သတင်း

တရားမဝင် တရုတ်နိုင်ငံသားများကိစ္စ စီမံချက်ဖြင့် လုပ်ဆောင်ရန် မရှိဟု မန်းတိုင်းဝန်ကြီးပြော

မန္တလေးတိုင်းအတွင်း အထောက်အထားမဲ့ တရုတ်နိုင်ငံသားများ ဝင်ရောက်လာမှု ပိုများလာသော်လည်း စီမံချက်ဖြင့် ထိန်းချုပ်သွားရန် လတ်တလော အစီအစဉ် မရှိသေးကြောင်း တိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဦးအောင်ကြည်က ပြောသည်။

တရားမဝင် တရုတ်နိုင်ငံသားများ မန္တလေးတိုင်းအတွင်း ဖမ်းမိခြင်းနှင့် ပတ်သက်၍ ဧရာဝတီက တိုင်းဒေသကြီးဝန်ကြီး ဦးအောင်ကြည်အား ယနေ့ မေးမြန်းရာ ၎င်းက “ခုနောက်ပိုင်းမှ ဒီလို ခိုးဝင်လာတဲ့ကေ့စ်တွေ များလာတာဆိုတော့ စဉ်းစားစရာပေါ့။ ပြီးတော့ နယ်စပ်တလျှောက်မှာ လည်း ယိုပေါက်တွေက အများကြီးရှိနေတော့ ဘယ်သူက ဘယ်လို ပုံစံ ဝင်လာတယ် ဆိုတာ ပြောရခက်တယ်လေ။ အခုလည်း ကြပ်မတ်ပြီး ဖမ်းတာမျိုး၊ သတင်းရလို့ စစ်တာမျိုးလည်း လုပ်နေတာဆိုတော့ စီမံချက်အနေနဲ့ ဆောင်ရွက် ဖို့တော့ လောလောဆယ် အစီအစဉ် မရှိသေးပါဘူး” ဟု ရှင်းပြသည်။

ထိုသို့ အထောက်အထားမဲ့ ဝင်လာသော တရုတ်နိုင်ငံသားများအား စစ်ဆေးရန် သက်ဆိုင်ရာခရိုင်၊ မြို့နယ် အဆင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးဦးစီးဌာန၊ နယ်မြေခံရဲနှင့် ရပ်ကျေးအဖွဲ့တို့အား နယ်စပ်လမ်းကြောင်း ဖြစ် သော မူဆယ်မှတဆင့် တိုင်းအတွင်း ဝင်လာနိုင်သော ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းအကြားရှိ စစ်ဆေးရေး ဂိတ် ၃ ခုတွင် အထိုင် စစ်ဆေးလျက်ရှိသလို သတင်းအရ လိုအပ်ပါက ရှောင်တခင်စစ်ဆေးမှုများလည်း ဆောင် ရွက် နေသည်ဟု ဆိုသည်။

ဇူလိုင် ၂၄ ရက်က ပြင်ဦးလွင်မြို့ ရေငယ်ကျေးရွာအနီးရှိ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်အနီးတွင် ကား ၁ စီးအား မသင်္ကာ၍ စစ်ဆေးကြည့်ရာ အထောက်အထားမဲ့ ဝင်လာသော တရုတ်နိုင်ငံသား ၁၅ ဦး ဖမ်းဆီးရမိခဲ့ပြီး ထိုအရေ အတွက်သည် ပြီးခဲ့သည့် ၃ လအတွင်း အများဆုံး ဖမ်းဆီးရမိခြင်း ဖြစ်သည်။

ပြင်ဦးလွင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးအောင်မင်းက အဆိုပါ တရားမဝင်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများ အရေးနှင့် ပတ်သက်၍ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအချင်းချင်း ပိုမိုညှိနှိုင်း ဆောင်ရွက်ရန် လိုကြောင်း၊ မြို့နယ်တိုင်းတွင် အသေအချာ ထိန်းချုပ် လုပ်ဆောင်ရန် လိုသလို ပြည်သူများ အနေဖြင့်လည်း သတင်း ပေး တိုင်ကြားမှု လုပ်ဆောင်ပါက ယင်းပြဿနာ လျော့နည်းသွားမည်ဖြစ်ကြောင်း သုံးသပ်သည်။

