ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့ပေါ်ရှိ သမဝါယမဘဏ်ခွဲ (CB Bank)အား ယနေ့ နံနက်ပိုင်းက လူတဦးမှ သေနတ် ပြ ခြိမ်းခြောက်၍ ငွေလုယက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။
အသက် ၃ဝ ဝန်းကျင် အရွယ်ရှိ နှာခေါင်းစည်း (Mask) တပ်ထားသော လူတဦးမှာ ပန်းတနော်မြို့သီဟလမ်းနှင့် အနော်ရ ထာလမ်းထောင့်ရှိ CB ဘဏ်ခွဲသို့ ယနေ့ နံနက် ၁ဝ နာရီခွဲ အချိန်ခန့်တွင် ဆိုင်ကယ်ဖြင့် လာရောက်၍ ဘဏ်လုံခြုံရေး ဝန် ထမ်းအား သေနတ်ဖြင့် ထောက်ကာ ဘဏ်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
လူတဦးမှာ ဘဏ်အတွင်းသို့ ဝင်ရောက်ကာ သေနတ်ပြ ခြိမ်းခြောက်၍ ငွေတောင်းယူခဲ့သဖြင့် ဘဏ်ဝန်ထမ်းများက ငွေ ကျပ်သိန်း ၁၂ဝ ပေးအပ်ခဲ့ရပြီး၊ သေနတ်သမားမှာ ငွေထုတ်ယူ၍ ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမျူးကြီး ထွန်းရွှေက ပြောသည်။
ဒုရဲမျူးကြီး ထွန်းရွှေက “ပန်းတနော်မြို့က CB ဘဏ်ကို သေနတ်သမားတဦး အနုကြမ်း ဝင်စီးပါတယ်။ ဘဏ်က ငွေကျပ် သိန်း ၁၂၀ ပါသွားတယ်။ လက်ရှိမှာ တိုင်းရဲတပ်ဖွဲ့မှူး ကိုယ်တိုင် ပန်းတနော်ကို ဆင်းသွားပါပြီ။ တရားခံ အမြန်ဆုံး ဖမ်းမိ နိုင်ရေး ဆောင်ရွက်နေပါတယ်” ဟု ဧရာဝတီကို ပြောဆိုသည်။
ယခုကဲ့သို့ ပန်းတနော်မြို့ CB ဘဏ် အနုကြမ်းစီးခံရမှုမှာ ဧရာဝတီတိုင်းတွင် ပထမဆုံး ဖြစ်ပွားခြင်း ဖြစ်သည်။
အခင်း ဖြစ်ပွားသည့် နေရာသို့ ရောက်ရှိခဲ့သူ ပန်းတနော်မြို့ခံ ကိုအောင်သန်းဌေးက “ကျနော် သိရသလောက်က သေ နတ်သမားက ဘဏ်ကို ရောက်တာနဲ့ လုံခြုံရေး ဝန်ထမ်းကို သေနတ်နဲ့ ထောက်ပြီး ဘဏ်ထဲကို ဝင်တယ်။ အထဲရောက် တော့ သေနတ်နဲ့ ချိန်ပြီး ငွေတောင်းတယ်။ သေနတ်သမားက မိုးကာအင်္ကျီအဖြူနဲ့ လက်အိတ်အမည်း၊ Mask တပ်ထား တယ်” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိ အချိန်တွင် အနုကြမ်း စီးခံရသည့် CB ဘဏ်သို့ ရဲတပ်ဖွဲ့ဝင်များ ဒေသအာဏာပိုင်များနှင့် တာဝန်ရှိသူများ ရောက်ရှိ ကာ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ဘဏ်၏ CCTV မှတ်တမ်းများကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
လတ်တလောတွင် ဘဏ်ကို အနုကြမ်းစီးခဲ့သူ ပန်းတနော်ရှိ ဂိတ်များ၊ သေနတ်သမား သွားလာနိုင်သည့် နေရာများကို ဧရာဝတီတိုင်း ရဲတပ်ဖွဲ့က ပိတ်ဆို့ ရှာဖွေမှုများ ဆောင်ရွက်နေကြောင်း သိရသည်။
You may also like these stories:
လူငယ်ထိန်းသိမ်းရေးကျောင်းမှ၂ ဦး သေဆုံးရမှု ကျူးလွန်သူကို အရေးယူရန် တောင်းဆို
သိန္နီမြို့နယ် ပိုင်ရှင်မဲ့ လက်နက်များအမှု ဆက်စပ်သူများဖမ်းမိ
တရားဟောဆရာ စောဒေးဗစ်လားကို အလုပ်နှင့် ထောင်ဒဏ် ၃လ ချမှတ်