ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားသော မဲဆန္ဒရှင် စာရင်းများ ကြည့်ရှုခွင့်ကို နောက်ထပ် ၇ ရက် ထပ်မံ တိုးလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့်က “တပတ် ထပ်တိုးလိုက်တယ်။ အခုမှ ဖက်စ်ဝင်လာလို့။ မဲစာရင်းကို ပိုမိုပြည့်စုံမှန်ကန်စေရန်နှင့် မဲဆန္ဒရှင်များမှ လိုအပ်သည့် တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများ ဆောင်ရွက်ရန်အတွက် အချိန်ပိုမို ရရှိစေရန် ရည်ရွယ်ပြီး သြဂုတ် ၇ ရက်ကနေ စပြီး ထပ်မံတိုးမြှင့်လိုက်ပါသည်တဲ့” ဟု ဧရာဝတီသို့ ပြောသည်။
ရွေးကောက်ပွဲကော်မရှင်သည် ပထမအကြိမ် အနေဖြင့် မဲပေးခွင့်ရှိသူ စာရင်းကို ဇူလိုင်လ ၂၅ ရက်မှ သြဂုတ်လ ၇ အထိ သွားရောက် ကြည့်ရှုနိုင်ကြောင်း ကြေညာထားသည်။
ထိုသို့ ကြေညာပြီးနောက် မဲစာရင်းမှားယွင်းမှုများ နိုင်ငံတဝန်း ကြုံတွေ့နေရပြီး မဲစာရင်းမှားယွင်းမှုများတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးသိန်းဆွေ၏ မိသားစုဝင်များပင် ပါဝင်နေသည်။
မဲစာရင်းမှားယွင်းမှုများ ကြုံနေရသဖြင့် မဲဆန္ဒရှင်များအနေနှင့် မဲစာရင်းမှားယွင်းမှုများပြင်ဆင်နိုင်ရန် ရည်ရွယ်ကာ မဲစာရင်းကြည့်ရှုနိုင်ခွင့်ကို သြဂုတ်လ ၁၄ ရက်အထိ ၇ ရက် ထပ်တိုးခွင့်ပြုလိုက်ခြင်းလည်း ဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း မဲစာရင်းမှားယွင်းမှုများကို နိုင်ငံအနှံ့ တွေ့နေရပြီး ၂၀၁၅ ခုနှစ်တုန်းက မဲစာရင်း မှန်ကန်ခဲ့သူများပင် ယခုတကြိမ်တွင် မှားယွင်းနေမှုများ ကြုံနေရသည်ဟု သြဂုတ်လ ၅ ရက်တွင် ပြောဆိုထားသည်။
မဲစာရင်းမှားယွင်းနေမှုများကို အလေးထားဆောင်ရွက်သင့်သည်ဟုလည်း ၎င်းက တိုက်တွန်းခဲ့ပြီးနောက်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မဲဆန္ဒရှင်စာရင်းကြည့်ရှုခွင့်ကို ထပ်တိုးခွင့်ပြုလိုက်ခြင်းဖြစ်သည်။
မဲဆန္ဒရှင်အမည်စာရင်းတွင် နာမည်မပါဘဲ ကျန်ခဲ့လျှင် ရပ်/ကျေးကော်မရှင်ရုံးတွင် ပုံစံ ၃ စာရွက် တောင်းယူ ဖြည့်စွက်ကာ အမည်စာရင်း ထည့်သွင်းပေးရန် တောင်းဆိုနိုင်ပြီး မဲစာရင်းတွင် သေဆုံးသူများ ပါဝင်နေပါက ပုံစံ ၄ စာရွက် ဖြည့်စွက်၍ မဲစာရင်းမှ ပယ်ဖျက်ပေးရန် တောင်းဆိုနိုင်ကြောင်း သိရသည်။
ထို့ပြင် မဲစာရင်းတွင် လူနာမည်၊ မိဘအမည်၊ မှတ်ပုံတင်အမှတ်၊ မွေးသက္ကရာဇ်နှင့် နေရပ်လိပ်စာများ မှားယွင်းနေပါက ပုံစံ ၄ (ဂ) ဖြည့်စွက်၍ ပြင်ဆင်ပေးရန် တောင်းဆိုနိုင်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။
ဆက်စပ်လင့်
ကလေးများအတွက် မဲပေးပါ အွန်လိုင်းလှုပ်ရှားမှု စတင်
ရခိုင်မြောက်ပိုင်းရှိ စစ်ဘေးသင့်ပြည်သူများ မဲပေးခွင့် ဆုံးရှုံးဖွယ်ရှိနေ
တပ်တွင်းမဲရုံတွေ တပ်ပြင်ထုတ်လို့ ရွေးကောက်ပွဲမြင်ကွင်း ပြောင်းသွားမလား
မဲစာရင်းအမှား နည်းရန် ကြိုးပမ်းမည်ဟု ရွေးကောက်ပွဲကော်မရှင်ပြော