မြန်မာနိုင်ငံတွင် စိတ်ကျန်းမာရေး အထူးကု ဆရာဝန် အလွန်နည်းပါး နေသောကြောင့် စိတ်ကျန်းမာရေး စောင့်ရှောက်မှု အတွက် လိုအပ်လျက်ရှိသော လူ့စွမ်းအားအရင်းအမြစ် များပြားလာရန် ဆောင်ရွက်နေသည်ဟု အားကစားနှင့် ကျန်းမာ ရေးဝန်ကြီးဌာန ဒု ဝန်ကြီး ဒေါက်တာ မြလေးစိန်က ပြောသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါဝေဒနာရှင်များကို ထိရောက်စွာ ကာကွယ် စောင့်ရှောက် ကုသမှု ပေးနိုင်ရန် အမျိုးသားအဆင့် စိတ်ကျန်းမာရေး မူဝါဒကို မည်သို့ ဆောင်ရွက်နေကြောင်း သြဂုတ်လ ၆ ရက်က အမျိုးသား လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ်တဦး၏ မေးမြန်းမှုကို ဖြေကြားရာတွင် ထိုသု့ိထည့်သွင်း ဖြေကြားခဲ့ခြင်းလည်း ဖြစ်သည်။
ဒေါက်တာ မြလေးစိန်က “လူ့စွမ်းအား အရင်းအမြစ်များ အနေဖြင့် စိတ်ကျန်းမာရေး အထူးကု ဆရာဝန်အင်အား (ဝန်ထမ်း နှင့် ပုဂ္ဂလိက) အနေဖြင့် ယခု လက်ရှိ အခြေအနေမှာ လူဦးရေ ၄ သိန်းမှာ စိတ်ကျန်းမာရေး အထူးကုဆရာဝန် ၁ ဦး နှုန်း သာ ရှိသည့်အတွက် အလွန် နည်းပါးနေပါတယ်” ဟု လွှတ်တော် အစည်းအဝေးတွင် ပြောသည်။
၂၀၁၉ ခုနှစ် စာရင်းဇယားများ အရ မြန်မာနိုင်ငံ၏ စိတ်ကျန်းမာရေး လုပ်အားစုမှာ လူဦးရေ ၁ သိန်းလျှင် စိတ်ကျန်းမာရေး ဆရာဝန် ၀ ဒသမ၂၇ ဦး၊ ကလေးသူငယ် စိတ်ကျန်းမာရေး အထူးကု ဆရာဝန် ၀ ဒသမ ၀၂ ဦး၊ စိတ်ကျန်းမာရေး သူနာပြု ၀ ဒသမ ၃၇ ဦး၊ ကုခန်း စိတ်ပညာရှင် ၀ ဦး၊ ဆေး လူမှုဆက်ဆံရေး (စိတ်ကျန်းမာ)ဝန်ထမ်း ၀ ဒသမ ၀၁ ဦးသာ ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သိရသည်။
ထို့ကြောင့် ဝန်ကြီးဌာနက ဆေးတက္ကသိုလ် အသီးသီးမှ နှစ်စဉ် စိတ်ကျန်းမာရေး အထူးကု ဆရာဝန်၂၀ မှ ၃၀ ဦးခန့် မွေး ထုတ်ပေးနေသည်ဟု ဆိုသည်။
ထိရောက်သည့် စိတ်ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ရန်အတွက်လည်း ဆေးပညာဘွဲ့ သင်ရိုးညွှန်းတမ်းကို ပြင်ဆင် ရေးဆွဲ၍ Integrated Curriculum အဖြစ် အဆင့်မြှင့်တင်နေပြီး စိတ်ကျန်းမာရေး ဘာသာရပ် ယခုထက်ပိုမို အချိန်ယူ သင် ကြားမည် ဖြစ်ကာ၊ Behavior and Social Science ဘာသာရပ်ကိုလည်း သင်ကြားပေးတော့မည် ဖြစ်ကြောင်း အားကစား နှင့် ကျန်းမာရေး ဝန်ကြီးဌာနက သိရသည်။
ဒေါက်တာ မြလေးစိန်က “ဒါကြောင့် နောင်မျိုးဆက်သစ် ဆေးပညာဘွဲ့ရများမှာ ပိုမိုထိရောက်တဲ့ အခြေခံ စိတ်ကျန်းမာရေး စောင့်ရှောက်မှုများကို ပိုမိုပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
