ထိုင်းနိုင်ငံမှာ Covid-19 ကြောင့် နိုင်ငံခြားခရီးသွား အဝင်အထွက် တင်းကြပ်နေချိန် ထိုင်း- အမေရိကန် အစိုးရတို့ သဘောတူညီချက်အရ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ အမေရိကန် စစ်သား ၁၀၀ကျော်ဟာ အထူးလေယာဉ်နဲ့ အူတာပေါင် လေတပ်စခန်းကို ပြီးခဲ့တဲ့ တနင်္လာနေ့က ရောက်လာခဲ့ပါတယ်။
ဒီစစ်သည်တွေဟာ ပစိဖိတ်သမုဒ္ဒရာက ဂူအမ်ကျွန်းနဲ့ ဂျပန်မှာ စခန်းချနေသူတွေ ဖြစ်ပြီး ထိုင်းတပ်မတော်နဲ့ စစ်ရေး ပူးတွဲ လေ့ကျင့်ဖို့ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနဲ့ အမေရိကန်အကြား နှစ်စဉ်ပြုလုပ်နေကျ ပူးတွဲစစ်ရေး လေ့ကျင့် မှုတွေဟာ ကိုဗစ်ကပ်ရောဂါပိုးကြောင့် ရွှေ့ဆိုင်းထားတာဖြစ်ပါတယ်။
ဒါပေမယ့် အခုလို ကန့်သတ်ထားတဲ့ကြားက အမေရိကန်စစ်သားတွေ ထိုင်းကို ဆိုက်ရောက်လာခဲ့တာဟာ အာရုံ စိုက်စရာ ဖြစ်သွားခဲ့ပြီး ရောက်ရှိလာတဲ့ အမေရိကန်စစ်သားတွေကို Quarantine သွင်းပြီးမှ သူတို့လုပ်ဆောင်မယ့် ပူးတွဲစစ်ရေး လေ့ကျင့်မှုကို ပြုလုပ်မှာဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေက ပြည်သူတွေကို ပြောကြားခဲ့ပါတယ်။
ထိုင်းဘုရင့်တပ်မတော်က အခုလို အမေရိကန်တပ်သားတွေ ရောက်ရှိလက်ခံခဲ့တာနဲ့ ပတ်သက်ပြီး ကိုဗစ်ရောဂါ တားဆီးရေး ကာကွယ်ရေးကို အထူးကြပ်မတ် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ကတိပြုပြောဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာ အမေရိကန်ရဲ့ မဟာနိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၄ မှာ ထိုင်းမှာ အာဏာသိမ်းမှုတွေ ဖြစ်ပြီး နောက်ပိုင်း ဆက်ဆံရေးမှာ အဖုအထစ်တွေ ရှိခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ နှစ်ဖက်စလုံးက ဆက်ဆံရေး ပြန်လည် ကောင်းမွန်အောင် ကြိုးစားခဲ့ပြီး စစ်ရေး ပူးတွဲလေ့ကျင့်မှုတွေကို ပြန်လည် တိုးမြှင့်လုပ်ဆောင်ခဲ့သလို အမေရိကန်က လက်နက်တွေကိုလည်း ထိုင်းကို ပြန်လည်ရောင်းချပေးခဲ့ပါတယ်။
ဆက်ဆံရေးဆိုးဝါးနေချိန်မှာ တရုတ်က ထိုင်းနဲ့နီးစပ်အောင် ကြိုးစားခဲ့ပြီး နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံက တရုတ်နိုင်ငံဆီက လက်နက်တွေ ဝယ်ယူခဲ့ပါတယ်။
ထိုင်းဟာ ၂၀၁၄ နောက်ပိုင်းမှာ တရုတ်ဆီကနေ အမေရိကန်ဒေါ်လာ ၁.၀၃ ဘီလီယံ တန်ဖိုးရှိတဲ့ လက်နက် ပစ္စည်းတွေဝယ်ဖို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ တရုတ်နိုင်ငံထုတ် တင့်ကား ၄၈ စီးအပြင် ဒီဇယ်နဲ့မောင်းနှင်တဲ့ ရေငုပ် သင်္ဘော ၃ စီး ဝယ်ယူဖို့လဲ သဘောတူခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ နှစ်စဉ် တပ်မတော်ရဲ့ ကာကွယ်ရေး အသုံးစရိတ်က အမေရိကန်ဒေါ်လာ ၇.၇ ဘီလီယံ တန်ဘိုးရှိပါတယ်။
