တပ်မတော်နှင့် ရက္ခိုင့် စစ်တပ် (AA) တို့ တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ စစ်ဘေးသင့် ပြည်သူများ အနေဖြင့် မဲပေးခွင့်ဆုံးရှုံးနိုင်သည့် အလားအလာရှိနေသည်ဟု ရခိုင်ပြည်နယ်ရှိ စစ်ရှောင်များ အရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ပြောနေကြသည်။
ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်ဒုက္ခသည်များအရေး ဆောင်ရွက်ပေးနေသည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်း အရုံး၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက “ပြည်သူလူထုမှာလည်း မနှစ်ကနဲ့စာရင် စစ်ဘေးဒုက္ခသည်တွေ အရမ်းများ လာတော့ သူတို့ရပ်တည်နိုင်ရေးက အရမ်းခက်ခဲလာတယ်။ စားဝတ်နေရေး လုပ်နေရတဲ့အတွက် သူတို့ မဲစာရင်းဘက်ကို အာရုံမရောက်နေတာလည်း ရှိတယ်။ သူတို့အတွက် အရေးကြီးတဲ့ ကိစ္စလို့ မယူဆဘူး။ အဲဒီတော့ သူတို့အတွက် မဲပေး နိုင်ဖို့ အခွင့်အလမ်းကတော့ တော်တော်လေး နည်းမယ်လို့ ယူဆပါတယ်။ အစိုးရ အသိအမှတ်မပြုလို့ မဲပေးနိုင်ခွင့် မရှိတဲ့သူတွေက ထောင်ဂဏန်းလောက် ရှိတယ်လို့ ကျနော် သုံးသပ်ပါတယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် တိုက်ပွဲများကြောင့် ထွက်ပြေး ခိုလှုံနေရသော စစ်ဘေးရှောင် အရေအတွက် ၂ သိန်းနီးပါး ရှိနေပြီး ဒုက္ခသည် စခန်းပေါင်း ၁၅၀ ခန့် ရှိနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စု အစည်းအရုံး(REC)၏ စာရင်းများ အရ သိရသည်။
စစ်ဘေးသင့်မြို့နယ်များဖြစ်သည့် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ဘူးသီး တောင်နှင့် အမ်းမြို့နယ်ရှိ ကျေးရွာ အုပ်စု ပေါင်း ၁၅ ခုတွင်လည်း အခြေအနေ အမျိုးမျိုးကြောင့် မဲစာရင်းများ မကပ်နိုင်သေးသော်လည်း သက်ဆိုင်ရာ မြို့နယ် ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားမည်ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ) က ပြောဆိုထားရာ စစ်ဘေးရှောင်များအနေဖြင့် ထိုနေရာများအထိ သွားရောက်ကာ မဲစာရင်း မှန်၊ မမှန် ကြည့်ရှု့နိုင်ရန်မှာ မဖြစ်နိုင်သည့် အခြေအနေ ဖြစ်နေကြောင်း အရပ်ဘက် အဖွဲ့အစည်းများက ပြောကြသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္ကသိုလ်ကျောင်းသား/သူများအဖွဲ့မှ ဥက္ကဋ္ဌ ဆလိုင်းထွန်းလှကျော်က “စစ်ရှောင်တွေ အနေ နဲ့ ရွေးကောက်ပွဲကိုလည်း သိပ်စိတ်မဝင်စားကြတာကို တွေ့ပါတယ်။ ဘယ်မှာ သွားကြည့်ရမယ် ဆိုတာတောင် ခုထိ သူတို့ မသိကြသေးဘူး။ ဒီအနေအထားတိုင်းသာ ဆက်သွားနေမယ်ဆိုရင် မဲပေးနိုင်ဖို့ အခွင့်အရေး လုံးဝဆုံးရှုံးနိုင်မယ့် အလား အလာ ရှိပါတယ်။ စစ်ဘေးသင့် ဒေသတွေတောင်မှ မဲပေးနိုင်ဖို့အတွက် စိုးရိမ်စရာပါ”ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်ပြီး ၎င်းက “ဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲက အခြေခံ ကျတယ်လို့ မြင်ပါတယ်။ ပြည်သူတွေ ကိုယ်တိုင် ရွေးကောက်ပွဲကနေ တဆင့် ကိုယ်မကြိုက်တဲ့ အစိုးရကို ဖြုတ်ချပြီး ကိုယ်ကြိုက်တဲ့ အစိုးရကို ပြန်လည် တင်မြှောက်လို့ ရပါ တယ်။ တနည်းအားဖြင့်ဆိုရင် အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ ကိုယ်လိုချင်တဲ့ အပြောင်းအလဲကို လုပ်ယူလို့ ရတယ်လို့ မြင် ပါတယ်။ ဒါကြောင့် မဲပေးခြင်း စိတ်မဝင်စားရင်တော့ ဒီမိုကရေစီ စနစ် အားနည်းသွားပါလိမ့်မယ်”ဟု သုံးသပ်သည်။
ထို့ကြောင့် ပြည်သူတွေ မဲပေးခြင်း စိတ်ဝင်စားခြင်းမရှိပါက နိုင်ငံအတွက် ကောင်းကျိုးမရှိဘဲ ဆိုးကျိုးဖြင့်သာ ရင်ဆိုင်ရနိုင်ဖွယ် ရှိသည်ဟု ၎င်းက မှတ်ချက်ပြုသည်။
အမ်းမြို့နယ်မှ စစ်ရှောင်နေရသည့် ရှမ်းကုန်းဒေသခံ ဦးထွန်းသာကလည်း စားသောက်နေထိုင်နိုင်ရေး ရုန်းကန်နေရသဖြင့် မဲစာရင်းကပ်ထားသည်ကိုပင် မသိရှိကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ တွင် မဲထည့်ခဲ့သော်လည်း ယခုကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မည်သည့်သတင်းအချက်အလက်ကိုမှ မသိသလို မဲပေးရန် အစီအစဉ်လည်းမရှိကြောင်း ပြောသည်။
စစ်ရှောင်များ၏ မဲပေးခွင့် မဆုံးရှုံးစေရန် ရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် အလေးထား ဖြည့်ဆည်းပေးသင့်ကြောင်း မြောက်ဦးမြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။
ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က “စစ်ရှောင်တွေမဲပေးဖို့ အတွက် စီစဉ် ထားတာ ရှိပါတယ်။ ရွေးကောက်ပွဲ နီးလာရင် အခြေအနေက ဒီကြားထဲမှာ တမျိုးပြောင်းနိုင်တယ်လေ။ အဲဒီကျရင် သူတို့မဲပေးခွင့် ရအောင် တမျိုးစီစဉ်မှာပေါ့”ဟု ပြောသည်။
အဆိုပါ အစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် မေးမြန်းသော်လည်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ဖြေကြားခြင်း မရှိပါ။
ရခိုင်ပြည်နယ်တွင် မဲရုံပေါင်း ၂၅၀၀ ကျော်ရှိပြီး မဲပေးပိုင်ခွင့်ရှိသူ လူဦးရေ ၁၆ သိန်းကျော် ရှိကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူများ၏ မဲစာရင်းများကို ပထမအကြိမ်အဖြစ် ဇူလိုင်လ ၂၅ ရက်မှ သြဂုတ်လ ၇ ရက်အထိ ထုတ်ပြန်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ကြေညာ ထားသည်။
ဆက်စပ်လင့်
လုံခြုံရေးအခြေအနေကြောင့် ပလက်ဝရှိ ရွာ ၇၀ ကျော် မဲစာရင်းမကပ်နိုင်
NLD၊ ညွန့်ပေါင်းဂယက်နဲ့ No vote
ရခိုင်ပြည်နယ် ခရိုင် ၂ ခုတွင် ALD ပါတီ ရွေးကောက်ပွဲ ဝင်ရန် မသေချာ