၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအား No Vote (မဲမပေးရေး) လှုပ်ရှား မှုဖြင့် သပိတ်မှောက်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ယနေ့ဩဂုတ် ၈ ရက်နေ့တွင် ရတနာပုံတက္ကသိုလ်၊ ကျောင်းသားသမဂ္ဂရုံးတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောဆိုလိုက်သည်။
သပိတ်မှောက်မှုမှာ ၂၀၀၈ အခြေခံဥပဒေအောက်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲများသည် ပြည်သူလူထုအတွက် ထူးခြားသည့်အပြောင်းအလဲများ ဖြစ်မလာနိုင်သည့်အချက်အား မီးမောင်းထိုးပြခြင်းသာဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဗဟိုဦးဆောင်အဖွဲ့ အထွေထွေအတွင်းရေးမှူး ကိုထူးခန့် သော်က ပြောသည်။
ကိုထူးခန့်သော်က “နောင်လာမယ့် ၅ နှစ်အတွင်းမှာ ကိုယ့်လက်သန်းကိုယ်ကြည့်ပြီးတော့ နောင်တရနေစရာ အကြောင်းမရှိဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ကျင်းပသမျှ ရွေးကောက်ပွဲမှန်သမျှဟာ စစ်အုပ်စုအကျိုးစီးပွားကို ကာကွယ်ဖို့အတွက် အစိုးရတွေတင်ပေးဖို့ပဲဖြစ်တယ်။ ပြည်သူလူထုအတွက် ထူးခြားတဲ့အပြောင်းအလဲတွေ ဖြစ်ပေါ်လာစေမှာမဟုတ်ဘူး။ အဲ့ဒီအတွက် သပိတ်မှောက်တာဖြစ်တယ်” ဟု ပြောသည်။
လှုပ်ရှားမှုအတွင်း ပြည်သူအများစုပါဝင်လာပါက ရွေးကောက်ပွဲပျက်ကာ အခြေခံဥပဒေအကြပ်အတည်း ပေါ်ပေါက်လာမည်ဖြစ်ပြီး ယင်အကြပ်အတည်းကတဆင့် ဖျက်သိမ်းရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်းလည်း ၎င်းကပြောသည်။
၁၉၄၇ ခုနှစ် အခြေခံဥပဒေ အကြပ်အတည်းပေါ်ချိန်တွင် ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုဖြစ်ခဲ့ကြောင်း၊ ၁၉၇၄ ခုနှစ် မှာ ထပ်ဆွဲသည့် အခြေခံဥပဒေအကြပ်အတည်းပေါ်ချိန်တွင် ၁၉၈၈ ခုနှစ် အရေးတော်ပုံဖြစ်ခဲ့ပြီး ဆက်လက်ဆွဲ ကိုင်ထားသည့် နဝတ/နအဖ အစိုးရ အကြပ်အတည်းပေါ်ချိန်တွင် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးပေါ် ပေါက်လာခဲ့ကြောင်း၊ အခြေခံဥပဒေတွင် အကြပ်အတည်းပေါ်ပေါက်ပါက မဖြစ်မနေလူထုအရေးတော်ပုံ ဖြစ်ပေါ် လာမည်ဖြစ်ပြီး ဖြစ်ပေါ်တိုးပွားလာမည်ဟုလည်း ထင်မြင်မိကြောင်းလည်း ၎င်းတို့က ပြောသည်။
