လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ အောင်နိုင်ရေး သမ္မတဟောင်း ဦးသိန်းစိန်က အကူအညီ ပေးမည် ဖြစ်ကြောင်း သိရသည်။
သမ္မတဟောင်း ဦးသိန်းစိန် ပါတီအတွက် မဲဆွယ်ပေးမည် ဖြစ်သော်လည်း ပါတီတာဝန်၊ နိုင်ငံ့တာဝန်များကို ပြန်လည် ရယူ မည် မဟုတ်ကြောင်း၊ ၎င်းပါတီ ဥက္ကဌ တာဝန်ယူစဉ်က ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ခြင်းအပေါ် တာဝန်ရှိသည်ဟု ခံယူပြီး ပါတီပြန်လည်အောင်နိုင်ရေး ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ယင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြော
သည်။
ဒေါက်တာ နန္ဒာလှမြင့်က“သူ့မှာ တာဝန်ရှိတယ်လို့ သူ့ဟာသူ ရိုးသားစွာ ခံယူတာ။ ပါတီအောင်နိုင်ရေးကို နိုင်သလောက် သူသွားနိုင်သလောက် သွားပြီး စည်းရုံးပေးမယ်။ အောင်နိုင်ရေး ကူညီမယ်။ သူများတွေ ပြောနေသလို ပါတီ တာဝန် လည်း ပြန်မယူဘူး။ နိုင်ငံ့တာဝန်လည်း ပြန်မယူဘူး”ဟု ဧရာဝတီသို့ ပြောသည်။
သမ္မတဟောင်း ဦးသိန်းစိန်သည် ၂၀၁၅ ရွေးကောက်ပွဲ ပြီးသည့်အခါ ပါတီညီလာခံတရပ် ပြန်လည် ခေါ်ယူခဲ့ပြီး ယင်းညီလာခံတွင်လည်း ပါတီရှုံးရခြင်းသည် ၎င်းတွင် တာဝန်ရှိသည်ဟု ဆိုပြီး ပါတီအောင်နိုင်ရေး လုပ်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း၊ ယခုလည်း ထိုကတိအတိုင်း ပါတီကို ပြန်လည် ဝန်းရံခြင်း ဖြစ်ကြောင်း ဦးသိန်းစိန်၏ အနီးကပ်တပည့်ရင်း ဦးအောင်ပိုင်မင်း က ပြောသည်။
ယင်းပါတီ ညီလာခံတွင် ပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီသစ်ကို ပြန်လည် ရွေးချယ်ပြီး ပါတီဥက္ကဌကို ဦးသန်းဌေးသို့ လွှဲပြောင်းပေးပြီးနောက် ၎င်းသည် ပါတီ၏ ဗဟိုဦးဆောင်ကော်မတီတွင် ဥက္ကဌ လုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ယင်း ဦးဆောင်ကော်မတီကိုပါ ဦးသိန်းစိန်ကိုယ်တိုင် ဖျက်သိမ်းခဲ့သည်။
ကြံ့ခိုင်ရေးပါတီ၏ ရုံးအုပ်ကြီးလည်း ဖြစ်သူ ဦးအောင်ပိုင်မင်းက“အဲလိုဆိုရင် သမ္မတကြီးက ပြန်ဦးဆောင်မှာလား ဆိုတဲ့ မေးခွန်းတွေ ရှိလာတယ်။ အတိုင်ပင်ခံ တက်လုပ်မှာလား၊ သမ္မတကြီး ပြန်လုပ်မှာလားဆိုတဲ့ မေးခွန်းနဲ့ ရွေးကောက်ပွဲ ပြန်ဝင်မှာလားဆိုတဲ့ မေးခွန်းတွေကျတော့ အဘကြီးက အသက်က ၇၅ နှစ် ရှိပြီ။ ထိုင်တာ၊ ထတာကအစ မလွယ်တော့ ဘူး။ ခါးလည်း နာနေပြီ။ ကျန်းမာရေးပေါ့။ သူ့ကိုယ်သူတောင် အားမရတော့ဘူး”ဟု ရှင်းပြသည်။
