ရွေးကောက်ပွဲတွင် မဲပေးခြင်းသည် နိုင်ငံသားတာဝန် ထမ်းဆောင်ခြင်းဖြစ်သဖြင့် အသက် ၁၈ နှစ်ပြည့်သည့် နိုင်ငံသူနိုင်ငံသားတိုင်း မဲပေးသင့်ကြောင်း နိင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က တိုက်တွန်းပြောကြားသည်။
သြဂုတ် ၅ ရက်မနက်ပိုင်းက ပြုလုပ်သည့် ကိုဗစ်ကာလ ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါဆွေးနွေးပွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး့နှင့် ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုညွှန်ချုပ် ဦးထက်အောင်တို့နှင့် အွန်လိုင်းမှ တဆင့် ပါဝင်ဆွေးနွေးကြသည်။
ဒေါ်အောင်ဆန်းစုကြည် က “နိုင်ငံသူ၊ နိုင်ငံသားများဟာ အသက် ၁၈ နှစ်ပြည့်ပြီးလို့ တိုင်းရင်းသားမိဘ ၂ ပါးက ဖွားမြင်တယ်ဆိုရင် မဲပေးပိုင်ခွင့်ရှိတယ်။ မဲပေးပိုင်ခွင့်ရှိတာနဲ့ အမျှ ကျမရဲ့ အယူအဆကတော့ တာဝန်လည်းရှိတယ်။ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်နိုင်ငံအတွက် တာဝန်ယူချင်တဲ့ စိတ်ဟာ လူတိုင်း၊ လူတိုင်းမှာရှိရမယ်။ ကိုယ်ကြိုက်သလိုမဲပေးရမယ်” ဟု ပြောဆိုသည်။
မဲမပေးဘဲ စနစ်ကို မကြိုက်ဟု ပြောဆိုနေခြင်းသည် တာဝန်မဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းက မှတ်ချက်ပေးသည်။
မဲပေးခြင်းသည် ၅ နှစ်အကြာတွင် ၁ ရက်သာကြုံရသည့် နိုင်ငံသားတာဝန်ထမ်းဆောင်ရခြင်းဖြစ်ပြီး နိုင်ငံသူ၊ နိုင်ငံသားအများစုကလည်း အဆိုပါတာဝန်ကို ထမ်းဆောင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုသည်။
နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်ရရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး့နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့က ဝိုင်းဝန်း ကူညီပေးရမည်ဟုလည်း ၎င်းက ပြောသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကမူ Facebook လူမှုကွန်ရက်တွင် မဲမပေး (No Vote) ဟု စည်းရုံးပြောဆို မှုများရှိနေရာ ယင်းစည်းရုံးမှုများကြောင့် ရွေးကောက်ပွဲတွင် လူအများမဲမပေးမည်ကို စိုးရိမ်သဖြင့် နိုင်ငံသားတိုင်း မဲပေးရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။
ဦးရဲထွန်း က “No Vote ကို လှုံ့ဆော်တဲ့သူတွေက ခြုံပြောရင် အရင်က NLD ကို မဲပေးခဲ့တဲ့သူတွေဖြစ်နေတယ်။ အဲဒီတော့ အဲဒီကမ်ပိန်းက အဲဒီလိုလှုံ့ဆော်တဲ့သူတွေများလာ ရင် ထိခိုက်မှာက NLD လေ။ ဒါကြောင့်မို့ NLD က ဆန့်ကျင်နေတာပေါ့။ အဲဒါကို ဒေါ်စုက စိုးရိမ်ပြီး ပြောတာဖြစ်မှာပေါ့” ဟု မှတ်ချက်ပေးသည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဟောင်း တဦးဖြစ်သူ ဦးမြအေးကလည်း နိုင်ငံသားတိုင်း မဲပေးသင့်ပြီး ၎င်းအနေနှင့်လည်း ရွေးကောက်ပွဲတွင် မဲပေးမည်ဟု ပြောသည်။
လာမည့် ရွေးကောက်ပွဲတွင် ဒီမိုကရေစီ လိုလားသော နိုင်ငံရေးပါတီများသည် လွှတ်တော်ကိုယ်စားလှယ်နေရာ ၇၅ ရာခိုင်နှုန်းအတွက်သာ ယှဉ်ပြိုင်ခွင့်ရသည့် အခြေအနေဖြစ်ရာ ရွေးကောက်ပွဲတွင် မဲမပေးဘဲနေပါက ဒီမိုကရေစီလိုလားသော နိုင်ငံရေးပါတီများအတွက် ရမည့်မဲများ လျော့ကျသွားနိုင်သည်ဟု ၎င်းက သတိပေးသည်။
ဦးမြအေး က “၂၅ ကတော့ ၂၅ အတိုင်းသွားမှာပဲ။ တချို့တွေက သူတို့ တည်ဆောက်ထားပြီးသား ပရိတ်သတ်က အခိုင်အမာရှိထားပြီးသား။ ကိုယ့်ဆီက မဲမပေးတဲ့လူက ကိုယ့်ထဲကပဲ ပဲ့သွားမှာ။ ဒါကိုတော့ မြင်တတ်ဖို့လိုလိမ့်မယ်။ ငါတို့ကတော့ကွာ ဘယ်ကောင်မှ မကြိုက်လို့ မဲမပေးဘူးဆိုရင် ကိုယ်မကြိုက်တဲ့ ဟာထက် ပိုဆိုးတဲ့အခြေအနေ တရပ်ရောက်သွားရင် ဘယ့်နှယ်လုပ်မတုန်း” ဟု ထောက်ပြဝေဖန်သည်။
No Vote ဟု ကြွေးကြော်ကာ ပြောဆိုစည်းရုံးမှုများသည် ဇူလိုင်လ တတိယပတ်တွင် Facebook လှုမှုကွန်ရက်၌ ထင်ထင် ရှားရှား စတွေ့လာရသည်။
ရွေးကောက်ပွဲဖြင့် တက်လာသော အစိုးရသည် မဲဆန္ဒရှင်များ၏ ဆန္ဒကို မဖြည့်ဆည်းနိုင်သဖြင့် ရွေးကောက်ပွဲကို မယုံ ကြည်ဟု အကြောင်းပြကာ မဲမပေးဟု ဆိုသူများက ၎င်းတို့၏ ကိုယ်ပိုင် အကောင့်များမှတဆင့် ရွေးကောက်ပွဲ၌ မဲမပေးဟု ပြောဆို စည်းရုံးလာကြခြင်း ဖြစ်သည်။
မဲမပေးဟု အသံများကျယ်လောင်လာပြီးနောက် ရက်ပေါင်း ၂၀ အကြာတွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံသားတိုင်းမဲပေးရန် တိုက်တွန်းပြောကြားလာခြင်းဖြစ်သည်။
ရွေးကောက်ပွဲတွင်နိုင်ငံသားတိုင်း မဲပေးမှသာ ရွေးကောက်ပွဲ၏ တရားဝင်မှု မြင့်တက်လာမည်ဖြစ်သဖြင့် နိုင်ငံသားတိုင်းမဲပေးသင့်ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများက ပြောဆိုကြသည်လည်းရှိသည်။
၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည် ဖြစ်ပြီး ရွေးကောက်ပွဲတွင် မဲပေးနိုင်သူဦးရေ ၃၇ သန်းကျော် ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိဟောင်း ဒေါက်တာတင်မာအောင် ရွေးကောက်ပွဲ ဝင်မည်
ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်ရ NLD ပါတီ ကိုယ်စားလှယ်လောင်း ၁၂ ဦး လဲလှယ်ခံရ