သတင်း

ဘေရွတ်ပေါက်ကွဲမှုကို နျူကလီးယားဗုံးနဲ့ နှိုင်းယှဉ်နေ

Want create site? Find Free WordPress Themes and plugins.

လက်ဘနွန်နိုင်ငံမြို့တော်ဘေရွတ်ဆိပ်ကမ်း မှဂိုဒေါင်များတွင် အင်္ဂါနေ့က ပေါက်ကွဲမှုဖြစ်သောကြောင့် လူ ၁၀၀ ကျော်သေပြီး တမြို့လုံးကို အကြီးအကျယ် ပျက်စီးစေသည်။

ပေါက်ကွဲမှုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ထိုနေရာတွင် စည်းကမ်းမဲ့သိုလှောင်ထားသော အမိုးနီးယမ်းနိုက်ထရိတ် တန်ချိန်ထောင်ပေါင်းများစွာကို အဓိကထား စုံစမ်းစစ်ဆေးနေသည်။

ထိုပေါက်ကွဲမှုသည် တီအန်တီ ယမ်း တန်ချိန်ရာပေါင်းများစွာပေါက်ကွဲမှုနှင့်တူညီပြီး ဗုံးအားလုံး၏ မိခင် “Mother of All Bombs” ပေါက်ကွဲမှုထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်သည်ဟု ကျွမ်းကျင်သူများပြောသည်။

အင်္ဂါနေ့က လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ် ဆိပ်ကမ်းမှ ပေါက်ကွဲမှုတခုသည် အဆောက်အအုံများကို ဖျက်ဆီးပြီး လူ ၁၀၀ ကျော်သေဆုံးစေကာ ထောင်ပေါင်းများစွာကို ဒဏ်ရာရစေသည်။ ထိုဖြစ်ရပ်ကို ဒေသခံများက ဗီဒီယို မှတ်တမ်းတင်ကြပြီး ပေါက်ကွဲမှုလှိုင်းများနှင့် မြင်မားလှသော အနီရောင်မီးခိုးလုံးများကို တွေ့ရကာ အချို့က နျူကလီးယားလက်နက် ပေါက်ကွဲမှု မီးခိုးလုံးများနှင့် နှိုင်းယှဉ်ပြောကြားကြသည်။

ပေါက်ကွဲမှုဖြစ်ရခြင်းအကြောင်းရင်း အတိအကျကို မသိရသေးသော်လည်း အမိုးနီးယမ်းနိုက်ထရိတ် ၂၇၅၀ တန်ကို စည်းကမ်းမဲ့သိုလှောင်ထားသည့် ဂိုဒေါင်တခုကို အဓိက စုံစမ်းစစ်ဆေးနေသည်။

 

ထိုပေါက်ကွဲမှုကို ပြင်အား ၃.၃ ရှိသော ငလျင်အဖြစ် မှတ်တမ်းတင်ထားပြီး ထိုပေါက်ကွဲမှုကို မိုင်ပေါင်းများစွာ ဝေးသောနေရာမှပင်ခံစားရသည်။ ထိုပေါက်ကွဲမှုသည် တီအန်တီယမ်း တန်ချိန်ရာပေါင်းများစွာနှင့် ညီမျှကြောင်း ကျွမ်းကျင်သူများပြောသည်။

ကယ်လီဖိုးနီးယားမှ မစ်ဒယ်ဘာရီ နိုင်ငံတကာလေ့လာရေး အင်စတီကျုမှ နျူကလီးယားနှင့်သမားရိုးကျ လက်နက်ကျွမ်းကျင်သူ ဂျက်ဖရီ လူးဝစ်က ပေါက်ကွဲမှု အပျက်အစီးများ၊ တုန်ခါမှုလှိုင်းများနှင့် ပေါက်ကွဲမှုကြောင့် ဖြစ်သွားသော ကျင်း အရွယ်အစားများကို လေ့လာပြီးနောက် ထိုပေါက်ကွဲမှုသည် တန်ချိန် ၂၀၀ မှ ၅၀၀ အကြားရှိကြောင်းပြောသည်။