သူနာပြုတက္ကသိုလ်တွင်လည်း ဘွဲ့လွန် စိတ်ကျန်းမာရေး သူနာပြု ဒီပလိုမာဘွဲ့ကို ပေးအပ်လျက်ရှိပြီး ပိုမိုမွေးထုတ်ရန် ဆောင်ရွက်နေသလို ဆက်စပ် ပညာရှင်များ(Allied Professional)ဖြစ်သည့် ကုခန်းစိတ်ပညာရှင်များ (Occupational Therapist) ကိုလည်း ဆက်စပ် ဝန်ကြီးဌာနများ ဖြစ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ မွေးထုတ်နိုင်ရန် စီစဉ်နေကြောင်း ဒု ဝန်ကြီးက ဆိုသည်။
ယခုအခါ နိုင်ငံရေး စီးပွားရေး ကျန်းမာရေး ပညာရေးစရှိသည့် လူမှုနယ်ပယ်များတွင် စိတ်ဖိစီးမှုများ ပိုများလာသည့် အတွက် စိတ်ကျန်းမာရေး စောင့်ရှောက်မှုပေးရန် အထူး လိုအပ်လာကြောင်း၊ လက်ရှိတွင် ဆရာဝန်နှင့် လူနာ မမျှသည့် အခြေအနေများကို ဖြေရှင်းရန် အမျိုးသားအဆင့် စိတ်ကျန်းမာရေး မူဝါဒ (National Mental Health Policy) ချမှတ်ပြီး ထို အတိုင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း မေးခွန်းမေးခဲ့သည့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဇော်လင်းထွဋ်က ပြောသည်။
၎င်းက “နောက်ဆို စိတ်ပိုင်းဆိုင်ရာ ရောဂါတွေက ပိုးဆိုလာတော့မယ်။ ခွဲစိပ်ပညာတို့ သားဖွား မီးယပ် ပညာတို့ လိုအပ် သလို စိတ်ရောဂါပညာရှင်တွေလည်း အခု လိုလာပြီ” ဟု ဆိုသည်။
ထို့ပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာများမှာ အခြေခံပညာ ကျောင်းသား အရွယ်များအထိ ဖြစ်ပွားလာသည်ကို တွေ့မြင်ရကြောင့် ကလေးသူငယ် စိတ်ကျန်းမာရေး အထူးကု ဆရာဝန်များ၊ စိတ်ကျန်းမာရေး လူနာများကို အထူးပြု စောင့်ရှောက်မှု ပေးနိုင်မည့် စိတ်ကျန်းမာရေး သူနာပြများကိုလည်း များစွာ မွေးထုတ်ပေးသင့်သည် ဟု ၎င်းက အကြံပြု သည်။
သက်ဆိုင်ရာ ဆေးတက္ကသိုလ်များမှ စိတ်ရောဂါကု ဆရာဝန်များ မွေးထုတ်ပေးမှုမှာ လွန်ခဲ့သော ဆယ်နှစ်မတိုင်ခင်က ၁ နှစ် လျှင် ၁၀ ဦး ထက်မပိုသောနှုန်းသာ ရှိခဲ့သော်လည်း ယခု နောက်ပိုင်းနှစ်များတွင် ဆေးတက္ကသိုလ် ၁၊ ဆေးတက္ကသိုလ် ၂၊ ဆေးတက္ကသိုလ် (မန္တလေး) တို့မှ တနှစ်လျှင် ၃၀ ဦးခန့် မွေးထုတ်ပေးလာနိုင်သောကြောင့် တိုးတက်လာကြောင်း ရန်ကုန် ဆေးတက္ကသိုလ် ၁ စိတ်ပညာဌာန ပါမောက္ခဌာနမှူး ဒေါက်တာ တင်ဦးက ပြောသည်။
