လာမည့် နိုဝင်ဘာတွင် ကျင်းပပြုလုပ်မည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းရှိ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်မှ ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၃ ဦးတွင် အမျိုးသမီးတဦး ပါဝင် ကြောင်း အဆိုပါအသင်းချုပ်ရုံးမှ သတင်းရရှိသည်။
မသန်စွမ်းသူ ၄ မျိုးရှိသည့်အနက် ကိုယ်အင်္ဂါမသန်စွမ်း ကိုယ်စားလှယ်လောင်း ၃ ဦးမှာ တွံ့တေးမြို့နယ်မှ ဦးသန့်ထူး၊ မြောက်ဥက္ကလာပမြို့နယ်မှ ဒေါ်ချောစုလှိုင်နှင့် ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်မှ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသူရအောင်တို့ ဖြစ်သည်။
မသန်စွမ်းကိုယ်စားလှယ်လောင်း ဒေါ်ချောစုလှိုင်က “မြန်မာပြည်မှာ ၄.၆ ရာခိုင်နှုန်းရှိတဲ့ မသန်စွမ်းတွေက အ များအားဖြင့် အိမ်ထဲမှာပဲ နေနေရတယ်။ အလွယ်တကူ လက်လှမ်းမီသုံးစွဲပိုင်ခွင့်က ဘာမှ မရှိဘူးလေ။ အဲဒီ အ ချက်လေးပေါ်မှာ မူတည်ပြီး မသန်စွမ်းတွေအနေနဲ့ လွှတ်တော်ထဲမှာ ဝင်ရောက်ယှဉ်ပြိုင်တယ်လို့ပြောတာထက် ပူးပေါင်းလုပ်ဆောင်ချင်တယ်။ အခု ပါတီကြီးတွေလို ကျမတို့ ယှဉ်ပြိုင်တာမဟုတ်ဘူး။ ကျမတို့က နိုင်ငံရဲ့ ခွန်အားအဖြစ်နဲ့ ဝင်ရောက်ပြီး ပူးပေါင်းလုပ်ဆောင်ချင်တာပါ” ဟု ပြောသည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၏ ပါတီတဦးဖြစ်သည့် ဒေါ်ချောစုလှိုင်သည် မြောက်ဥက္က လာပမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၎င်းနှင့် ယှဉ်ပြိုင်မည့် ပါတီများမှာ လက်ရှိအစိုးရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် ပါတီပေါင်း ၉၀ ကျော် ရှိသည်ဟု သိရသည်။
တွံ့တေးမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မသန်စွမ်းကိုယ်စားလှယ်လောင်း ဦးသန်းထူးကလည်း “မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ဥပဒေတွေ၊ နည်းဥပဒေတွေရှိပေမယ့် အဲဒီဥပဒေ တွေကို အကောင်အထည်ဖော်မှုရှိပေမယ့် အားနည်းတယ်။ အဲဒီအခါကျတော့ မသန်စွမ်းသူတယောက်အနေနဲ့ ဒါတွေကို ကိုယ်တိုင်ပါဝင်ဆောင်ရွက်ချင်တဲ့အတွက် ကိုယ်စားလှယ်လောင်း အဖြစ်နဲ့ ဝင်ရောက်အရွေးခံ ခဲ့တာပါ”ဟု ပြောသည်။
ဦးသန်းထူးက ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ တည်ထောင်သူများတွင် တဦးအပါအဝင် ဖြစ်ပြီး တွံ့တေးမြို့နယ်ရှိ မသန်စွမ်းသူများအရေးကိစ္စများ လိုက်လံဆောင်ရွက်ပေးနေသူလည်း ဖြစ်သည်။
မသန်စွမ်းများအနေဖြင့် ဥပဒေအရ လူတိုင်းလက်လှမ်းမီ သုံးစွဲပိုင်ခွင့်ပေးထားသော်လည်း မသန်စွမ်းသူများ ကျောင်းသွားရာတွင် လမ်းပိုင်းအဆင်မပြေမှု၊ ကျောင်းပြီးသည်အထိ တက်ရောက်နိုင်သည့် လိုအပ်သည့် ပြင် ဆင်မှုများ မရှိခြင်းကြောင့် ကျောင်းပြီးအောင်မတက်ကြသည့် မသန်စွမ်းများရှိနေကြောင်း မသန်စွမ်းသူများက ထောက်ပြကြသည်။
ထိုပြင် အလုပ်အကိုင်ရရှိမှုတွင်လည်း မသန်စွမ်းများ၏ ကိုယ်ခန္ဓာအားနည်းချက်ပေါ်မှာမူတည်ပြီး အလုပ်ခန့် အပ်ခြင်း မပြုကြတာကြောင့် မသန်စွမ်းအလုပ်လက်မဲ့များ များစွာရှိနေသည်ဟု သိရသည်။
