လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကလေးများ အရေး ဦးစားပေး ထည့်သွင်း စဉ်းစားပေးရန် တိုက်တွန်း နှိုးဆော်သည့် “ ကလေးများအတွက် မဲပေးပါ”ဟူသော အွန်လိုင်းလှုပ်ရှားမှု စတင်ပြီဖြစ်ကြောင်း NGO Child Rights Working Group (NCRWG) က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။
လှုပ်ရှားမှု ရည်ရွယ်ချက်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မူဝါဒ ဆုံးဖြတ်ချက်ချသူများ အနေဖြင့် နိုင်ငံအတွက် ပြု ပြင် ပြောင်းလဲရေးများ ဖော်ဆောင်ရာ၌ ကလေးများအရေး ထည့်သွင်းစဉ်းစားပေးပြီး ကလေးများ၏ ပညာရေး၊ ကျန်း မာရေးနှင့် ကာကွယ်စောင့်ရှောက်မှု ရရှိရေးတို့အတွက် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်ပေးရန် တိုက်တွန်းလိုခြင်း ဖြစ်ကြောင်း သိရသည်။
NCRWG အဖွဲ့ဝင် ဦးပီတာမုံနိုးက “ကလေးများရဲ့ အသံကို နားထောင်ပေးပါ။ ကလေးတွေကရော ဘာကိုပြောချင်လဲ။ သူတို့ဘက်က ဘယ်လိုမြင်နေလဲ ဆို တာ ရွေးကောက်ခံမယ့် ကိုယ်စားလှယ်များ၊ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ များက ဒီအသံလေးကို ကြားပြီးမှ ကလေးများအတွက် ထည့်သွင်းစဉ်းစားပေးမယ်ဆိုရင် ဒီရွေးကောက်ပွဲ အောင်နိုင်မှုသည် ကလေးများ ဖြစ်တယ်လို့ ကျနော် တို့ NCRWG အဖွဲ့က ယုံကြည်ပါတယ်” ဟု ဦးပီတာမုံနိုးက ပြောသည်။
အဆိုပါ အွန်လိုင်းလှုပ်ရှားမှုကို ၂၀၂၀ သြဂုတ်လမှ ဒီဇင်ဘာလအထိ ၅ လတာ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ကိုဗစ် ၁၉ ကပ်ရောဂါ ကာလဖြစ်၍ မြေပြင်လှုပ်ရှားမှုများ ပြုလုပ်နိုင်မည် မဟုတ်ဘဲ အွန်လိုင်း လှုပ်ရှားမှုသာ ပြုလုပ်နိုင်မည် ဖြစ် ကြောင်း၊ ကလေးများအတွက် မဲပေးရန် လှုံ့ဆော်သည့် သီချင်းများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် မဲဆန္ဒရှင် များအား တိုက်တွန်းနှိုးဆော်သည့် ကလေးများ၏ အသံများကို NCRWG ၏ တရားဝင် လူမှုကွန်ရက်စာ မျက်နှာ၌ ဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်၍ ပထမဆုံး မဲပေးခွင့်ရမည့် မောင်လွှမ်းမိုးအောင်ကလည်း “ကလေးတွေ ဆိုတာ နိုင်ငံတနိုင်ငံရဲ့ အနာဂတ် ဖြစ်တယ်။ ဒီလို အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ မရှိဘဲနဲ့ အနာဂတ် သာယာလှပဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး” ဟု ပြောသည်။
၎င်းအနေဖြင့်လည်း ပြည်သူ့အကျိုး၊ ကလေးသူငယ်အရေးကို ကြည့်သည့်၊ ကလေးများ ကြုံတွေ့နေရသည့် ပညာရေး၊ ကျန်းမာရေး၊ လုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲများကို ဖြေရှင်းပေးနိုင်သော မူဝါဒများ ချမှတ်ပေးမည့် အစိုးရ၊ လွှတ်တော် ကိုယ်စားလှယ်မျိုးကိုသာ လိုချင်ပြီး မဲပေးချင်သည်ဟု ဆိုသည်။
