင်ပုံစံ (၃) စာရွက်ဖြင့် တောင်း ဆိုသူ ၂၁၀၀၀၀ ကျော်၊ မဲစာရင်းတွင် သေဆုံးသူများ ပါဝင်နေသဖြင့် ပယ်ဖျက်ပေးရန် ပုံစံ ၄ စာရွက်ဖြင့် ကန့်ကွက် သူ ၆၆၀၀၀ ကျော်၊ လူအမည်၊ မိဘအမည်၊ မှတ်ပုံတင်အမှတ်၊ မွေးသက္ကရာဇ်နှင့် နေရပ်လိပ်စာများ မှားယွင်းနေသဖြင့် ပုံစံ ၄ (ဂ) ဖြင့် တင်ပြလာသူသည် ၁၅၀၀၀၀ ကျော် ရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။
အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်ကလည်း မဲစာရင်းမှားယွင်းမှုများသည် မဲစာရင်း ကောက်ယူစဉ်တွင် ပြည်သူအချို့က နာမည်အရင်း မပြောဘဲ အရပ်ထဲတွင် ခေါ်ဝေါ်နေသည့် နာမည်ကိုသာ ပြောသဖြင့် မှားယွင်းသည်လည်း ရှိသည်ဟု ဆိုသည်။
“ကျနော့် ဇာတိမှာ ဆိုရင် ကျေးရွာအုပ်စု တခုမှာ ရွာ ၈ ရွာလောက်ရှိတယ်။ မဲစာရင်းထုတ်ပြန်တဲ့ အခါ ရှိတဲ့သူတွေ နာမည် မပါတဲ့ အခါ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဦးလေးမဲတွေ လိမ်တယ်လို့ ကလေးတွေက ပြောတယ်။ သူကလည်း ငါလိမ်တာ မဟုတ်ဘူး ရှိတဲ့သူကို ကောက်တာလို့ ပြောတယ်။ နောက်တော့ သူတို့တွေညှိနှိုင်းပြီး ပြေလည်သွားတယ်” ဟု ၎င်းက ပြောပြသည်။
ပြဿနာဖြစ်ရသည့် အကြောင်းအရင်းမှန်ကို သိပါက အလွယ်တကူ ဖြေရှင်းနိုင်မည် ဖြစ်သဖြင့် ပြည်သူများက မဲစာရင်း ပေးသွင်းရာတွင် မှန်မှန်ကန်ကန် ရှင်းပြပါက အထောက်အပံ့ ဖြစ်မည်ဖြစ်ကြောင်း၊ မဲစာရင်းမှားယွင်းမှုများရှိပါက သက်ဆိုင် ရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများထံ ဆက်သွယ် အကူအညီတောင်းခံနိုင်ပြီး ၎င်းတို့ ဦးစီးဌာနကလည်း ကူညီရန် အသင့်ရှိသည်ဟု ဦးထက်အောင်က ဆိုသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း မဲစာရင်းမှားယွင်းမှုများကို နိုင်ငံအနှံတွေ့နေရပြီး ၂၀၁၅ ခုနှစ်တုန်းက မဲစာရင်း မှန်ကန်ခဲ့သူများပင် ယခုတကြိမ်တွင် မှားယွင်းနေမှုများ ကြုံနေရသဖြင့် အလေးထား ဆောင်ရွက် သင့် သည်ဟု ဆွေးနွေးပွဲတွင်တိုက်တွန်းပြောဆိုသည်။
ပြည်သူ့ရှေ့ဆောင်ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ဇေယျကလည်း မဲစာရင်းတွင် ၎င်းအပါအဝင် ၎င်း၏ မိသားစု တစုလုံး၏ အမည်မပါဝင်သည်ကို ကြုံခဲ့ရသဖြင့် မဲစာရင်းတွင် ပါဝင်နိုင်ရေး ပြန်လည်ဆောင်ရွက်ခဲ့ရသည်ဟု ဆိုသည်။
မဲစာရင်းတွင် ပါဝင်နိုင်ရန် မိသားစုဝင်များ၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း မူရင်းပြကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပြန်လည်လျှောက်ထားခဲ့ရသည်ဟု သိရသည်။
တပ်မတော်အစိုးရ အုပ်ချုပ်မှုနောက်ပိုင်းတွင် အထွေထွေရွေးကောက်ပွဲ ကို ၂ ကြိမ်တိတိ ကြုံခဲ့ဖူးပြီဖြစ်ရာ တတိယ အကြိမ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ဆက်လက် မှားယွင်းနေမှုသည် မဖြစ်သင့်တော့ဘဲ မှန်ကန်ရန် ဂရုစိုက်သင့်ကြောင်း ဦးကျော်ဇေယျက ဝေဖန်ပြောဆိုသည်။
ရွေးကောက်ပွဲကော်မရှင်သည် ပထမအကြိမ် အနေဖြင့် မဲပေးခွင့်ရှိသူ စာရင်းကို ဇူလိုင်လ ၂၅ ရက်မှ သြဂုတ်လ ၇ အထိ သွားရောက် ကြည့်ရှုနိုင်ကြောင်း ကြေညာထားသည်။
ဆက်စပ်ဖတ်ရှုရန် –
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိဟောင်း ဒေါက်တာတင်မာအောင် ရွေးကောက်ပွဲ ဝင်မည်
လုံခြုံရေးအခြေအနေကြောင့် ပလက်ဝရှိ ရွာ ၇၀ ကျော် မဲစာရင်းမကပ်နိုင်
မဲဆန္ဒနယ် ၄၄ နေရာအထိ NLD ကိုယ်စားလှယ်လောင်း လစ်လပ်