ထိုသို့သော မသန်စွမ်းသူများ၏ အခက်အခဲများ၊ ရပိုင်ခွင့်များအတွက် လုပ်ဆောင်ပေးနိုင်ရန်အတွက် မသန်စွမ်း သူများအနေဖြင့် ယခုကဲ့သို့ လွှတ်တော်အတွင်းဝင်ရောက်ရန် ကြိုးစားကြခြင်းဖြစ်သည်ဟု မသန်စွမ်း လွှတ်တော် ကိုယ်စားလှယ်လောင်းများက ဆိုကြသည်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသူရအောင်ကတော့ လွှတ်တော်သက်တမ်း ၄ နှစ်ကျော်ကာလ အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ရာတွင် ကျေနပ်အားရမှု မရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ ထပ်မံဝင်ရောက် ယှဉ်ပြိုင်ရခြင်း ဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်မှ အတွင်းရေးမှူး ဦးမြတ်သူဝင်းက “သူတို့ဝင်ပြိုင်ရဲတဲ့ သတ္တိအပေါ်မှာ ကျနော်ဂုဏ်ယူပါတယ်။ သူတို့ ၃ ဦးလုံးက ထက်မြက်တဲ့လူငယ်တွေ ဖြစ်တယ်။ တကယ်လို့ သူတို့ လွှတ်တော် ထဲ ရောက်သွားမယ်ဆိုရင် မသန်စွမ်းအခွင့်အရေးကို ကျယ်ကျယ် လောင်လောင်နဲ့ ထိထိရောက်ရောက် သူတို့ ပြောပြနိုင်မယ်လို့ ထင်ပါတယ်”ဟု ပြောသည်။
အများ၏ အမြင်တွင် မသန်စွမ်းများကို ကိုယ်အင်္ဂါမသန်စွမ်းသူဆိုပါက စက်ချုပ်၊ ဆံပင်ညှပ်အလုပ်၊ မျက်မမြင် ဆိုပါက အနှိပ်သာတတ်ဆိုသည့်အမြင်များကို ချေဖျက်လိုခြင်းကြောင့် ရွေးကောက်ပွဲကို ဝင်ယှဉ်ပြိုင်ကြခြင်း ဖြစ်ကြောင်း ကိုယ်စားလှယ်လောင်းများက ထောက်ပြကြသည်။
ဒေါ်ချောစုလှိုင်က “လွှတ်တော်မှာ ထိထိရောက်ရောက်ဖြစ်အောင် လုပ်ဆောင်မှာပါ။ ကျမက ဒီနေရာကိုရောက်ဖို့ အတွက်ကို နိုင်ငံရေး နယ်ပယ်ထဲကို မဝင်တာပဲရှိတာ။ မြန်မာနိုင်ငံရဲ့ကောင်းရာကောင်းကျိုးကို အမြဲတမ်း ပူး ပေါင်းပြီး လုပ်ဆောင်နေတဲ့သူတွေဖြစ်တယ်။ မသန်စွမ်းအရေးကိစ္စကို လက်ရှိအစိုးရနဲ့ ပူးပေါင်းလုပ်ဆောင် နေတာပါ”ဟု ဆိုသည်။
Wheel chair အသုံးပြုနေရသူ ဒေါ်ချောစုလှိုင်သည် BA (ဝိဇ္ဇာ) ဘွဲ့ရရှိထားပြီး လက်ရှိတွင် ဂျပန်နှင့် အင်္ဂလိပ်စာ လေ့လာသင်ယူနေသလို ရန်ကုန်တိုင်း၊ မသန်စွမ်းသူများအသင်းတွင်လည်း အတွင်းရေးမှူးတာဝန်ယူထားသူ ဖြစ်သည်။
သို့ပေမဲ့ မသန်စွမ်းတဦးအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ ကိုယ်စားလှယ် လောင်းလျှောက် လွှာသွားတင်ရာတွင် ရုံးပိတ်ရက်ဖြစ်တာကြောင့် ဓါတ်လှေကား သုံးစွဲခွင့်မပေးခဲ့သည့် အတွက် ဒုတိယထပ်သို့ တက်ပြီး လျှောက်လွှာတင်ရာတွင် များစွာအခက်အခဲရှိခဲ့သည်ဟု သိရသည်။
ထို့ပြင် မသန်စွမ်းသူများ မဲစာရင်းစစ်ရာတွင်လည်း မဲစာရင်းဘုတ်ပြားများက မြင့်လွန်းနေခြင်း၊ နိမ့်လွန်းနေခြင်း တို့ကြောင့် အဆင်ပြေမှုမရှိခဲ့ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲတွင် အွန်လိုင်းက မဲစာရင်းစစ်နိုင်ခဲ့သည့်အတွက် အဆင်ပြေခဲ့သည်ဟု သိရသည်။
မသန်စွမ်းသူတချို့က မဲစာရင်းစစ်ဆေးချင်သော်လည်း မိသားစုဝင် ပတ်ဝန်းကျင်က ရွေးကောက်ပွဲ အပေါ် စိတ် ဝင်စားမှုနည်းခြင်းနှင့် မသန်စွမ်းသူများ မဲပေးလည်း မထူးဆိုသည့် အယူအဆများကြောင့် မသန်စွမ်းသူများ အတွက် မဲစာရင်းစစ်နိုင်ဖို့က စိန်ခေါ်မှုတခု ဖြစ်နေကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ တည်ထောင်သူ ဦးနေလင်းစိုးက ထောက်ပြသည်။
၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာတနိုင်ငံလုံးတွင် မသန်စွမ်းလူဦးရေ ၂.၃ သန်းကျော် ရှိသည့်အနက် မဲပေးနိုင်သည့် မသန်စွမ်းလူဦးရေ ၁ သန်းခွဲကျော်ရှိနေကြောင်း မသန်စွမ်းရှေ့ဆောင်အဖွဲ့မှ သိရသည်။
You may also like these stories:
ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသမီးများဝင်ရောက်ယှဉ်ပြိုင်မှု လျော့နည်း
NLD ပါတီ၏ ကိုယ်စားလှယ်လောင်း ဖြစ်ခွင့်ရရှိရေး ပြိုင်ဆိုင်မှု ပြင်းထန်