တရားလွှတ်တော် ရှေ့နေများကောင်စီ(ဘားကောင်စီ)ကို ၁၉၈၈ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည် ရွေးကောက် တင်မြှောက်ရာ ရွေးချယ်ခံ ရှေ့နေ ၁၁ ဦးအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ၄ ဦး ပါဝင် ကြောင်း ရွေးကောက်တင်မြောက်ခံရသည့် တရားလွှတ်တော်ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။
ဘားကောင်စီတွင် ပါဝင်မည့် အဖွဲ့ဝင်များ ရွေးချယ်ပွဲကို ဇူလိုင် ၂ ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၄ ရက်နေ့တွင် ရလဒ်များကို ကြေညာခဲ့ခြင်းဖြစ်သည်။
NLD ပါတီ ဥပဒေအထောက်အကူပြုအဖွဲ့မှ ဦးဉာဏ်ဝင်း၊ ဦးကျော်ဟိုး၊ ဦးသက်ဆွေနှင့် ဦးအောင်ကျော်မင်းတို့ ဘားကောင်စီအဖွဲ့ဝင်များအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး၊ အခြားသူ ၇ ဦးမှာ ဦးမြသိန်း၊ ဦးနေလ၊ ဦးသိန်းသန်းဦး၊ ဒေါ်ခင်နုသာ၊ ဦးခင်မောင်သန်း၊ ဦးစိန်ဝင်းချမ်းနှင့် ဦးခင်မောင်ဇော် တို့ ဖြစ်ကြသည်။
ဦးဉာဏ်ဝင်းက “ရှေ့နေရှေ့ရပ်တွေရဲ့ ကိစ္စတွေကို ရှေ့နေရှေ့ရပ်တွေကပဲ စိစစ်ဆုံးဖြတ်တာကိုပဲ မျှော်လင့်တယ်၊ ဒါက အဓိကပါပဲ။ ဥပဒေနဲ့ အသက်မွေးတဲ့သူတွေရဲ့ အကျိုးစီးပွားစတဲ့ လုပ်စရာတွေကတော့ အများကြီးပါပဲ။ ရှေ့နေတွေရဲ့ အကျိုးစီးပွားနဲ့ ပတ်သက်ရင် ဘားကောင်စီကပဲ ဦးစီးဆောင်ရွက်ရတာပေါ့၊ ရွေးချယ်မခံရတဲ့ ခန့်ထား တဲ့ပုဂ္ဂိုလ်များက ဆောင်ရွက်တာကတော့ Undemocratic လို့ပဲ မြင်ပါတယ်”ဟု ပြောသည်။
ဗစ်တိုးရီးယားအမှုတွင် စွပ်စွဲခံရသူ ကိုအောင်ကြီး၏ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခဲ့သူ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်လည်း ဘားကောင်စီအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရသည်၊ ၎င်းက စစ်အစိုးရလက်ထက် နိုင်ငံရေးတွင် ပါဝင်လှုပ်ရှားသဖြင့် ရှေ့နေလိုင်စင် ရုပ်သိမ်းခံရသူများ အရေးနှင့် ပတ်သက်ပြီး ဦးစားပေးဆောင်ရွက်မှာ ဖြစ်သလို၊ ပြည်သူများအတွက်လည်း အခမဲ့ ရှေ့နေလိုက်ပေးမည့် အစီအစဉ်တခုကိုလည်း ကြိုးပမ်းသွားမည်ဟု ဧရာဝတီသို့ ပြောသည်။
ဦးခင်မောင်ဇော်က “ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေအတွက် အခမဲ့ရှေ့နေလိုက် ဆောင်ရွက်ပေးဖို့ပေါ့၊ အဲဒါကို ရှေ့နေတွေရဲ့ ကျင့်ဝတ်တခုအနေနဲ့ မဖြစ်မနေ လုပ်ရမယ့်ဟာပေါ့၊ ဥပမာ ရှေ့နေတယောက်က တနှစ်မှာ ဘယ်နှစ်မှုကိုတော့ အခမဲ့ လိုက်ပေးရမယ်ဆိုတဲ့ အချက်ကို ကျင့်ဝတ်ပိုင်းမှာ ထည့်သွင်း ပြဋ္ဌာန်းနိုင်ဖို့လည်း ရည်မှန်းထားတာပေါ့၊ အဆင့်ကတော့ အများကြီး ညှိနှိုင်း ကြိုးပမ်းရဦးမှာပေါ့” ဟု ပြောသည်။
ရွေးကောက်တင်မြောက်ခံရသည့် အဖွဲ့ဝင်အနေဖြင့်လည်း ပါလီမန်ဒီမိုကရေစီခေတ်က ဖွဲ့စည်းတည်ရှိခဲ့သည့် တရားရေး ဝန်ကြီးဌာနတခု ပြန်လည်ဖွဲ့စည်းနိုင်ရေးအတွက်လည်း လွှတ်တော်နှစ်ရပ်သို့တင်ပြကာ ပူးပေါင်းကြိုးပမ်းသွားရန် ရည်မှန်း ထားကြောင်းလည်း သူကဆက်ပြောသည်။
