အာဆီယံ ၁၀ နိုင်ငံ အပါအဝင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျ၊ တောင်ကိုရီးယားနှင့် နယူးဇီလန်နိုင်ငံ တို့ကြား လွတ်လပ်စွာ ကုန်သွယ်နိုင်မည့် ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်တွင် မြန်မာနိုင်ငံ ပါဝင် လက်မှတ် ရေးထိုးသွားမည် ဖြစ်ကြောင်း သိရသည်။
ထိုဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်(Regional Comprehensive Economic Partnership – RCEP)တွင် မြန်မာ ပါဝင်လက်မှတ် ရေးထိုးနိုင်ရေး အတွက် ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်က ကျင်းပသော ဒုတိယ အကြိမ်မြောက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ လွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်သည်။
လာမည့်၂၀၂၀ နိုဝင်ဘာလတွင် ကျင်းပမည့် ၃၇ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးပွဲတွင် စာချုပ်ပါ အဖွဲ့ဝင် နိုင်ငံများ အတူတကွ လက်မှတ်ရေးထိုးသွားမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီး ဌာန (MIFER) ၏ ဒု ဝန်ကြီး ဦးဗရတ်ဆင်း က လွှတ်တော်၌ ပြောကြားခဲ့သည်။
ထိုအစည်းအဝေးပွဲတွင် ကုန်သွယ်ရေးဆိုင်ရာ ပြင်ဆင်ဆောင်ရွက်ရန် ကျန်ရှိနေသေးသည့် အိန္ဒိယနိုင်ငံမှလွဲ၍ ကျန်အဖွဲ့ဝင် ၁၅ နိုင်ငံက RCEP သဘောတူ စာချုပ်၌ လက်မှတ် ရေးထိုးသွားဖွယ် ရှိကြောင်း MIFER က ဆိုသည်။
RCEP သဘောတူ စာချုပ်တွင် ကုန်စည် ကုန်သွယ်ရေး၊ အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဝန်ဆောင်မှု ကုန် သွယ်ရေး၊ လူပုဂ္ဂိုလ်များ ရွှေ့ပြောင်းသွားလာရေး၊ ရင်းနှီးမြှုပ်နှံမှု စံချိန်စံညွှန်းနည်းပညာ လုပ်ထုံးလုပ်နည်း အရည်အသွေး ကိုက်ညီမှုဆိုင်ရာ အစီအစဉ်၊ ရွှေ့ပြောင်းလုပ်သား၊ အပင်နှင့် တိရစ္ဆာန်များ တင်ပို့ရာတွင် ပိုးမွှားကင်းစင်ရေး၊ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု၊ အသိဉာဏ်ပစ္စည်း ပိုင်ဆိုင်မှုဆိုင်ရာ သဘောတူညီမှု ပါဝင်သည်။
အဆိုပါ သဘောတူညီမှုများ အပြင် အီလက်ထရောနစ် ကူးသန်း ရောင်းဝယ်ရေး၊ အငြင်းပွားမှု ဖြေရှင်းရေးစနစ်နှင့် အစိုးရ ဝယ်ယူရေး အပါအဝင် နယ်ပယ် အသီးသီး စာချုပ်ဝင်နိုင်ငံများ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းများ၊ ဈေး ကွက် ဖွင့်လှစ်ပေးရန် ကမ်းလှမ်းထားသည့် ကုန်စည်၊ ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကတိကဝတ်များ၊ တာဝန်များ နှင့် ခံစားခွင့်များ ပါရှိကြောင်း သိရသည်။
ဒုဝန်ကြီး ဦးဗရတ်ဆင်း က “ကဏ္ဍစုံ လွှမ်းခြုံတဲ့ အဆင့်မြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စာချုပ်မှာ ပါဝင်ခွင့်ရမယ့် အပြင် သဘောတူစာချုပ်မှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေ ပါဝင်တဲ့အတွက် ကြီးမားတဲ့ ဈေးကွက်ကို ရရှိခြင်း၊ အရည်အသွေးမြင့် ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာနိုင်မယ့် အခွင့်အရေးတွေ ရှိနေပါတယ်” ဟု ဆိုသည်။
