ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားနှင့် ဦးဝေထွန်း(နဝရတ်စတူဒီယို) တို့အား မူလစွဲချက်တင်ထားသည့် ပုဒ်မအား ပြောင်းလဲကာ အလုပ်နှင့်ထောင်ဒဏ် ၃ လ ကျခံရန် မရမ်းကုန်းမြို့နယ်တရားရုံးက ယနေ့ဩဂုတ် ၆ ရက်နေ့တွင် အမိန့်ချလိုက်သည်။
COVID-19 ပြည်တွင်းကူးစက်မှု အကြီးဆုံးကွန်ရက် ဖြစ်စေခဲ့သည့် အတွက် ၎င်းတို့ ၂ ဦးအား မူလက သဘာဝဘေး အန္တရာယ် ဖြစ်ပွားစေမှု ပုဒ်မ ၂၅ နှင့် စွဲချက်တင်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအမိန့်တွင် ဒေသန္တရ အမိန့်ချိုးဖောက်မှု ပုဒ်မ ၃၀(က)သို့ ယနေ့မှပင် ပုဒ်မပြောင်းလဲကာ အမိန့်ချမှတ်ခြင်းဖြစ်သည်။
မရမ်းကုန်းမြို့နယ် တရားသူကြီး(သတင်းနှင့်ပြန်ကြားရေးအရာရှိ) ဦးမိုးဆွေက “ ဦးဝေထွန်းနှင့်စောဒေးဗစ်လား တို့သည် မရမ်းကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဒေသန္တရအမိန့်ကို လိုက်နာရန် ပျက်ကွက်သဖြင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀(က)အရ အလုပ်နှင့်ထောင်ဒဏ် ၃ လစီကျခံစေရန်နှင့် ချုပ်ရက်များအား ထုတ်နှုတ်ခံစားခွင့်ပြုကြောင်း ဖြေကြားလိုပါတယ်” ဟု ပြောသည်။
ပုဒ်မပြောင်းလဲအမိန့်ချမှတ်ခဲ့ခြင်း အကြောင်းအရင်းနှင့် ပတ်သက်ပြီး တရားသူကြီး ဦးမိုးဆွေအား မီဒီယာများက မေးမြန်းခဲ့သော်လည်း မှတ်ချက်ပြု ဖြေကြားခြင်းမရှိခဲ့သလို မီဒီယာများအနေဖြင့် တရားခွင်သို့ တက်ရောက်နား ထောင်ခွင့်လည်း မရခဲ့ပေ။
မူလစွဲချက်တင်ထားသည့် ပုဒ်မ ၂၅ သည် ပြုလုပ်မှုတခုကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်စေပါက ထောင် ဒဏ် ၃ အထိချမှတ်နိုင်သည့် ပုဒ်မဖြစ်ပြီး ပြောင်းလဲချမှတ်သည့် ပုဒ်မ ၃၀(က)သည် ဒေသန္တရအမိန့်ချိုးဖောက်မှုကြောင့် ထောင်ဒဏ် ၁ နှစ်အထိ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။
“ကျနော်တို့လာဝန်းရံပေးတာပေါ့နော်၊ အပင်ပန်းခံပြီးတော့၊ ကိုယ့်သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်က အနည်းဆုံး ပြစ်ဒဏ် ကျတယ်ဆိုတော့ ဝမ်းသာတာပေါ့၊ တိုက်ရိုက်မလွှတ်လိုက်ပေမယ့် အနည်းဆုံးပြစ်ဒဏ်ပဲ ကျတယ်ဆိုတော့ ဝမ်းသာ ပါတယ်၊ ချုပ်ရက်လည်း ထုတ်နှုတ်ခံစားရမှာဆိုတော့ ရှေ့နေကြီးကို မေးကြည့်လိုက်တော့ ၂ ပတ်လောက် ပဲ နေရတော့ မှာပါ” ဟု တရားရုံးသို့ လာရောက်သူ ထပ်ဆင့်အကယ်ဒမီ ကြည်မင်းသိန်းက ပြောသည်။
၎င်းတို့ ၂ ဦးသည် ဒေသန္တရမိန့်ထုတ်ပြန်ထားသည့် ဧပြီလ ပထမပတ်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ ညီအကိုများ အသင်းတော်ဝန်းအတွင်းရှိ အခန်းတခုတွင် လူစုဖြင့် အင်တာနက်တွင် တိုက်ရိုက်လွှင့် (Live)ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းအောင်က တရားလိုလုပ်ကာ တရားစွဲခဲ့ခြင်းဖြစ်သည်။
ယင်းသို့လူစုဖြင့် လုပ်ဆောင်မှုကြောင့် ၎င်းတို့ကိုယ်တိုင် COVID-19 ရောဂါကူးစက်ခံခဲ့ရသည့်အပြင် မိသားစုဝင်များ အပါအဝင် လူဦးရေ ၇၀ ကျော်သို့ ကူးစက်ခဲ့ပြီး သေဆုံးသူအချို့လည်းရှိခဲ့ကြောင်း ကျန်းမားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
စောဒေးဗစ်လားသည် ကနေဒါနိုင်ငံသား တဦးဖြစ်ပြီး ၎င်းအား COVID-19 ရောဂါပျောက်ကင်း၍ သီးခြားကန့် သတ်ထားရှိကာ စောင့်ကြည့်ကာလ ပြီးဆုံးခဲ့သည့် မေလ ၂၀ ရက်နေ့တွင် ပထမဆုံးအကြိမ် ချုပ်ရမန်ရယူပြီး အင်းစိန်ထောင်အချုပ်မှ တရားရင်ဆိုင်စေခဲ့ခြင်းဖြစ်သည်။
ဆက်စပ်လင့်-
စောဒေးဗစ်လားအား စွဲချက်တင်၊ မတင် လာမည့် ရုံးချိန်း၌ ကြားနာမည်
စောဒေးဗစ်လားအား ၃ နှစ်အထိ ထောင်ဒဏ်ချနိုင်သည့်ပုဒ်မနှင့် စွဲချက်တင်