မန္တလေး လူငယ် ထိန်းသိမ်းရေးကျောင်းမှ လူငယ်၂ ဦး သေဆုံးခဲ့သည့် ကိစ္စတွင် အဆိုပါ ကျောင်းအနေဖြင့် တိုက်ရိုက် ပတ်သက်နေသည့်အတွက် အဖြစ်မှန်ကို ဖော်ထုတ်၍ ကျူးလွန်သူများကို အရေးယူပေးရန် သေဆုံးသူမိသားစုဝင်များ တောင်းဆိုသည်။
ပြီးခဲသည့် ဇူလိုင် ၃၁ ရက်က ယင်းသေဆုံးသူ နှစ်ဦးအပါအဝင် ကျောင်းသား ၅ ဦးသည် ကျောင်းမှ ထွက်ပြေးရာ ပြန်လည်ထိန်းသိမ်းခံရပြီးနောက် ကျောင်းတာဝန်ရှိသူအချို့နှင့် ကျောင်းသားကြီးများ၏ ရိုက်နှက်သည့် ဒဏ်ခံရပြီး နောက် ၂ ဦး သေဆုံးခဲ့ရမှု အပေါ် မိသားစုဝင်များက အဖြစ်မှန်အတိုင်း ဖော်ထုတ်ပေးရန်နှင့် ကျုးလွန်သူများအား တရားဥပဒေအတိုင်း အရေးယူရန် မီဒီယာများက တဆင့် တောင်းဆိုခြင်းဖြစ်သည်။
“ကလေးကို ဒီလောက် အရိုးတွေကျိုး မြင်မကောင်းအောင် ရိုက်နှက် နှိပ်စက်ကြတာ သင်တန်းကျောင်း မဟုတ်ဘူး။ လူသတ်ကုန်းပဲ” ဟု ဩဂုတ်လ ၅ ရက်က မန္တလေး ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားသော အသက် ၁၇ နှစ်အရွယ် မောင်ခိုင်ဇော်ထွန်း၏ မိခင်ဖြစ်သူ ဒေါ်ခင်ချိုဦးက ဧရာဝတီကို ပြောသည်။

မောင်ခိုင်ဇော်ထွန်း အပြင် ထွက်ပြေးရာတွင် ပါဝင်သည့် မောင်ပြည့်ဖြိုးမောင်(၁၇နှစ်)လည်း ဇူလိုင်လ ၃၁ရက် ညနေပိုင်းတွင် သေဆုံးခဲ့သည်။
၎င်း၏ အဒေါ်ဖြစ်သူ မခင်မျိုးအေးကလည်း “သေမှ သိရတာ၊ ဒီလိုတောင် ဆေးရုံမှာ ပြုစုခွင့် မရလိုက်သလို ဘာ သတင်းမှ မသိလိုက်ရဘူး။ ကလေးသေတော့မှ ကျောင်းက ဖုန်း လှမ်းဆက်ပြီး ရေနစ်သေတာပါ ဆိုပြီး အကြောင်း ကြားလာတာ” ဟု ဧရာဝတီကို ပြောပြသည်။
၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက မုံရွာမြို့တွင် သေဆုံးသူ မောင်ခိုင်ဇော်ထွန်း အပါအဝင် သူငယ်ချင်း ၇ ဦးက ဖုန်း ၃ လုံးနှင့် ငွေ ၄၅၀၀ ကို လုယက်ခဲ့ကြသည့် ဖြစ်စဉ်၌ ကျုးလွန်သူ ၅ ဦးထက် ပိုသည့်အတွက် ဓားပြမှုအဖြစ် တရားစွဲဆိုကာ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ကျခံခဲ့ရကြောင်း ၎င်း၏ မိသားစုများထံက သိရသည်။
သေဆုံးသူ မောင်ခိုင်ဇော်ထွန်း၏ အစ်ကိုဖြစ်သူ ကိုကျော်စွာလင်း က “ထွက်ပြေးကြလို့ အရိုက်ခံရတာလို့ သိပေမယ့် ဘာကြောင့် ထွက်ပြေးတယ် ဆိုတာတော့ သူက မပြောပြခဲ့ဘူး” ဟု ဧရာဝတီကို ပြောပြသည်။
အဆိုပါ ခိုင်ဇော်ထွန်းနှင့် အဖွဲ့သည် မုံရွာမြို့ရဲစခန်း အချုပ်တွင် ၁ နှစ် ၂ လ၊ မုံရွာထောင်ကြီးချုပ်တွင် ၆လ ကျခံစေ ခဲ့ပြီး ဇူလိုင် ၂၆ ရက်က မန္တလေး လူငယ်ထိန်းသိမ်းရေး ကျောင်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး၊ ဇူလိုင် ၃၁ ရက် ထမင်းစား ချိန် နံနက် ၁၁ နာရီတွင် ၎င်းအပါ အဝင် သူငယ်ချင်း ၅ ဦးသည် ထမင်းစားဆောင်မှတဆင့် ကျောင်းမှ ထွက်ပြေးရန် ကြိုးစားခဲ့ကြသည်ဟု မန္တလေး လူ ငယ် ထိန်းသိမ်းရေးကျောင်း၏ ကျောင်းအုပ် ဦးနေအောင်ကျော်က မီဒီယာများအား ရှင်းပြသည်။
