ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသူများ ပို့ဆောင်ခံခဲ့ရသည့် ကိုကိုးကျွန်းရှိ ပြည်သူများအနေဖြင့် မိမိတို့ သမိုင်း အတွက် ဂုဏ်ယူနိုင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူထားသည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဩဂုတ် ၆ ရက်က ရန်ကုန်တိုင်း ဒေသကြီး ကိုကိုးကျွန်းမြို့သို့ သွားရောက်ကာ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ထိုသို့ ပြောကြားခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က “ကိုကိုးကျွန်းရှိ ပြည်သူများ အနေဖြင့် မိမိကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူစေလိုပါကြောင်း၊ တချိန်တ ခါက ကိုကိုးကျွန်းသည် အကျဉ်းသားများ နေရသည့် ကျွန်းဆိုပြီး အမည်ရှိပါကြောင်း၊ ထို့ပြင် ခံယူချက်အရ ကိုကိုးကျွန်း တွင် လာ၍ အကျဉ်းကျခံနေရသည့် ပုဂ္ဂိုလ်များ များစွာရှိပါကြောင်း၊ ထိုသို့ ခံယူချက်နှင့် ယုံကြည်ချက်ကို အဓိကထားပြီး ရုန်းကန်လှုပ်ရှားရဲသည့် ပြည်သူများရှိ၍သာ မိမိတို့နိုင်ငံသည် တိုးတက်ခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကိုကိုးကျွန်းသည် မိမိတို့၏ သမိုင်းအတွက် ဂုဏ်ယူနိုင်ပါကြောင်း” ပြောကြားခဲ့သည်။
ကိုကိုးကျွန်းသည် ဦးနေဝင်း ခေါင်းဆောင်သည့် စစ်အစိုးရ လက်ထက်တွင် နိုင်ငံရေး လှုပ်ရှားသူများအား အကျဉ်းချရာ နေရာတခုဖြစ်ပြီး ၁၉၅၈ ခုနှစ်က တကြိမ်၊ ၁၉၆၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွင် တကြိမ် နှစ်ကြိမ်တိုင် ပို့ဆောင်ခဲ့သည်။
ယင်းသို့ စစ်အစိုးရ၏ ကျွန်းပို့ခံရသူများတွင် လွတ်လပ်ရေး ကြိုးပမ်းရာတွင် ပါဝင်သည့် သခင် ဖေဌေး၊ လေထီး ဦးအုန်းမောင်၊ ဦးဖေအောင်၊ စာရေးဆရာဗန်းမော် တင်အောင်၊ စာရေးဆရာ မြသန်းတင့်၊ သခင် မြသန်း၊ သခင်အုန်းမြင့်တို့ အပြင် စာရေးဆရာ မောင်ချစ်ရီ ၊ စာရေးဆရာ ထက်မြက်၊ စာရေးဆရာ ဦးမြစိန်၊ ပဒို မန်းငြိမ်းမောင်၊ ရဲဘော် ဖိုးသံချောင်း၊ စသည်တို့ အပါအဝင် သတင်းစာဆရာ၊ စာရေးဆရာများနှင့် လက်ဝဲနိုင်ငံရေးသမားများနှင့် ကရင်နှင့် ရခိုင် တိုင်းရင်းသား တချို့ ပါဝင်သည်။
ကျွန်းသို့ ပို့ဆောင်ခံရသူများတွင် အလံနီကွန်မြူနစ်ပါတီမှ ရဲနီဘိုကြူ၊ ရဲနီတင်ငြိမ်း၊ ရဲနီမြင့်သိန်း၊ ရဲနီနယ်လင်း တို့ ကျွန်းတွင် ကျဆုံး ခဲ့ရသလို ကျွန်းစနစ်ဖျက်သိမ်းရေးအတွက် အစာငတ်ခံ တိုက်ပွဲဝင်ခဲ့ကြသည့် ဗမာပြည် ကွန်မြူနစ်ပါတီမှ ရဲဘော် သိန်းကြည် (အမှုထမ်း)၊ ရဲဘော်ချစ်ဆွေ (မဲကြီး) ပြည်ကျောင်းသားခေါင်းဆောင်၊ ရဲဘော်အုန်းမော် (ရေတပ်)၊ ရဲဘော်စိန်ချင်း (အလုပ်သမား)၊ ရဲဘော်ထွန်းမြင့် (အမှုထမ်း)၊ ရဲဘော်လေးမောင် (မန္တလေး တ က သ)၊ ရဲဘော်ကိုလတ် (ခ) မောင်မောင်စိုး (မန္တလေး တကသ)၊ ရဲဘော်ထွန်းဝင်း (လေတပ်)တို့ ကျဆုံးခဲ့သည်။
ရဲဘောင်ရှောင်ခေါ် ပဒိုမန်းငြိမ်းမောင်မှာမူ ကျွန်းမှ လှေဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
ကိုကိုးကျွန်းသည် မြန်မာနိုင်ငံတောင်ဘက် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ကြားတွင် တည်ရှိပြီး ရန်ကုန်မြို့မှ မိုင်၂၆၀ အကွာတွင် ရှိကာ တပ်မတော်ရေတပ် စစ်အခြေစိုက် စခန်းတခု ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က “ကိုကိုးကျွန်းသည် နိုင်ငံ၏ နယ်စွန်နယ်ဖျား ပြင်ပစည်းကနေပြီး နိုင်ငံ၏ လုံခြုံရေးကို စောင့် ရှောက်ပေးနေသည်ဟု ပြောပါကလည်း မမှားပါကြောင်း” လည်း ပြောဆိုသည်။
ဌာနဆိုင်ရာများနှင့် တွေ့ဆုံစဉ် ကိုကိုးကျွန်းဒေသခံ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး ကဏ္ဍနှင့် ဆက်သွယ်ရေး ကဏ္ဍ ကောင်းမွန်လာစေရေး သင်္ဘော ခရီးစဉ်များ ပိုမိုပြေးဆွဲပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် ၂၄ နာရီ လျှပ် စစ်မီးရရှိရေးအတွက် ဆိုလာ၊ ဒီဇယ်၊ ဘထ္ထရီစနစ် ပါဝင်သည့် Hybrid System ဖြင့် ဓာတ်အားပေးစနစ် တခုအား ၂၀၂၁ ခု နှစ်၊ ဇန်နဝါရီ ၃၁ ရက်မတိုင်မီ အပြီး တည်ဆောက်မည် ဖြစ်ကြောင်းလည်း အစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ကျွန်းပေါ်တွင် အရပ်သားပြည်သူ လူဦးရေ ၁၃၆၀ ကျော် ရှိပြီး ကိုကိုးကျွန်းကဲ့သို့ နေရာမျိုးတွင် ပြောင်းလဲမှုသည် မှန်ကန် ရန်နှင့် ပြည်သူများအတွက် အကျိုးရှိရန် ကြိုးစားနိုင်ပြီး လာမည့် အထွေထွေ ရွေးကောက်ပွဲတွင် မဲစာရင်းများ မှန်ကန်မှုရှိ ရေးနှင့် မဲပေးကြရန်လည်း တိုက်တွန်းခဲ့သည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကိုကိုးကျွန်းမြို့နယ်၏ ပြည်သူ့ လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ၂ နေရာတို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) က အနိုင်ရခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်
တကြောင်းလျှင် ကျပ်သိန်း ၂၀၀ အရှုံးခံ၍ ရန်ကုန်-ကိုကိုးကျွန်း သင်္ဘော ပြေးဆွဲပေး ဟုဆို