ထိုပေါက်ကွဲအားသည် GBU-43/B Massive Ordnance Air Blast ဟုခေါ်သော ဗုံးထက် အဆ ၂၀ ပိုမိုပြင်းထန်သည်။ သို့သော် ထိုဗုံးကို ဗုံးအားလုံး၏ မိခင် (Mother of All Bomb) ဟု သတင်းများတွင် ရေးသားဖေါ်ပြကြသည်။ ပေါက်ကွဲအား ၁၁ တန်ရှိပြီး အမေရိကန် လက်နက်များတွင် နျူကလီးယားမဟုတ်သည့် အပြင်းထန်းဆုံး ဗုံးဖြစ်သည်။ ထိုဗုံးကို ၂၀၁၇ ခုနှစ် ဧပြီလက အာဖဂန်အစ္စလမ်မစ်နိုင်ငံတွင် စတင်အသုံးပြုကြောင်းသိရသည်။

 

ဘေရွတ်တွင်ဖြစ်ပွားသည့် ပေါက်ကွဲမှုသည် လွန်စွာပြင်းထန်သောကြောင့် အချို့လေ့လာသူများက နျူကလီးယားပေါက်ကွဲမှုဖြစ်သည်ဟု ယူဆကြသည်။ ပေါက်ကွဲမှုကြောင့်ဖြစ်သည့် မီးခိုးလုံးကြီးမှာ လွန်စွာမြင့်မားသောကြောင့် ထိုသို့ပူပန်ကြခြင်းဖြစ်သည်။

ဘေရွတ်မြို့တော်ဝန်က ထိုပေါက်ကွဲမှုကို ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံ ဟီရိုရှီးမားနှင့် နာဂါစကီ တွင်ဖြစ်ပွားသည် အနုမြူဗုံးပေါက်ကွဲမှုများနှင့် နှိုင်းယှဉ်ပြောကြားသည်။

“ကျနော့်တသက် ဒီလောက်များပြားတဲ့အပျက်အစီးတွေ မတွေ့ဖူးဘူး” ဟု သူပြောသည်။

 

ပေါက်ကွဲအားတန်ချိန် ရာချီရှိသော ဘေရွတ်ပေါက်ကွဲမှုသည် ၁၅ ကီလို တန်ရှိသည်ဟု ခန့်မှန်းရသည့် ဟီရိုရှီးမားကို ဖျက်ဆီးခဲ့သော အနုမြူဗုံးထက် များစွာ အားနည်းသေးသည်။

သို့သော် ထိုပေါက်ကွဲအားသည် ပေါက်ကွဲအားအနည်းဆုံးဖြစ်သည့် B61 နျူကလီးယားဗုံးနှင့် နှိုင်းယှဉ်နိုင်သည်။ B61 သည် ပေါက်ကွဲအား တန် ၃၀၀ ရှိသည်။

ဘေရွတ်တွင် ဖြစ်ပွားသည့် ပေါက်ကွဲမှု၏ ပြင်းအားမှာ ၁ မှ ၂ ကီလိုတန်ရှိသည်ဟု အချို့ကျွမ်းကျင်သူများ ခန့်မှန်းသည်။ ထိုမျှအထိပြင်းအားရှိလျှင် အမေရိကန်နိုင်ငံ၏ နည်းဗျူဟာ နျူကလီးယား ဗုံးအချို့ထက်ပင် ပိုမို ပြင်းထန်နိုင်သည်။

 

”နှိုင်းယှဉ်လို့တော့မရပါဘူး” ဟု အမေရိကန်သိပ္ပံပညာရှင်များအဖွဲ့ချုပ်မှ နျူကလီးယားလက်နက် ကျွမ်းကျင်သူ ဟန်းစ် ခရစ်တန်ဆန် ပြောသည်။ ဘေရွတ်မှ တရားဝင်ထုတ်ပြန်ခြင်းမရှိသော ပေါက်ကွဲအားသည် တန် ရာဂဏန်း အနည်းငယ်ရှိကြောင်း သူထောက်ပြသည်။

“ထိန်းချုပ်မှုမရှိတဲ့ နျူကလီးယားက ထုတ်တဲ့စွမ်းအင်က ဓါတုပေါက်ကွဲမှုက ထုတ်တဲ့စွမ်းအင်ထက် အရမ်းကို မြန်လို့ ဖိအားလှိုင်းတွေက ပိုမြန်လိမ့်မယ်” ဟု သူပြောပြီး နျူကလီးယားပေါက်ကွဲမှုတွင် ဓါတ်ရောင်ခြည်ပျံ့နှံ့မှု ပြင်းထန်ကြောင်းနှင့် မြေပြင်တွင်ပျံ့နှံ့ကြောင်းရှင်းပြသည်။