၎င်းက ဆက်၍ “ပြီးရင် သူက ဒါတွေကိုလည်း မက်မောတဲ့သူ မဟုတ်ဘူး။ မရှိဘူး။ အရှုံးအတွက်ကိုပဲ သူ့မှာ တာဝန် အ ကြွေး ကျန်တယ်ဆိုပြီး သဘောထားပြီးတော့ လုပ်မှာ။ လုပ်ပေးချင်တာ ဖြစ်တယ်။ ပြောချင်တာက ပါတီအောင်နိုင် ရေးပဲ ပြောတယ်။ ကျန်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဘာမျှော်လင့်ချက်မှ မရှိဘူး”ဟု ဆိုသည်။
ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်ကမူ သမ္မတဟောင်း ဦးသိန်းစိန် အနေဖြင့် ကြံ့ခိုင်ရေးပါတီအတွက် မဲဆွယ်ပေးမည် ဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်ထွက်၍ မဲဆွယ်သလို လူများ အုန်းအုန်းကျွန်ကျွတ် ဖြစ်မည့် အလားအလာ နည်းပါးကြောင်း၊ တနိုင်ငံလုံး အတိုင်းအတာနှင့် အထောက်အကူ မဖြစ်နိုင်သော်လည်း ဧရာဝတီတိုင်းအတွက်မူ အထောက်အကူ ဖြစ်နိုင်ကြောင်း ပြောသည်။
“ပြည်ခိုင်ဖြိုး အနေနဲ့ NLD အစိုးရရဲ့ ၅နှစ်တာကာလ စွမ်းဆောင်ရည်ကို ဦးသိန်းစိန် ခေါင်းဆောင်တဲ့ ပြည်ခိုင်ဖြိုး အစိုးရရဲ့ ၅ နှစ်တာ စွမ်းဆောင်ရည်နဲ့ နှိုင်းယှဉ်မဲဆွယ်ဖို့အတွက် ဦးသိန်းစိန်ရဲ့ ပုံရိပ်လိုပါတယ်”ဟု ဦးရဲထွဋ်က သုံးသပ်သည်။
လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကလည်း ကြံ့ခိုင်ရေးပါတီကို သမ္မတဟောင်း ဦးသိန်းစိန် ကူမည်ဆိုပါက အကျိုးကျေးဇူး ရှိမည် ဖြစ်ပြီး သူမဲဆွယ်ပေးသဖြင့် ပါတီသေချာပေါက် နိုင်မည်ဟု မပြောနိုင်သော်လည်း NLD ပါတီ၏ အုပ်ချုပ်ပုံနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဦးသိန်းစိန်၏ ကောင်းကွက်တချို့ ပေါ်လွင်လာလိ့မ်မည် ဖြစ်ကြောင်း ပြော
သည်။
“ဦးသန်းဌေးနဲ့ ဦးသိန်းစိန် ယှဉ်ရင်လည်း ဦးသိန်းစိန် ပုံရိပ်က ပိုကြီးတယ်။ နောက်ပြီးတော့ သူက ကိုယ်တိုင် သိပ်ပြီးတော့ ထက်ထက်မြက်မြက် မရှိသော်လည်း တော်တဲ့တတ်တဲ့လူတွေကို သူက စည်းရုံးပြီးတော့ စီမံခန့်ခွဲနိုင်တယ်ဆိုတဲ့ ကိစ္စ မျိုးတွေမှာ အခုအစိုးရနဲ့ ယှဉ်လိုက်ရင် ကောင်းတာပေါ့။ ဥပမာ ငြိမ်းချမ်းရေးကိစ္စလိုဟာမျိုးပေါ့”ဟု ဦးရဲထွန်းက ပြောသည်။
လက်ရှိတွင် ဦးသိန်းစိန် ကိုယ်တိုင် နိုင်ငံရေး ပြန်လုပ်မည့် စိတ်မျိုး မရှိတော့ဟု မြင်ပြီး လက်ရှိ အခြေအနေတွင် ပြန်ပါခြင်းမှာလည်း ၂၀၁၅ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့မှုအတွက် အတိုင်းအတာတခုအထိ တာဝန်ရှိသည်ဟု ခံယူကာ ပါတီပြန်နိုင်ရေး ကူညီခြင်းဟု မြင်ကြောင်း ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ပြောသည်။