ယင်းအပြင် ဘားကောင်စီအနေဖြင့် ရှေ့နေများ၏ အကျိုးစီးပွားနှင့် လွတ်လပ်ခွင့်များကို ကာကွယ်ရေးနှင့် ကျင့်ဝတ် သိက္ခာပိုင်း ထိန်းကျောင်းရမည့်အပြင် လူငယ်ရှေ့နေများ အရည်အချင်း မြှင့်တင်ရေးများကိုလည်း ဆောင်ရွက် ရမည်ဖြစ်ကြောင်း ရွေးကောက်ခံရသူတဦးဖြစ်သည့် ဦးနေလကလည်း ဆိုသည်။
“ အခုလက်ရှိ ဘားကောင်စီအက်ဥပဒေဆိုတာကို အများစုက ရှေ့နေတွေကို ဖိနှိပ်တဲ့ဥပဒေလို မြင်ကြတယ်။ လိုင်စင်တွေ ရုပ်သိမ်းမယ်၊ ထုတ်ပယ်မယ်။ ၈၈ နောက်ပိုင်းမှာ ရှေ့နေရွေးကောက်ပွဲတွေ အားလုံး မလုပ်ပေးဘဲ ဆွဲခန့် တွေနဲ့ ဆောင် ရွက်ခဲ့ကြတယ်။ ကောင်စီဝင်အနေနဲ့ ရည်ရွယ်ချက် ၂ ခုရှိတယ်။ ရှေ့နေတွေ အားလုံးကို အကာအကွယ် ပေးဖို့နဲ့ လူငယ် ရှေ့နေတွေကို တိုးတက်အောင် ဆောင်ရွက်ဖို့၊ အရည်အချင်းမြှင့်တင်ပေးဖို့ ဖြစ်အောင် လုပ်မှာပဲ”ဟု ပြောသည်။
လက်ရှိ ဘားကောင်စီအက်ဥပဒေအရ အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းရမည်ဖြစ်ပြီး ဥက္ကဋ္ဌ အဖြစ် ပြည်ထောင်စုရှေ့နေချုပ်က ဦးဆောင်ကာ ဒုတိယရှေ့နေချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ရွေးချယ်ခန့်အပ်သူ ၂ ဦးတို့မှာ အဖွဲ့ဝင်အဖြစ် ပါဝင်မည်ဖြစ်သည်။
ဘားကောင်စီ၏ ဒုတိယဥက္ကဋ္ဌ တဦးနှင့် အတွင်းရေးမှူးတို့ကိုမူ ရွေးကောက်ပွဲဖြင့် တင်မြှောက်ခံရသည့် တရား လွှတ်တော် ရှေ့နေ ၁၁ ဦးထဲမှ ရွေးချယ်ခန့်အပ်ရမည်ဖြစ်သည်။
ဘားကောင်စီအက်ဥပဒေအား ၁၉၂၉ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့တွင် စတင်ပြဌာန်းခဲ့ပြီး၊ စစ်အစိုးရလက်ထက် ၁၉၈၉ ခုနှစ်တွင် ဥပဒေပါ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ပုဒ်မ ၄ အား ဖြုတ်ကာ ပယ်ခဲ့ပြီး ရှေ့နေချုပ်နှင့် တရားသူကြီး ချုပ်တို့က ရွေးချယ်သူများနှင့်သာ စိတ်ကြိုက်ခန့်အပ်ခဲ့ကြောင်း ရှေ့နေများက ပြောသည်။
ယင်းသို့ဆောင်ရွက်ခြင်းသည် ၁၉၈၈ ခုနှစ် အရေးတော်ပုံကာလအတွင်း စစ်အစိုးရ၏ ပြည်သူများအပေါ် ပြုကျင့်မှု များနှင့်ပတ်သက်၍ ဘားကောင်စီအဖွဲ့ဝင်များက ကြေညာစာတမ်းထုတ်ပြန်ကာ ကန့်ကွက်ဆန္ဒထုတ်ဖော်မှု ပြုလုပ် ခဲ့ကြခြင်းကြောင့် ရွေးကောက်ခံများအား ပယ်ထုတ်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း ၎င်းတို့က သုံးသပ် ပြောကြားသည်။
လက်ရှိ အာဏာရပါတီ NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင် စစ်အစိုးရ ဖြုတ်ပယ်ခဲ့သည့် ပြဌာန်းချက်အား ဥပဒေအတွင်း ပြန်လည်ထည့်သွင်း ပြင်ဆင်ခဲ့ပြီး နှစ်ပေါင်း ၃၀ တိုင် မကျင်းပခဲ့သည့် ဘားကောင်စီ ရွေးကောက်ပွဲကို လွတ်လပ်သည့် အရပ်ဘက်ရှေ့နေများ ပါဝင်နိုင်စေရန် ပြန်လည် ကျင်းပခဲ့ခြင်းဖြစ်သည်။
You may also like these stories:
ကိုဗစ်ကာလတွင် အပစ်ရပ် တိုင်းရင်းသား ၈ ဖွဲ့ အစိုးရ၏ ထောက်ပံ့ကြေး ရရှိ
သမ္မတနှင့် အတိုင်ပင်ခံတို့ ရွေးကောက်ပွဲ ရန်ကုန်တွင် သွားရောက်ယှဉ်ပြိုင်မည်