“မန္တလေးက မဟာဗျူဟာ လမ်းကြောင်း ပေါ်မှာ ရှိနေတော့ ဒီလိုပုံစံမျိုးစုံနဲ့ ဝင်နေတဲ့သူတွေက ရှိနေနိုင်တယ်။ ဒါပေမယ့် ဝင်လာရာ လမ်းကြောင်း အစမှာ မမိ ဘဲ မန္တလေးတိုင်းထဲကျမှ မိတယ်ဆိုတော့ ပြည်သူဘက်က အစိုးရရဲ့ တရား ဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး ယန္တရား ပေါ့လျော့တယ်လို့ မြင်စေနိုင်တယ်”၎င်းကဆိုသည်။

ပြီးခဲ့သည့်ဇွန်နှင့် ဇူလိုင်လအတွင်း မန္တလေးတိုင်းအတွင်း နိုင်ငံကူးလက်မှတ်ပါသော်လည်း ပြည်ဝင်ခွင့်ဗီဇာ မပါသူ တရုတ်နိုင်ငံသား ၂ ဦး အပါအဝင် အထောက်အထားမဲ့ ဝင်ရောက်ခဲ့သော တရုတ် နိုင်ငံသားစုစုပေါင်း ၄၁ ဦးကို ဖမ်းဆီးမိခဲ့ပြီး အမှုအရေအတွက်အားဖြင့် ၈ မှုဖြစ်ကြောင်း တိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဌာန၏ စာရင်းများအရ သိရသည်။

၎င်းတို့အား မန္တလေးတိုင်း ပြင်ဦးလွင်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃ (၁)၊ ၁၃ (၅) တို့ဖြင့် တရားစွဲဆို အမှုဖွင့်ထားသည်။

ခိုးဝင်တရုတ်နိုင်ငံသားများအနက် ၅ ဦး အား ဒဏ်ငွေ ၅ သိန်း ဒဏ်တပ်၍ ပြည်နှင်ဒဏ်ပေးခြင်း၊ ၄ ဦးအား ထောင်ဒဏ် ၆ လချမှတ်ခြင်းနှင့် ကျန်ရှိသူများသည် လက်ရှိတွင် တရားစွဲဆိုထားဆဲ အဆင့်ဖြစ်ကြောင်း သိရသည်။

တရုတ်အစိုးရက မြန်မာနိုင်ငံတွင် ကိုဗစ်၁၉ ပိုးတွေ့လူနာတွေ့ရှိခဲ့သည့် ဧပြီ ၅ ရက် နောက်ပိုင်းမှ စတင်၍ တရုတ် နိုင်ငံအတွင်းသို့ နယ်စပ်ဝင်ပေါက်များမှ လူအဝင်အထွက် ပြုလုပ်ခွင့်ကို ယနေ့အထိ ပိတ်ထားဆဲ ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် COVID-19 ကူးစက် ကာကွယ်ထိန်းချုပ်ရေးအတွက် ကန့်သတ်ချက်များအား ဇူလိုင် ၃၁ ရက်နေ့ အထိ သတ်မှတ်ထားပြီး တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်လာသူများနှင့် ၎င်းတို့အား ကူညီလက်ခံ ဖုံးကွယ်ထား သူ များအား ဥပဒေအရ တင်းကြပ်စွာ အရေးယူမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်း စုကြည် ကိုယ်တိုင် ၎င်း၏ ဖေ့စ်ဘုတ် စာမျက်နှာကတဆင့် ဇွန် ၁၃ ရက်နေ့က သတိပေးပြောကြားထားသည်။

You may also like these stories:

တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများ ဆက်တိုက်ဖမ်းမိ

Loading