“လွှတ်တော်ထဲမှာ ပြည်ခိုင်ဖြိုး ပါတီ အားကောင်းမယ်ဆိုရင် သူစတင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ ဆက်ပြီး အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပုံရတယ်”ဟု ဦးရဲထွဋ်က ပြောသည်။
တပ်မတော်တွင် ဗိုလ်ချုပ်ကြီး ရာထူးဖြင့် အငြိမ်းစားယူခဲ့သူ ဦးသိန်းစိန်သည် တပ်မတော်မှ တည်ထောင်ခဲ့သည့် ကြံ့ခိုင်ရေး ပါတီမှ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်၍ ပါတီနှင့်အတူ အနိုင်ရကာ ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ရွေးချယ်မှုကြောင့် ၂၀၁၁ ခုနှစ် မတ်လတွင် တိုင်းပြည်၏ ၉ ဦး မြောက် သမ္မတ ဖြစ်လာခဲ့သည်။
ဦးသိန်းစိန်သည် ၁၉၆၈ ခုနှစ်တွင် စစ်တက္ကသိုလ် အပတ်စဉ် ၉ မှ သင်တန်း ဆင်းခဲ့သူတဦး ဖြစ်ပြီး အဆင့်ဆင့် ရာထူး တိုး ခဲ့ရာ ၁၉၈၆ ခုနှစ်တွင် ဗိုလ်မှူးကြီး၊ ၁၉၉၂ ခုနှစ်တွင် ရန်ကုန် စစ်ရုံးချုပ်တွင် စစ်ဦးစီး အရာရှိ၊ ၂၀၀၂ ခုနှစ် တွင် ဒုတိယ ဗိုလ် ချုပ်ကြီး၊ ၂၀၀၃ ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေး ကောင်စီ အတွင်းရေးမှူး ၂၊ ၂၀၀၄ ခုနှစ်တွင် အတွင်းရေးမှူး ၁နှင့် ၂၀၀၇ တွင် ဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့သည်။
သမ္မတ ဖြစ်လာသည့်အခါ ၎င်း၏ ဆောင်ရွက်မှုတချု့ိ နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ NLD ပါတီကို တရားဝင် နိုင် ငံရေး လမ်းကြောင်းထဲသို့ ဆွဲခေါ်ခဲ့သဖြင့် ပြုပြင်ပြောင်းလဲရေးသမား အဖြစ် မီဒီယာများ၏ ထုတ်ဖော်ချီးကျူးမှုကိုလည်း ခံခဲ့ရသူ ဖြစ်သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ NLD ပါတီကို လွှတ်တော်လမ်းကြောင်းသို့ ဝင်ခွင့်ပြုခဲ့ခြင်း၏ ရလဒ်အဖြစ် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD သည် သောင်းပြိုကမ်းပြို အနိုင်ရပြီး အစိုးရ ဖွဲ့ နိုင်သည့်အခါတွင် ဦးသိန်းစိန်သည် ကြံ့ခိုင်ရေး လူဟောင်းတချို့၏ အပြစ်တင်ခြင်းကိုလည်း ခံခဲ့ရသည်။
ဦးသိန်းစိန်သည် ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ကျုံကူးရွာဇာတိဖြစ်ပြီး မွေးချင်း ၃ ဦးအနက် အငယ်ဆုံးသားတဦး ဖြစ်သည်။ ၎င်းက သားသမီး ၃ ဦး ထွန်းကားခဲ့ကာ လက်ရှိတွင် ဇနီးဖြစ်သူ ဒေါ်ခင်ခင်ဝင်းနှင့်အတူ နေပြည်တော်တွင် နေထိုင်လျက် ရှိသည်။
You may also like these stories:
မဲစာရင်း ကြည့်ရှုရက် ၇ ရက်ထပ်တိုး
တပ်တွင်းမဲရုံတွေ တပ်ပြင်ထုတ်လို့ ရွေးကောက်ပွဲမြင်ကွင်း ပြောင်းသွားမလား
ရခိုင်မြောက်ပိုင်းရှိ စစ်ဘေးသင့်ပြည်သူများ မဲပေးခွင့် ဆုံးရှုံးဖွယ်ရှိနေ