၂၀၁၉ ခုနှစ်မှာ ထိုင်းအာဏသိမ်းအစိုးရက ကျင်းပပေးတဲ့ ရွေးကောက်ပွဲမှာ အာဏာသိမ်း ဗိုလ်ချုပ်ကြီးဟောင်း ဝန်ကြီးချုပ်ဟောင်း ပရာယွဒ် ပဲ ဝန်ကြီးချုပ် ပြန်ဖြစ်လာခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ခ်ပွန်ပီယိုက တော့ ထိုင်းဟာ “Democratic Fold” ကို ပြန်သွားနေပြီလို့ ှထိုင်းကို တရားဝင် ခရီးလာလည်ရင်း ချီးကျူး ပြောဆိုခဲ့ ပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး မာခ် အက်စပါလည်း မနှစ်က နိုဝင်ဘာလမှာ ဘန်ကောက်ကိုလာပြီး ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာ နဲ့ တွေ့ဆုံကာ သူ့ရဲ့မိတ်ဆွေဟောင်း မဟာမိတ်ထိုင်းအပေါ် ထားတဲ့ သူ့ရဲ့ တည်မြဲတဲ့ ဆက်ဆံ ရေးကို လေးလေး စားစား ဖော်ကျူးပြောဆိုခဲ့တယ်။
လက်ရှိ ထိုင်းနိုင်ငံက အမေရိကန်သံအမတ်ကြီး Michael George DeSombre ဟာ ၂၀၂၀ခု ဇူလိုင်လကုန်ပိုင်းမှာ ရွှေတြိဂံ နယ်စပ်ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ သူနဲ့အတူ ထိုင်း-အမေရိကန် အရာရှိတွေ လိုက်ပါခဲ့သလို U.S. Drug Enforcement Administration လို့ခေါ်တဲ့ DEA အဖွဲ့ဝင်တွေလည်း လိုက်ပါသွားခဲ့တာ တွေ့ရပါတယ်။ ထိုင်း-မြန်မာနဲ့ လောနိုင်ငံတို့ရဲ့ သုံးပွင့်ဆိုင် နာမည်ကြီး ရွှေတြိဂံနယ်မြေနဲ့ ထိုင်းရဲ့ မယ်ဆိုင်နယ်ခြားကို ထိုင်းသံအမတ် သွားရောက် လည်ပတ်ခဲ့တဲ့ ပုံတွေကိုလည်း ဘန်ကောက်မှာရှိတဲ့ အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနဲ့ အမေရိကန်အကြား မူးယစ်ဆေးဝါး နှိမ်နှင်းရေးမှာ ပူးတွဲဆောင်ရွက်မှုတွေ အရှိန်မြှင့်မယ့်သဘောလို့ ယူဆ လို့ရပါတယ်။
တချိန်တည်းမှာပဲ တရုတ်နိုင်ငံကလည်း မဲခေါင်မြစ်ကြောင်းတလျှောက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်ဟု ဆိုကာ မြန်မာ၊ ထိုင်း၊ လာအို တို့နဲ့ ပူးတွဲပြီး ကင်းလှည့်မှုတွေကို ဇူလိုင်လထဲမှာပဲ လုပ်ဆောင်ခဲ့ပါတယ်။
မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်းမှာ တောင်ပိုင်းမှာ မူးယစ်ဆေးဝါးနှိမ်နှင်းရေး ပြုလုပ်နေချိန်ဖြစ်သလို ပြည်သူ့စစ် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တွေဆီက လက်နက်နဲ့ မူးယစ်ဆေးဝါး အများအပြားကို ဖမ်းဆီ်းနေချိန်လည်း ဖြစ်ပါတယ်။
ထို့အပြင် တရုတ်ရဲ့ သြဇာလွမ်းမိုးမှု ဖြန့်ကျက်မှုဟာ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ပိုမိုပျံ့နှံ့ကြီးထွားလာ နေချိန်လည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံတွင်းကိုလည်း မြန်မာနိုင်ငံက မူးယစ်ဆေးဝါးတွေ ဝင်ရောက်နေဆဲ ဖြစ်ပါတယ်။ ထိုင်းတပ်မတော် မြောက်ပိုင်းက အမှတ် ၃ တပ်မတော်က အရာရှိတွေကတော့ မူးယစ်ဆေးဝါး အများစုဟာ မြန်မာနိုင်ငံက ပြည်သူ့စစ်တွေအပါအဝင် လက်နက်ကိုင် ဝတိုင်းရင်းသားတွေဆီကနေ ဝင်ရောက်နေခဲ့တာလို့ သတင်းတွေမှာ တရားဝင် ပြောကြားခဲ့ဖူးပါတယ်။
ဆက်စပ်ဖတ်ရှုရန်
ထိုင်းနိုင်ငံဟာ အမေရိကန်ရဲ့ မဟာမိတ်အဖြစ် ရပ်တည်နေဆဲလား