၎င်းက “အခုကတော့ များလာပါပြီ၊ များလာပေမယ့် မလုံလောက်သေးဘူး။ တခြားနိုင်ငံနဲ့ နှိုင်းစာလိုက်ရင် အချိုးအစားက နည်းနေသေးတယ်လို့ ပြောလို့ရတယ်” ဟု ပြောဆိုသည်။
ထို့ကြောင့် စိတ်ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်မည့် အခြား နည်းဗျူဟာများကိုလည်း ပြောင်းလဲဆောင်ရွက်ခဲ့ပြီး ဆရာဝန်များ၊ ကျန်းမာရေးမှူးများ၊ အခြေခံ ကျန်းမာရေး ဝန်ထမ်းများကို အခြေခံ စိတ်ကျန်းမာရေး စောင့်ရှောက်မှု သင်တန်းပေးခြင်းများကိုလည်းဆောင်ရွက်နေကြောင်း ဒေါက်တာ တင်ဦးက ပြောသည်။
နောက်နည်းဗျူဟာတခုမှာ ဆေးတက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းတွင် စိတ်ကျန်းမာရေး ဘာသာရပ်ကို ယခင်ကထက် အချိန်များစွာ သင်ကြားပေးမည့် နည်းစနစ် အသစ်ဖြင့် သင်ရိုးညွှန်းတမ်း အဆင့်မြှင့်တင် ရေးဆွဲမှုတခုကို ယခုပြုလုပ်နေ သည်ဟု ဆိုသည်။
ထို့ကြောင့် ယခု စတက်သည့် ဆေးကျောင်းသားများမှာ နောက်လာမည့် ၆ နှစ်၊ ၇ နှစ် အကြာတွင် ကျောင်းဆင်းပြီး ဆရာ ဝန် ဖြစ်လာပါက စိတ်ကျန်းမာ ပညာဘာသာရပ်ကို ကောင်းစွာ နားလည်သူများ ဖြစ်လာမည်ဟု ဒေါက်တာ တင်ဦးက ပြော သည်။
“အဲဒါဆိုရင် ဒီထက်ပိုပြီးတော့ စိတ်ကျန်းမာရေး စောင့်ရှောက်မှုက ပိုပြီးတော့ လွှမ်းခြုံမှု များလာမှာပေါ့။ စိတ်ကျန်းမာရေး ဆရာဝန်ကပဲ အဲဒါကို ကုရမယ်ဆိုရင်တော့ လွှမ်းခြုံမှု ရာနှုန်းပြည့်ရနိုင်မှာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
ယခင်က မြန်မာနိုင်ငံတွင် မရှိသေးသည့် ကလေးသူငယ် စိတ်ကျန်းမာရေး ဆရာဝန်များကိုလည်း ၂၀၁၉ ခုနှစ်တွင် နိုင်ငံ တကာနှင့် ပူးပေါင်း၍ သင်တန်းပေးကာ ၁၀ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး လက်ရှိ ဆေးတက္ကသိုလ် (၁)တွင်လည်း ၅ ဦး ထပ်မံ တက်ရောက်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော စိတ်ရောဂါများမှာ စိုးရိမ်လွန်ရောဂါ (Anxiety Neurosis)၊ စိက်ကျရောဂါ (Depression)၊ စိတ်ဖောက်ပြန်ရောဂါ (Psychosis)၊ အရက်စွဲရောဂါနှင့် အရက်ကြောင့် ဖြစ်သော စိတ်ရောဂါများ (Alcoholic Psychosis)၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးစွဲခြင်းနှင့် ယင်းဆေးကြောင့် ဖြစ်သော စိတ်ရောဂါများ (Drug Dependent Psychosis)နှင့် အတက်ရောဂါ (Epilepsy) တို့ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လူ ၁၀၀၀ လျှင် ၇၇ ဦးမှာ စိတ်ရောဂါ တမျိုးမျိုးကို ခံစားနေရပြီး