၂၀၂၀ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ ပထမဆုံးအကြိမ်အဖြစ် ဆန္ဒမဲပေးကြမည့် လူငယ်မဲဆန္ဒရှင် ဦးရေသည် ၅ သန်းခန့် ရှိရာ အဆိုပါလူငယ်များ၏ ဆန္ဒမဲလက်မှတ်များသည် ရွေးကောက်ပွဲတွင် တစုံတရာ အဆုံး အ ဖြတ်ပေးနိုင်သည့် အခြေအနေရှိကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများက သုံးသပ်ထားသည်။
နိုင်ငံတနိုင်ငံ၏ အနာဂတ်သည် ကလေးသူငယ်များ ဖြစ်သည်ဟု ထင်မြင်ယူဆကြသော်လည်း မဲပေးခွင့် မရှိသေးသည့် ကလေးများသည် ရွေးကောက်ပွဲကာလ၌ ဘေးဖယ် ချန်လှပ်ထား ခံရကြောင်း၊ ၎င်းတို့ ကြိုက်နှစ်သက်သည့် နိုင်ငံရေးပါတီ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ပိုင်ခွင့်မရှိသော်လည်း လွှတ်တော်အတွင်း ဆွေးနွေးဆုံးဖြတ်ချက်များ သည် ၎င်းတို့၏ ဘဝများအပေါ် သက်ရောက်နိုင်သည်ကို သတိပြုစေချင်ကြောင်း ဦးပီတာမုံနိုးက ရှင်းပြသည်။
NCRWG အဖွဲ့ဝင်လည်းဖြစ်၊ Equality Myanmar ၏ ဒါရိုက်တာလည်းဖြစ်သူ ဦးအောင်မျိုးမင်းကလည်း ရွေးကောက်ပွဲ ဟူသည် တိုင်းပြည်ကို အကျိုးပြုမည့် အစိုးရကောင်းတခုအား ရွေးချယ်တာဝန်ပေးသည့် ဒီမိုကရေစီ နည်း လမ်းဖြစ်ရာ လွတ်လပ်၊ သန့်ရှင်း၊ မျှတသည့် ရွေးကောက်ပွဲဖြစ်ရန် အရေးကြီးသကဲ့သို့ တဖက်၌လည်း ကလေးများအရေး ကို အလေးထားပေးသည့် အစိုးရကောင်းတရပ် ပေါ်ပေါက်လာရေး သတိပြုစေချင်ကြောင်း ထောက်ပြသည်။
“ကလေးတွေကို မဲပေးဖို့ အသိပေးပါ။ ဒါပေမယ့် လူငယ်တွေ၊ ကလေးတွေကို အလွဲသုံးစားလုပ်ပြီးတော့ ကိုယ့်ပါတီ အောင် နိုင်ရေး မဖြစ်အောင်တော့ သတိထားဖို့ လိုအပ်တယ်။ တချို့ကျတော့ မသိနားမလည်မှုကို မူတည်ပြီးတော့ ကိုယ့်ပါတီမဲရဖို့ အတွက် မှားယွင်းတဲ့ပုံစံနဲ့ လှုံ့ဆော်တာမျိုး မဖြစ်ဖို့ လိုအပ်ပါတယ်” ဟုလည်း ၎င်းက သတိပေး ပြောဆိုသည်။
ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်နှင့် ၂၀၁၉ တွင် အတည်ပြုခဲ့သော မြန်မာနိုင်ငံ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပြဌာန်းချက်များအရ ကလေးဆိုသည်မှာ အသက် ၁၈ နှစ်အောက် လူပုဂ္ဂိုလ်များဖြစ်သည် ဟု ဖော်ပြထားသည်။
NCRWG ၏ ဖော်ပြချက်အရ မြန်မာနိုင်ငံ လူဦးရေ၏ သုံးပုံတပုံခန့်သည် ကလေးသူငယ်များ ဖြစ်ကြပြီး အစိုးရ၏ ကျန်းမာ ရေးနှင့် ပညာရေး ကဲ့သို့သော အခြေခံဝန်ဆောင်မှုများကို အဓိက သုံးစွဲသူများဖြစ်ကြောင်း သိရသည်။
NCRWG အနေဖြင့် ကလေးများအတွက် မဲပေးရန် တိုက်တွန်းသည့် လှုပ်ရှားမှုကို ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မတိုင် ခင်ကလည်း ပြုလုပ်ခဲ့ပြီး ယခုလှုပ်ရှားမှုသည် ဒုတိယအကြိမ်မြောက်လည်း ဖြစ်ကြောင်း၊ ယခုနှစ် လှုပ်ရှားမှုတွင် ရွေး ကောက်ပွဲ မတိုင်မီ၊ အတွင်းနှင့် ရွေးကောက်ပွဲအလွန် ကာလများအထိ ဆက်လက်စောင့်ကြည့်ကာ ပူးပေါင်းဆောင်မှုများ၊ တိုက်တွန်းမှုများ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
သမ္မတရုံး စောင့်ကြည့်မှုအောက်က ဗစ်တိုရီးယား အမှု တရားမျှတမှု ရမလား