လာမည့်၂၀၂၀ ရွေးကောက်ပွဲ ကာလ၌ ရခိုင်ပြည်နယ်အတွင်း တပ်မတော် တပ်ရင်း တပ်ဖွဲ့များ အပါအဝင် ရဲတပ်ရင်း တို့ ကို ဆန္ဒမဲပေးရန် စာရင်းပြုစုခဲ့ရာ မဲရုံပေါင်း ၆၈ ရုံ ရှိကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ (ခွဲ)မှ အတွင်း ရေးမှူး ဦးသူရိန်ထွဋ်က ပြောသည်။
ဦးသူရိန်ထွဋ်က “လာမယ့် ရွေးကောက်ပွဲကာလမှာ တပ်မဲရုံ ၆၈ ရုံ ရှိပါတယ်။ အဲဒီမှာ ရဲတပ်ရင်းက ၁၂ ရုံ ရှိတယ်။ တပ်ရင်း တပ်ဖွဲ့ မဲရုံက ၅၆ ရုံ ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် တပ်မဲရုံများကို ပြုစုထားသော်လည်း တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ဆန္ဒမဲ ပေးခွင့်ရှိသူ အရေအတွက်ကိုမူ သီးသန့်ပြုစုထားခြင်း မရှိကြောင်းလည်း ၎င်းက ဆိုသည်။
ပြီးခဲ့သော ရွေးကောက်ပွဲ ကာလက တပ်တွင်း မဲရုံများ ထားရှိကာ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ မဲပေးခဲ့ကြသော်လည်း လာမည့်၂၀၂၀ ရွေးကောက်ပွဲ ကာလအတွင်း တပ်မဲရုံများကို အပြင်ထုတ်မည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာ ထားသည်။
ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ (ခွဲ)ကတော့ ကျေးရွာ (သို့မဟုတ်) ရပ်ကွက်နှင့် နီးစပ်သည့် တပ်ရင်းများကို ယင်းကျေးရွာ(သို့မဟုတ်) ရပ်ကွက်မဲရုံများ၌ ပေါင်းထည့်ကာ မဲပေးခွင့် ပြုသွားမည် ဖြစ်သလို တချို့သော လုံခြုံရေးအရ အဆင်မပြေသော တပ်ရင်း တပ်ဖွဲ့များကို တပ်အပြင်ဘက်နှင့် အနီးစပ်ဆုံးနေရာ၌ မဲရုံ ဆောက်ကာ မဲပေးခွင့်ပြုသွားမည် ဖြစ်ကြောင်း ဆိုထားသည်။
ဦးသူရိန်ထွဋ်က “တချို့ တပ်ရင်း တပ်ဖွဲ့ကျတော့ သီးခြား ရှိနေတယ်။ ရပ်ကွက် သို့မဟုတ် ကျေးရွာကိုသွားဖို့ အဆင်မပြေ ဘူးပေါ့။ မပြေဘူး ဆိုရင် သူက သူ့တပ်ရဲ့ရှေ့၊ တပ်ဧရိယာရဲ့ အပြင်ဘက် အနီးစပ်ဆုံးနေရာ၊ လုံခြုံရေးအတွက် အဆင်ပြေ မယ့်နေရာ အဲဒီမှာ မဲရုံလုပ်ပြီးတော့ မဲပေးဖို့ စီစဉ်ထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့မှ ဦးခိုင်ကောင်းစံ ကတော့ စောင့်ကြည့် လေ့လာသူများနှင့် မဲရုံ တာဝန်ကျ ဝန်ထမ်းများ ဝင်/ထွက်သွားလာမှု လွယ်ကူ စေရန်အတွက် တပ်မဲရုံများကို အပြင် ထုတ်သင့်ကြောင်း ပြော သည်။
၎င်းက “ကော်မရှင်ကတော့ တပ်မဲရုံများကို အပြင်ထုတ်မယ်လို့တော့ ပြောကြားထားတယ်။ သို့သော် လုံခြုံရေးအရ တချို့ နယ်မြေတွေမှာ တပ်မဲရုံတွေကို တပ်ထဲမှာ ထားမယ် ဆိုပြီးတော့ သတင်းတွေ မှာတော့ ကြားရတယ်။ အကောင်းဆုံးက တော့ ကိုယ်စားလှယ်တွေ ဝင်/ထွက် သွားလာမှု လွယ်ကူရန် တပ်အပြင်ဘက်ကို ထုတ်တာ သင့်တော်တာပေါ့ ” ဟု ဧရာဝတီသို့ ပြောဆိုသည်။
ပြီးခဲ့သော ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကာလက စောင့်ကြည့် လေ့လာသူများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်း များ၏ မဲရုံ ကိုယ်စားလှယ်များ တပ်တွင်း မဲရုံများသို့ ဝင်/ထွက် သွားလာရာတွင် အခက်အခဲ တချို့ ရှိခဲ့ကြောင်းလည်း ဦးခိုင်ကောင်းစံက ထောက်ပြသည်။
လာမည့်နိုဝင်ဘာလ ၈ ရက်တွင် ရွေးကောက်ပွဲ ကျင်းပရန် ပြည်ထောင်စု ရွေးကော်ပွဲ ကော်မရှင်က ကြေညာထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြီးခဲ့သော ဇူလိုင်၂၅ ရက်မှနေ ယခုလ သြဂုတ်လ ၇ ရက်အထိ သက်ဆိုင်ရာ ရပ် ကွက်၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတို့တွင် ပထမအကြိမ်အဖြစ် မဲစာရင်းများ ကပ်ထားသည်။
သို့သော်လည်း စစ်ရေး ပဋိပက္ခ ပြင်းထန်နေသော ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များရှိ ကျေးရွာအုပ်စုများတွင် ဒေသခံ ပြည်သူများအနေဖြင့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှု အားနည်းပြီး မဲစာရင်း လာကြည့်သူ နည်းပါးကြောင်းလည်း သိရ သည်။
ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ဝင်ရန် နိုင်ငံရေးပါတီ ၁၃ ပါတီနှင့် တသီးပုဂ္ဂိုလ်အဖြစ် အမျိုးသား လွှတ်တော်၊ ပြည် သူ့ လွှတ်တော်၊ ပြည်နယ် လွှတ်တော်တို့တွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း ၂၃၂ ဦး လျှောက်လွှာ တင် ထားသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း မဲရုံပေါင်း၂၅၉၀ ကျော် ဖွင့်လှစ်ရန် စီစဉ်ထားပြီး ဆန္ဒမဲပေးခွင့် ရှိသူဦးရေ ၁၆၄၀၀၀၀ ကျော် ရှိကြောင်းလည်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ရခိုင်ပြည်နယ်တွင် ကျေးရွာအုပ်စု ၁၅ စု မဲစာရင်း မကပ်နိုင်
၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ တပ်မတော်အတွင်း ဆွေးနွေးမှုများပြုလုပ်
တပ်မတော်သားများ လွတ်လပ်စွာ မဲပေးခွင့်ရှိကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြော
ပွင့်လင်းမြင်သာမှုရှိရန် တပ်မဲရုံများ အပြင်ထုတ်ခြင်းဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဖြေရှင်း