အစိုးရိမ်လွန် ရောဂါမှာ လူ ၁၀၀၀ လျှင် ၃၈ ဦးနှုန်း၊ စိတ်ကျရောဂါမှာ လူ ၁၀၀၀လျှင် ၅ ဦး၊ အရက် အလွန်အကျွံသောက်သုံးမှုကြောင့် ဖြစ်သော အရက်စွဲရောဂါ နှင့် အရက်ကြောင့်ဖြစ်သော စိတ်ရောဂါများမှာ လူ ၁၀၀၀ လျှင် ၂၃ ဦးနှုန်း၊ အတက်ရောဂါမှာ လူ၁၀၀၀လျှင် ၂ ဦး ခန့်ရှိ ကြောင်း ဒေါက်တာ ဇော်မင်းထွဋ်က လွှတ်တော် အစည်းအဝေးတွင် တင်ပြသွားသည်။
၂၀၁၇ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် လူထု အခြေပြု စစ်တမ်းကောက်ယူခဲ့ရာ စိတ်ဖောက် ပြန်ရောဂါများမှာ လူဦးရေ ၁၀၀၀ တွင် ၈ ဒသမ ၆ ဦးနှုန်း၊ စိတ်ကျရောဂါမှာ လူဦးရေ ၁၀၀၀တွင် ၈ ဒသမ ၉ ဦးနှုန်း၊ အတက်ရောဂါမှာ လူဦးရေ ၁၀၀၀တွင် ၈ ဒသမ ၁ ဦးနှုန်း ရှိသည်ကို တွေ့ရှိရကြောင်း ဒု ဝန်ကြီး ဒေါက်တာ မြလေး စိန်က ဆိုသည်။
မြန်မာနိုင်ငံတွင် အမျိုးသား ကျန်းမာရေး မူဝါဒကို ၁၉၉၃ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး ထိုမူဝါဒထဲတွင် စိတ်ကျန်းမာရေး မူဝါဒ မှာလည်း တစိတ်တဒေသ အနေဖြင့်သာ ပါဝင်ခဲ့ပြီး သီးခြား စိတ်ကျန်းမာရေး မူဝါဒ မရှိခဲ့ပေ။
၁၉၉၅ နှင့် ၂၀၀၆ ခုနှစ်တို့တွင် National Mental Health Policy မူကြမ်းများကို ရေးဆွဲနိုင်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် WHO-AIMS Report on Mental Health System in Myanmar ကို ထုတ်ဝေပြီးနောက် ယခု အစိုးရ လက်ထက် ၂၀၁၇ ခုနှစ် တွင် အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာနက Mental Health Policy ပြန်လည် ပြင်ဆင် ရေးဆွဲခဲ့ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ဇွန်လ ၅ ရက်မှ ၆ ရက်အထိ နေပြည်တော်တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ဦးဆောင်၍ အမျိုး သားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးမှ အဆင့်မြင့် အရာရှိများ၊ ပြည် တွင်း/ ပြည်ပ စိတ်ကျန်းမာရေးနှင့် ဆက်စပ်သည့် NGO၊ INGO အဖွဲ့အစည်း အသီးသီးတို့မှ တာဝန်ရှိသူများ ပါဝင် ဆွေး နွေး၍ စိတ်ကျန်းမာရေး မူဝါဒနှင့် စိတ်ကျန်းမာရေး မဟာဗျူဟာ စီမံချက် ၂၀၂၁-၂၀၂၅ မူကြမ်းကိုလည်း အတည်ပြုခဲ့ ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းမှ ကာကွယ်ရေး လုပ်နေတယ်
လူငယ်တွေအကြား အဆုံးစီရင်မှုနှုန်းဟာ အတိုင်းအတာတခုထိ မြင့်တက်နေတယ်
အပြုသဘောဆောင်တဲ့ စိတ်နဲ့ အတူတူကျော်ဖြတ်ရအောင်