ကိုထူးခန့်သော်က “စစ်အစိုးရ အာဏာသိမ်းဖို့ဆိုတာက ကြေညာချက်လေးတစောင်ထုတ်ပြီး ဖုန်းဒိုင်းဆို လုပ် သွားလို့ရမှာမဟုတ်ဘူး။ ရွေးကောက်ပွဲပျက်လည်း အခြေခံဥပဒေအရ သူတို့လုပ်စရာလုပ်ငန်းစဉ်တချို့ကျန် သေးတယ်၊ အဲ့ဒီလုပ်ငန်းစဉ်တွေလုပ်နေတုန်းမှာ ကျနော်တို့အနေနဲ့ တတ်နိုင်သမျှ ပြည်သူလူထုကို မြန်မြန်စည်း ရုံးသွားနိုင်မယ်ဆိုရင်တော့ အစဉ်ပြေမယ်လို့ထင်တယ်” ဟု ရှင်းပြသည်။
၎င်းကဆက်၍ “အာဏာသိမ်းမယ်ဆိုရင်လည်း ရှင်းပါတယ်၊ ဗကသ အနေနဲ့ကတော့ ပိုကြိုက်တယ်။ အခုကလည်း သူတို့က အာဏာသိမ်းစရာမလိုဘူး၊ သမ္မတပေးတဲ့အာဏာကို ဒူးနန့်ယူယုံပဲ။ ခုလောလောဆယ်မှာကို ဦးသိန်းစိန်အစိုးရလည်းမဟုတ်ဘူး၊ NLD အစိုးရလည်းမဟုတ်ဘူး၊ စစ်အစိုးရ။ စစ်အစိုးရက အာဏာထပ်သိမ်းရင် ဘုံရန်သူ ပြတ်ပြတ်သားသားမြင်ရတာပေါ့ဗျာ” ဟု ပြောသည်။
ဗကသများအဖွဲ့ချုပ်၏ သတ္တမအကြိမ်မြောက် ညီလာခံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေးမူကို တက်ရောက်လာတဲ့သူများက ဆုံးဖြတ်ခဲ့ကြကြောင်းလည်း ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုသက်မောင်မောင်က ပြောခဲ့သည်။
No Vote လှုပ်ရှားမှုအား ကြေညာချက်ထုတ်ပြန်သည့် ယနေ့အချိန်မှ စတင်ပြီဖြစ်ကြောင်းနှင့် လှုပ်ရှားမှုကြောင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် ငြိစွန်မှုများ ရှိလာမည်ဆိုပါကလည်း ဂရုစိုက်စရာမရှိကြောင်း ၎င်းတို့က ကိုထူးခန့်သော်က ထပ်မံပြောကြားခဲ့သည်။
မဲမပေးဘဲ စနစ်ကို မကြိုက်ကြောင်းပြောခြင်းက တာဝန်မဲ့ခြင်းဖြစ်ပြီး ၅ နှစ်တွင်မှ တရက်သာ ပေးခွင့်ရသော တာဝန်ကို ကျေပွန်သင့်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က သြဂုတ်လ ၅ ရက်နေ့ မနက်ပိုင်းက ပြုလုပ်သည့် ကိုဗစ်ကာလ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။
ထို့အတူ ၈၈ အရေးတော်ပုံတွင် ဦးဆောင် တိုက်ပွဲဝင်ခဲ့ကြသော ကျောင်းသားခေါင်းများကလည်း အာဏာရှင် စနစ်အောက်မှ လွတ်မြောက်ရန်ကျိုးပမ်းမှုသည် ဒီမိုကရေစီရရှိရေး ဖြစ်သဖြင့် ယခုကဲ့သို့ မဲပေးရွေးချယ်ခွင့် ရရှိသည့် အခွင့် အရေးကို မဲပေးခြင်းဖြင့် ကိုယ်ကြိုက်သည့် ပါတီကို ရွေးချယ်ကြရန် မီဒီယာများမှတဆင့် တိုက်တွန်းထားသည်။
You may also like these stories:
လုံခြုံရေးအခြေအနေကြောင့် ပလက်ဝရှိ ရွာ ၇၀ ကျော် မဲစာရင်းမကပ်နိုင်
မဲစာရင်းအမှား နည်းရန် ကြိုးပမ်းမည်ဟု ရွေးကောက်ပွဲကော်မရှင်ပြော