ဘေရွတ်ပေါက်ကွဲမှုကို အမေရိကန်နျူကလီးယားလက်နက်အချို့နှင့် နှိုင်းယှဉ်နိုင်သော်လည်း ထိုပေါက်ကွဲမှုကို ပြင်းအားအနည်းဆုံး B61နျူကလီးယားဗုံးပေါက်ကွဲမှုကဲ့သို့ ခံစားရမည်မဟုတ်ကြောင်း လက်နက်ထိန်းချုပ်ရေးအဖွဲ့မှ လက်နက်ဖျက်သိမ်းရေးနှင့် ခြိမ်းခြောက်မှုလျှော့ချရေး ကျွမ်းကျင်သူ ကင်းစတန် ရိဖ် ပြောသည်။

 

နျူကလီးယားပေါက်ကွဲမှုသည် များစွာ ပိုမိုဆိုးရွားမည်ဖြစ်ကြောင်း၊ အလွန်ပြင်းထန်သော အပူလှိုင်းနှင့် ရေဒီယို သတ္တိကြွမှုများရှိမည်ဖြစ်ကြောင်း သူပြောသည်။

လူ ၁၀၀ ကျော်သေပြီး ၅၀၀၀ ခန့်ဒဏ်ရာရစေသည့် ထိုပေါက်ကွဲမှု ဖြစ်စေသည်ဟု သံသယရှိရသော အမိုနီးယမ်းနိုက်ထရိတ်များကို နှစ်အတန်ကြာက ကုန်တင်သင်္ဘော တစင်းထံမှ သိမ်းယူထားခြင်းဖြစ်သည်ဟု လက်ဘနွန် အရာရှိများပြောသည်။

ဓါတ်မြေသြဇာတမျိုးဖြစ်သော အမိုးနီးယမ်း နိုက်ထရိတ်သည် လွန်စွာပေါက်ကွဲတတ်ပြီး ပြင်းထန်သော ပေါက်ကွဲမှုအများအပြားကို ဖြစ်စေခဲ့သည်။

၂၀၁၅ ခုနှစ်က မီးသတ်သမား ၉၉ ဦးအပါအဝင် လူ ၁၆၀ ကျော်သေစေကာ အဆောက်အအုံ ၃၀၀ ကျော်ကို ပျက်စီးစေသော တရုတ်နိုင်ငံ တီယန်ကျင်း ပေါက်ကွဲမှုကို အမိုးနီးယမ်း နိုက်ထရိတ် တန် ၈၀၀ ကဖြစ်ပွားစေခဲ့ခြင်းဖြစ်သည်။ ၁၉၄၇ ခုနှစ်က တက္ကဆက်တွင် ဖြစ်ပွားသည့် လူ ၅၀၀ ကျော်သေစေသော ပေါက်ကွဲမှုသည်လည်း အမိုးနီးယမ်း နိုက်ထရိတ် တန်ချိန် ၂၃၀၀ ပေါက်ကွဲခြင်းဖြစ်သည်။

စီးပွားရေးအရ နိုင်ငံရေးအရ ရုန်းကန်နေရသော လက်ဘနွန်နိုင်ငံတွင် ယခုပေါက်ကွဲမှုကြောင့် လူ ၃ သိန်းကျော်အိုးမဲ့အိမ်မဲ့ ဖြစ်မည်ဟု ခန့်မှန်းရသည်။

ကိုးကား။ ။ Business Insider

You may also like these stories:

စင်ကာပူက တရုတ်တို့၏ သူလျှိုလုပ်ငန်း

တရုတ်ကို ဝိုင်းထားတဲ့ ဒီမိုကရေစီ ၄ နိုင်ငံ မဟာမိတ်ပြုပြီ

တင်းမာမှု မြင့်မားနေသော်လည်း ထရမ့်ပြန်လည်အရွေးခံရရန် တရုတ်မျှော်လင့်နေ

မညီမျှမှုတွေနဲ့ ရောဂါပိုးကူးစက်မှုတွေက အမေရိကန်ကို အားမကျစေပါ

Did you find apk for android? You can find new Free Android Games and apps.
Loading