မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက အဆိုတော် ယုန်လေးအား ရိုက်ကူးခွင့် ၁ နှစ် ရပ်ဆိုင်းလိုက်ခြင်းအပေါ် လှုပ်ရှား တက် ကြွသူ အသိုင်းအဝိုင်းက ဝေဖန်မှုများ ရှိနေသည်။
ယနေ့တွင် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက အစည်းအဝေး ပြုလုပ်ကာ ယုန်လေးအား ဒါရိုက်တာနှင့် သရုပ်ဆောင် ရိုက် ကူးခွင့်ကို ၁ နှစ် ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
အဆိုတော် ယုန်လေး၏ “ငါတို့ အားလုံးရဲ့မြေ (စည်းလုံးသင့်ပြီ မြန်မာပြည်)” MV ထဲတွင် ထည့်သွင်း ရိုက်ကူးထားသည့် သမိုင်း အချက်အလက်နှင့် ဇာတ်လမ်း သဘောသဘာဝကို လက်မခံနိုင်သော်လည်း ဥပဒေအရ ပိတ်ပင်အရေးယူသည် အထိ ပြုလုပ်ရန် မလိုကြောင်း Equality Myanmar ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်း က ဆိုသည်။
“သူ့ရဲ့ထင်မြင်ချက်ကို သူ့ရဲ့အယူအဆကို အနုပညာတရပ်နဲ့ ယုံကြည်ပြီးတော့ သူဖန်တီးတာ ဖြစ်ပါတယ်။ ကျနော်လည်း ဒါကို သဘောမကျပါဘူး။ ဒါပေမယ့် အစိုးရ တရပ်အနေနဲ့ ဒါမှမဟုတ် တာဝန်ရှိတဲ့သူ တယောက်အနေနဲ့ ဒါမျိုး လုပ် ဆောင်တာမို့လို့ ပိတ်ပင်တယ် ဆိုတဲ့ အချက်ကတော့ ဥပဒေအရ ချုပ်ကိုင်ရာ၊ ပေါ်လစီအရ ချုပ်ကိုင်ရာ ကန့်သတ်ရာ ရောက်သွားတဲ့ အချက် ဒါကိုလည်း တဖက်ကနေ လက်မခံနိုင်ပါဘူး။ သူ့အပေါ်မှာ မကြိုက်လို့ ဝိုင်းပြီး မုန်းတီးကြတာ ရှိနိုင် တယ်။ လူမှုရေးအရ ဝိုင်းပြီးတော့ တုံ့ပြန်တာမျိုး ရှိတယ်။ ဒါမျိုးကတော့ ဥပဒေအရ ပိတ်ပင်တဲ့ အဆင့်ထိတော့ သွားသင့် တယ် မထင်ဘူး” ဟု ၎င်းက ပြောသည်။
အလားတူပင် ယုန်လေး၏ အနုပညာ လွတ်လပ်ခွင့်ကို ၁ နှစ်ပိတ်ခြင်းမှာ မတရားကြောင်း အသံအဖွဲ့၏ အုပ်ချုပ်မှု ဒါရိုက် တာ ကိုဆောင်းခနှင့် Generation Wave အဖွဲ့ ဥက္ကဋ္ဌ ကိုမိုးသွေး တို့က သုံးသပ်ပြောဆိုသည်။
ကိုဆောင်းခက “ယုန်လေးရဲ့ Music Video က အချက်အလက်တွေက တကယ့်ကို လိုရာဆွဲတဲ့ ပုံပေါက်တယ်။ ဒါပေမယ့် သူ့ရဲ့ အနုပညာ လွတ်လပ်ခွင့်ကို ၁ နှစ် ပိတ်တာကျတော့လည်း မတရားဘူးလို့ မြင်တယ်။ ဒါကို ကြည့်တဲ့အခါမှာ မဖြစ်မ နေ ဥပဒေကြီးနဲ့ တားမြစ်ရမယ့် ကိစ္စကြီးလို့ မမြင်ဘူး။ လူတွေကပဲ လူမှုရေးအရ ဝေဖန်တာ ပြောဆိုတာမျိုးနဲ့ပဲ၊ ဒါမျိုး ထပ် မလုပ်အောင် လုပ်ရင်ပဲ လုံလောက်တယ်လို့ မြင်တယ်” ဟု ပြောသည်။
ကိုမိုးသွေး ကလည်း “ယုန်လေးသည်ပဲ သူမြင်တဲ့အမြင်က နိုင်ငံရေးအရ မှားယွင်းနေပေမယ့် သူရဲ့ Music Video မှာ ပေးထားတဲ့ Messages သည် လူတွေကို သတ်ဖို့ဖြတ်ဖို့ တယောက်နဲ့ တယောက်ခွဲခြား ဆက်ဆံဖို့ စသဖြင့် မဟုတ်ဘဲနဲ့ သူမြင်တဲ့အမြင်ကို ဖော်ပြတာ ဖြစ်တဲ့အတွက် သူ့မှာလည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိတယ်လို့ ယုံကြည်တယ်” ဟု ဆိုသည်။