RCEP သဘောတူညီစာချုပ် အသက်ဝင်ပါက အဆိုပါ နိုင်ငံများမှ ကုန်စည်လိုင်းအားလုံးကို အကောက်အခွန် ၆၅ ရာခိုင် နှုန်း ကင်းလွတ်ခွင့် ပြုရမည် ဖြစ်ကာ မြန်မာ၊ ကမ္ဘောဒီယားနှင့် လာအိုနိုင်ငံတို့သည် ကုန်သွယ်မှု အထူးအခွင့်အရေး ရရှိထားပြီးဖြစ်သဖြင့် ၃၀ ရာခိုင်နှုန်းသာ ကင်းလွတ်ခွင့် ပြုရမည် ဖြစ်သည်။
NLD ပါတီ၏ နွားထိုးကြီး မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ထူးအောင်က “တရုတ်၊ သြစတေးလျ၊ ဂျပန် စတဲ့ အင်အားကြီး နိုင်ငံတွေ ပါဝင်တဲ့အတွက်ကြောင့် နိုင်ငံအတွက် ဈေးကွက်ကြီးမားစွာ ရရှိနိုင်မှာ ဖြစ်ပါတယ်။ စာချုပ်ပါ စည်းမျဉ်းတွေကို အခြေခံပြီး နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေလည်း ပိုမိုဆောင်ရွက်လာနိုင်မယ်” ဟု လွှတ်တော်တွင် ထောက်ခံ ဆွေးနွေးရာ၌ ပြောကြားခဲ့သည်။
ယင်းပြင် ဒေသတွင်း နိုင်ငံများနှင့် ကုန်သွယ်ရေး စာချုပ်များတွင် ပါဝင်နိုင်ခြင်းအားဖြင့် လက်ရှိ ကျင့်သုံးနေသည့် နိုင်ငံ၏ စီးပွားရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ပြန်လည် သုံးသပ်ပြီး နိုင်ငံတကာ အဆင့်မီသည့် ပြု ပြောင်းလဲမှုများကို ပြောင်းလဲဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် နိုင်ငံ၏ စီးပွားရေးအဖွဲ့များကို နိုင်ငံတကာ အဆင့် အတန်းမီ ဖြစ်လာနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်တွင် ကနေဒါ၊ ဟောင်ကောင်၊ ချီလီနိုင်ငံ တို့ကလည်း ပါဝင်ရန် စိတ်ဝင်စားမှု ရှိနေကြောင်း သိရသည်။
စီးပွားရေး လေ့လာသုံးသပ်သူ ဦးလှမောင် က “ကိုယ်က စီးပွားရေး အင်အားကြီး နိုင်ငံတွေနဲ့ စီးပွားဘက်လုပ်ရမှာ ဖြစ်တဲ့ အတွက် Master Plan တွေ သေချာရှိဖို့ လိုတယ်။ အခုက ကိုဗစ်ကြောင့် စီးပွားရေးက အကုန်ကျနေတဲ့အချိန် ဖြစ်တဲ့ အတွက် ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်ခြင်းက ကိုဗစ်အလွန်ကာလ မြန်မာ့စီးပွားရေးအတွက် အများကြီး ကောင်းလာနိုင် တယ်” ဟု ပြောသည်။
ထို့ပြင် ဖွံ့ဖြိုးပြီး နိုင်ငံများမှ စီးပွားရေး လုပ်ငန်းများသည်လည်း ပြည်တွင်းသို့ ဝင်ရောက်လာမည် ဖြစ်ခြင်းကြောင့် ပြည်တွင်း စီးပွားရေး လုပ်ငန်းများအတွက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်မည် ဖြစ်ကြောင်း ၎င်းက သုံးသပ် ပြောဆိုသည်။
ဤသတင်းကို AYA Bank မှ ကူညီပံ့ပိုးသည်။
You may also like these stories:
ရန်ကုန်နှင့် မွန်ပြည်နယ်၌ စီးပွားရေးဇုန်သစ်များ ထူထောင်ရန် တင်ဒါ ခေါ်မည်
မြန်မာ့စွမ်းအင်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံရန် အမေရိကန်လုပ်ငန်းရှင်များ စိတ်ဝင်စားဟုဆို