သေဆုံးသူ မိသားစု ဆွေမျိုးများ၏ ပြောပြချက်အရ ၎င်းတို့ ထွက်ပြေးသည့်အတွက် ကျောင်းတာဝန်ရှိသူများနှင့် ကျောင်းသားကြီးများက လိုက်လံ ဖမ်းဆီးစဉ် ရိုက်နှက်ဆုံးမခဲ့ရာ လက်လွန်သွားသည့် အခြေအနေဟု ပြောဆိုနေကြ သော်လည်း မှုခင်းဆိုင်ရာ ဆရာဝန်ကြီးများ၏ ဆေးစစ်ချက်မှာ ထွက်မလာသေးသဖြင့် ယင်းစွပ်စွဲချက်အပေါ် အတိ အကျ အဖြေပြန်ပေးရန် ဦးနေအောင်ကျော်က ငြင်းဆိုသည်။
“ထွက်ပြေးတဲ့ ကလေးတွေကို သွားဖမ်းတဲ့လမ်းမှာ ထိုးကြိတ်မှုတွေ ရှိတယ်ဆိုတာတော့ မငြင်းပါဘူး။ ဒါပေမယ့် ဒီလို ဖြစ်သွားခြင်း အကြောင်းအရင်းက ဖြစ်ချင်လို့ ဖြစ်သွားရတာမျိုး လုံး၀ မဟုတ်သလို ဖြစ်လာပြီးမှတော့ ကျောင်းအုပ် ဖြစ်တဲ့ ကျနော့်မှာ တာဝန် အရှိဆုံးပါ။ အဲဒီအတွက်လည်း ကျောင်းသားတွေရဲ့ မိသားစုတွေကို တောင်းပန်ပါတယ်” ဟု ကျောင်းအုပ် ဦးနေအောင်ကျော်က ပြောသည်။
ထွက်ပြေးသွားသည့် ကျောင်းသား ၅ ဦးအနက် အသက်ရှင်ကျန်ရစ်သူ ၃ ဦးတွင် ၁ ဦးမှာ လိုအပ်သည့် ဆေးကုသမှု ခံယူပြီးနောက် ယနေ့ညနေ ၆ နာရီက ဆေးရုံဆင်းခွင့် ရရှိခဲ့ပြီး ကျန် နှစ်ဦးမှာလည်း သင်တန်းကျောင်းတွင် ကောင်း ကောင်းမွန်မွန် ရှိနေသည်ဟု ၎င်းက ဆိုသည်။

ထွက်ပြေးခဲ့သည့် ကျောင်းသား ၅ ဦးအနက် တဦးက “ဒီမှာ မနေချင်လို့ အိမ်ပြန်ချင်လို့ ထွက်ပြေးတာပါ။ ဖမ်းမိတော့ ဆရာတွေက ဝါးခြမ်းပြားနဲ့ ရိုက်တယ်။ ကျောင်းသား အကြီးတွေကလည်း ရိုက်တယ်။ ဒါပေမယ့် ဘယ်လောက် ရိုက် လဲ မရိုက်လဲ ဆိုတာတော့ ကျနော် မမှတ်မိတော့ဘူး။ သေသွားတဲ့ သူငယ်ချင်းနှစ်ယောက် အတွက် စိတ်မကောင်း ပါဘူး” ဟု ယနေ့ ညနေပိုင်းက လူငယ် သင်တန်းကျောင်း၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောပြသည်။
အဆိုပါ သေဆုံးမှု ဖြစ်စဉ်နှင့် ပတ်သက်၍ လက်ရှိတွင် သက်ဆိုင်ရာ နယ်မြေစခန်း၌ သေမှုသေခင်းအဖြစ် အမှုဖွင့် ထားပြီး လက်ရှိတွင်လည်း လူမှုဝန်ထမ်း ဦးစီးဌာနက စုံစမ်းစစ်ဆေးရေး ဖွဲ့စည်းကာ စစ်ဆေးနေပြီး သြဂုတ် ၇ ရက် တွင် လူ့အခွင့်အရေး ကော်မရှင်မှ လာရောက် စစ်ဆေးမှုမည် ဖြစ်ကြောင်း သိရသည်။
သေဆုံးသူ မောင်ခိုင်ဇော်ထွန်း၏ အမေ ဒေါ်ခင်ချိုဦးက “ဒီကိစ္စက ကျေအေးပေးစရာ အကြောင်းမရှိသလို မိသားစုဝင် တွေကိုလဲ ဘယ်သူမှလည်း ကျေအေးကြောင်း လက်မှတ် ထိုးမပေးရဘူး ဆိုတာ အားလုံးကို မှာထားပြီးသား” ဟု ဧရာ ဝတီကို ပြောသည်။
ဆရာ၊ ဆရာမအင်အားမှာ၂၅ ဦးသာ ရှိသော မန္တလေးလူငယ် သင်တန်းကျောင်းတွင် နေထိုင်သည့် ကျောင်းသားဦးရေ စုစုပေါင်း ၄၆၀ ကျော် ရှိပြီး မန္တလေးတိုင်း အပါအဝင် အထက်မြန်မာပြည်ရှိ ပြစ်မှုမျိုးစုံဖြင့် ပြစ်ဒဏ် ကျခံလာရသော အသက်၂၀ အောက် လူငယ်များအား အသက်မွေးဝမ်းကျောင်း ပညာ၊ ကျောင်းပညာတို့အား သင်ကြားပေးနေသော ထိန်းသိမ်းရေး ကျောင်း တကျောင်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
ပြစ်မှုကျူးလွန်သူ ကလေးသူငယ်တွေရဲ့ အနာဂတ် ဘာလဲ ဘယ်လဲ