အဆိုတော် ယုန်လေး ကိုယ်တိုင် ဒါရိုက်တာ အဖြစ် ရိုက်ကူး ပုံဖော်ထားတဲ့ “ငါတို့အားလုံးရဲ့မြေ (စည်းလုံးသင့်ပြီ မြန်မာ ပြည်)” Music Video ကို သြဂုတ်လ ၄ ရက် မနက်ပိုင်းက “Original Gangster” Page တွင် တင်ခဲ့ပြီးနောက် မကြာခင် အချိန်အတွင်း၌ပင် လူထုကြား ဝေဖန်မှုများ ပြင်းပြင်းထန်ထန် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ယုန်လေး၏ အဆိုပါ ဗွီဒီယိုမှ ပေးသည့် အချက်အလက်များကိုလည်း ကန့်ကွက်ကြောင်း ကိုမိုးသွေးက ပြောသည်။
“သူ့ရဲ့ MV နဲ့ ပတ်သက်ပြီးတော့ လုံးဝ သဘောမကျဘူး။ ပေးချင်တဲ့ Messages က နိုင်ငံရေးအရ မှားယွင်းနေတယ်လို့ မြင်တယ်။ နောက်ပြီးတော့ တရားမျှတမှု မရှိတဲ့ အခြေအနေကို ထင်ဟပ်နေတယ်။ ဒါကြောင့် သူ့ရဲ့ Music Video ကိုတော့ လုံးဝရှုံ့ချတယ်၊ ကန့်ကွက်တယ်”
ဟု ကိုမိုးသွေးက ဆိုသည်။
ထိုကဲ့သို့ ဝေဖန်မှုများ ထွက်ပေါ်ပြီးနောက် သြဂုတ်လ ၅ ရက်တွင် သီချင်းဗီဒီယို ရိုက်ကူးမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေး မှုများကို ဥပဒေအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနကလည်း ပြောဆိုခဲ့သည်။
သြဂုတ်လ ၅ ရက်မှာပင် ယုန်လေးသည် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှ တဆင့် Live လွှင့်ကာ တောင်းပန်ခဲ့ပြီး သြဂုတ် လ ၆ ရက်တွင် ယုန်လေးနှင့်အတူ သီချင်း ဗီဒီယိုထဲ၌ ပါဝင်သည့် သရုပ်ဆောင် အချို့နှင့်အတူ သရုပ်ဆောင် မြင့်မြတ်က လည်း လိုက်ပါ၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ သွားရောက် မေတ္တာရပ်ခံ ဖြေရှင်းခဲ့သည်။
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက လူစုလူဝေးဖြင့် ပြုလုပ်ရသော ပွဲလမ်း သဘင်များ အပါအဝင် ရုပ်ရှင်ရိုက်ကူးရေး လုပ်ငန်းများနှင့် ရုပ်ရှင် လုပ်ငန်းများကို မလုပ်ဆောင်ရန် တားမြစ်ထားသည်။
ပြန်ကြားရေး ဝန်ကြီးဌာနက ရုပ်ရှင်ဗီဒီယို ရိုက်ကူးရေး လုပ်ငန်းများကို မရိုက်ကူးမီ တပတ် ကြိုတင်ပြရခြင်း အပါအဝင် ကျန်းမာရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်း သတ်မှတ်ချက်များဖြင့် ပြန်လည် ခွင့်ပြုရန်ကို ပြီးခဲ့သည့် ဇူလိုင် လ ၂၇ ရက်က ပြန်လည် စီစဉ်ထားခြင်း ဖြစ်သည်။
အဆိုတော် ယုန်လေး၏ သီချင်း ဗီဒီယိုသည် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ တင်ပြထားခြင်း မရှိသလို ရုပ်ရှင်ဆင်ဆာ အတွက်လည်း တင်ပြထားခြင်း မရှိသည့် သီချင်းဗီဒီယို ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ ပြောကြားချက်အရ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ယုန်လေးရဲ့ Music Video နဲ့ ပတ်သက်ပြီး ရှင်းပြတဲ့ Myanmar Idol အဆိုရှင် ၄ ယောက်
“ယုန်လေးက အစည်းအရုံးဝင် မဟုတ်တဲ့အတွက် တောင်းပန်စရာ မလိုဘူး”
အဆိုတော်ယုန်လေး၏ ရုပ်သံ စုံစမ်းစစ်ဆေးမည်